၂၁ ရာစု Pop ဂီတရဲ့ ငွေကြယ်ပွင့်
၂၁ ရာစု Pop ဂီတရဲ့ ငွေကြယ်ပွင့်
Pop ဂီတရဲ့ ငွေကြယ်ပွင့်လို့ ဆိုလိုက်တာနဲ့ အဒဲ(Adele) မှဟုတ်ပါ့မလားလို့ တွေးမိပါလိမ့်မယ်။ ဟုတ်ပါတယ် . . Adele ပါပဲ။ သူမရဲ့ နာမည်အပြည့်အစုံက Adele Laurie Blue Adkins ဖြစ်ပါတယ်။ သူမကို ၁၉၈၈ ခုနှစ်၊ မေလ (၅)ရက်နေ့မှာ မြောက်လန်ဒန်မြို့တစ်မြို့ဖြစ်တဲ့ တော်တန်ဟန် (Tottenham) မှာ မွေးဖွားခဲ့ပါတယ်။ အမေဖြစ်သူကတော့ Penny Adkins ဖြစ်ပြီး ဖခင်ဖြစ်သူနဲ့ လမ်းခွဲပြီးနောက်မှ သူမကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ အံ့သြဖွယ်ရာပါပဲ. . Adele ဟာ အသက်လေးနှစ်အရွယ်ကတည်းက သီချင်းစဆိုပြီး Spice Girls အဖွဲ့ဆိုခဲ့တဲ့ သီချင်းတွေကို ကောင်းမွန်စွာပြန်ဆိုတတ်နေခဲ့ပါတယ်။ ဒါတွေကပဲ သူမရဲ့ ကလေးဘဝကို လွှမ်းမိုးခဲ့တယ်လို့ ဆိုရမှာပါ။
ဂီတနဲ့ပတ်သက်လို့ မျိုးရိုးမရှိခဲ့ကြောင်းကို ပြောရင်းနဲ့ Adele ကဒီလိုပြောခဲ့ပါတယ်။ “ The Spice Girls နဲ့ Gabrielle တို့ရဲ့ သီချင်းတွေက ကျွန်မကို လွှမ်းမိုးနိုင်ခဲ့ပါတယ်” ။ Adele ဟာ သူမရဲ့ အခန်းလေးထဲမှာပဲ ရှိုးပွဲအသေးလေးလုပ်ပါတယ်။ ဖျော်ဖြေသူကတော့ သူမပေါ့။ ပရိသတ်ကတော့ သူမရဲ့ အမေနဲ့ သူငယ်ချင်းတွေပါပဲ။ အနုပညာအမြင်ရှိတဲ့ သူမရဲ့ အမေက သူမကို Gabrielle နဲ့တူအောင်လို့ eye patch လေးတွေ လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အထက်တန်းကျောင်းကိုတော့ West Norwood မှာ တက်ရောက်ခဲ့ပြီး ကျောင်းနေစဉ်တစ်လျှောက်မှာတော့ Mary J Blige တို့လို့ R&B အဆိုတော်တွေရဲ့ သီချင်းတွေကိုပဲ နားထောင် နေခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက တေးဂီတအလုပ်တွေ လုပ်ချင် နေခဲ့သူပါ။ ဒါပေမယ့် ထင်သလောက်မလွယ်ပဲ ခက်ခဲခဲ့တယ်လို့ သူမကပြောပါတယ်။ အဲဒီနောက် Croydon မှာရှိတဲ့ BRIT လို့ ခေါ် တဲ့ အနုပညာနှင့် နည်းပညာကျောင်းကို ဆက်လက်တက်ရောက်ခွင့် ရခဲ့ပါတယ်။ “ဂီတကျောင်းတုန်းက စတိတ်ပေါ်မှာ တစ်ယောက်ယောက် သီချင်းဆို နေတာကို ကျွန်မကြားရင်လေ. . ဘယ်လိုကြီးဆိုနေပါလိမ့်လို့ တွေးမိတယ်။ နောက်ပြီးတော့ ကျွန်မအသံလည်း ဒီလိုကြီးပဲဖြစ်မှာလို့ တွေးမိတယ် လေ။ ဒါပေမယ့် ကျွန်မအတွက် အသံစမ်းသပ်ခန်းတွေ၊ တူရိယာပစ္စည်းတွေ အခမဲ့ သုံးစွဲခွင့်ရခဲ့တဲ့အတွက် နေ့တိုင်း တေးဂီတတွေကို နားထောင်နေခဲ့ပါတယ်” လို့ သူမ ဘဝအကြောင်း ကိုပြန်ပြောခဲ့ပါတယ်။
၂၀၀၆ ခုနှစ်၊ မေလမှာ Adele ဘွဲ့ရခဲ့ပါတယ်။ အဲဒီနောက် နာမည်ကျော် ကျောင်းသားဟောင်းတွေဖြစ်တဲ့ Amy Winehouse၊ Kate Nash နဲ့ Feeling တို့နဲ့ ဆက်သွယ်ခဲ့ပါတယ်။ Adele ဟာကျောင်းတက်နေစဉ်အတွင်း သူမသီဆိုထားတဲ့ သီချင်း (၃)ပုဒ်ကို My Space မှာတင်ခဲ့ပါတယ်။ အဲဒီအထဲကမှ သူမရဲ့ ပထမဦးဆုံးသီချင်းဖြစ်တဲ့ “ံHometown Glory” ဟာ လန်ဒန်အခြေစိုက် တေးထုတ်လုပ်ရေးဖြစ်တဲ့ XL ရဲ့ စိတ်ဝင်စားမှု ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ဘွဲ့ရပြီး ခြောက်လအကြာ Adele အသက် (၁၈)နှစ်မှာပဲ XL တေးထုတ်လုပ်ရေးနဲ့ စတင်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
သူမနေထိုင်ခဲ့တဲ့ အနောက် Norwood အကြောင်း သူမကိုယ်တိုင်ရေးစပ်ခဲ့တဲ့ “Hometown Glory” သီချင်းကို ကို ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလမှာ ထုတ်လွှင့်နိုင်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် အရောက်မှာတော့ BBC poll ရဲ့ နှစ်ပတ်လည်ပွဲမှာ တစ်နှစ်တာအတွက် အကျော်ကြားဆုံးအနုပညာဆု ကိုရရှိခဲ့ပါ တယ်။ တစ်ဆက်တည်းမှာပဲ Brit Awards’ Critic Choice ဆုကို လည်း သိမ်းပိုက်နိုင်ခဲ့ပြန်ပါတယ်။
Adele ရဲ့ ပထမဆုံး တေးအယ်လ်ဘမ်ကိုတော့ ၂၀၀၈ခုနှစ်၊ ဖေဖော်ဝါရီလမှာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ အယ်လ်ဘမ် ကိုတော့ (19) လို့ အမည်ပေးထားပြီး သူမအသက်ကို ကိုယ်စားပြုပေးခဲ့တာလည်းဖြစ်ပါတယ်။ အဆိုပါ အယ်လ်ဘမ်မတိုင် ခင် (၂)ပါတ်က ထွက်ရှိခဲ့တဲ့ သူမရဲ့ သီချင်း “Chasing Pavements” ဟာ နံပါတ်(၂) ချိတ်ခဲ့ပြီး ၊ 19 အယ်လ်ဘမ်ကတော့ နံပါတ်(၁) ချိတ်ခဲ့ပါတယ်။ ဒီလိုနဲ့ Mercury ဆုအတွက် ရွေးချယ်ခြင်းကို ခံခဲ့ရပါတယ်။ Jazz ဂီတအတွက် အကောင်းဆုံး Urban music ဆုကိုလည်း ရရှိခဲ့ပါတယ်။ အဲဒီနောက် အမေရိကကို လှည့်လည်ဖျော်ဖြေဖို့ Columbia Records နဲ့စာချုပ်ချုပ်ဆို နိုင်ခဲ့ ပါတယ်။ ဒါပေမယ့် တချို့ခရီးစဉ်တွေကို ဖျက်လိုက်ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ Adele ဟာ သူမရဲ့ ရည်းစားနဲ့အတူ အရက်တွေအလွန်အကျွန်သောက်ပြီး အမူးလွန်နေလို့ပဲ ဖြစ်ပါတယ်။ Sarah Palin နဲ့အတူဖျော်ဖြေခဲ့တဲ့ Staturday Night Live ပွဲမှာ “Chasing Pavements” နဲ့ “Cold Shoulder” သီချင်းနှစ်ပုဒ် ကို သီဆိုခဲ့ပါတယ်။ အဆိုပါ ရှိုးပွဲအပြီးမှာတော့ ပရိတ်သတ်ပေါင်း ၁၇သန်းရဲ့ ကြည့်ရှုမှုနဲ့အတူ Adele ရဲ့ 19 အယ်လ်ဘမ်ဟာ Billboard မှာ နံပါတ် (၁၁) ချိတ်ခဲ့ပါတယ်။
၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလမှာတော့ Notting Hill ကိုပြောင်းရွှေ့နေထိုင်ခဲ့ပြီး အရက်သောက်ခြင်းကိုလည်း အပြီးတိုင် စွန်လွှတ်လိုက်ပါတယ်။ ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီအရောက်မှာတော့ သူမရဲ့ ပထမဆုံး အယ်လ်ဘမ် 19 ဟာ ၂ ဒသမ ၂ သန်းကျော် ရောင်းချခဲ့ရပါတယ်။ အဲဒီနှစ်မှာပဲ ဂရမ်မီ (Grammy) ဆု နှစ်ဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ Best New Artist နဲ့ Best Female Vocal Performance in 2009 တို့ပဲဖြစ်ပါတယ်။ Brit awards သုံးခုအတွက် လည်း ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ ဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်း (Gordon Brown) ကိုယ်တိုင် Adele ဆီကို နိုင်ငံရဲ့ ဘဏ္ဍာရေးအကြပ်အတည်းရှိနေတဲ့ကြားက “လှိုင်ခေါင်းအဆုံးက အလင်းရောင်လေးဖြစ်ပါစေ” လို့ စာရေးပြီး ကျေးဇူးတင်ကြောင်းပို့ခဲ့ပါတယ်။
Adele ရဲ့ ဒုတိယမြောက် အယ်လ်ဘမ်ကတော့ 21 ပါ။ သူမအသက် ၂၁ နှစ်မှာထွက်ရှိခဲ့တာဖြစ်ပြီး အင်္ဂလန်မှာ ၂၀၁၁ ခုနှစ် ၊ ဇန်နဝါရီလ ၁၄ ရက်နေ့၊ အမေရိကန်မှာ တော့ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ဖြန့်ချီခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ပထမရည်းစားနဲ့ ပြတ်သွားပြီးနောက် ခံစားရသမျှကို ရေးဖွဲ့ခဲ့တာလို့ ပြန်ပြောပြခဲ့ပါတယ်။ အဆိုပါ 21 အယ်လ်ဘမ်ဟာ နိုင်ငံပေါင်း ၂၆ ခုကျော်မှာ နံပါတ် (၁) တွေချည်းချိတ်နိုင်ခဲ့ပါတယ်။ အဲဒီအထဲကမှ နားထောင်သူတိုင်း ခံစားရတဲ့ သီချင်းဖြစ်တဲ့ “Someone Like You " ဟာ အားလုံးထဲမှာ ထိပ်ဆုံးကရပ်တည်ခဲ့ပါတယ်။ (တချို့စာစောင် များမှာတော့ Adele ဟာ Some Like You သီချင်းကို ရေးဖွဲ့ သီဆို သူလို့ နာမည်ကြီးပါတယ် လို့ ဖော်ပြထားကြပါတယ်)။
အဲဒီနောက် သူမရဲ့ ပထမဆုံးတေးအယ်လ်ဘမ်လည်း အကောင်းဆုံးစာရင်းမှာ ပြန်လည်ပါဝင်လာခဲ့ပြီး 21 အယ်လ်ဘမ်ထဲ က သီချင်း ၂ ပုဒ်ဖြစ်တဲ့ “Rolling In The Deep” နဲ့ “Someone Like You” တို့ဟာ အကောင်းဆုံး (၅)ပုဒ်ထဲမှာ ပါဝင်နေခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလအရောက်မှာတော့ အဆိုပါ သီချင်း (၂)ပုဒ် လုံးဟာ အရောင်းရဆုံးစံချိန်တွေကို ဖြတ်ကျော်ခဲ့ပြီး ၃ ဒသမ ၄ သန်းကျော် ရောင်းချခဲ့ရပါတယ်။ ၂၁ ရာစုရဲ့ အရောင်းရဆုံး အယ်လ်ဘမ်လို့ သတ်မှတ်ထားခဲ့ကြတဲ့ Amy Winehouse ရဲ့ Back to Black ကို ဖြတ်ကျော်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် အောက်တိုဘာလကတည်းက ကမ္ဘာအနှံ့ကို လှည့်လည်ဖျော် ဖြေခဲ့တဲ့ Adele ဟာ ပွဲ (၂) ခုကို လွဲချော်ခဲ့ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ သူမရဲ့ အသံပျောက်ကွယ်နိုင်လောက် အောင် အသံအိုးကနေ သွေးထွက်လာတဲ့အတွက် ခွဲစိတ်ဖို့ လိုလာ တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ Adele ရဲ့ မိသားစုဝင်တွေနဲ့ ပရိတ်တွေ အကုန်လုံးက Adele အတွက် စိုးရိမ်ပူပန်ခဲ့ကြရပါတယ်။
ခွဲစိတ်မှု အောင်မြင်ပြီး ပြန်လည်ကျန်းမာလာတဲ့ Adele ဟာ ၂၀၁၂ ခုနှစ်မှာ ဂရမ်မီဆု ခြောက်ခုနဲ့ Brits ဆု ငါးခုကို သိမ်းပိုက် နိုင်ခဲ့ပါတယ်။ သူမရဲ့ တေးအယ်လ်ဘမ် 21 ဟာလည်း နံပါတ်(၁)နေရာကို ပြန်လည်ရောက်ရှိလာခဲ့ပါပြီး အင်္ဂလန်နိုင်ငံရဲ့ (၅)ခုမြောက် အရောင်းရဆုံးတေးအယ်လ်ဘမ်အဖြစ် စံချိန်တင်နိုင် ခဲ့ပါတယ်။ ၂၀၁၂ အောက်တိုဘာလ ၁၉မှာ သူမရဲ့ သားဦးလေး Angelo ကိုမွေးဖွားခဲ့ပါတယ်။
၂၀၁၅ ခုနှစ်အရောက်မှာတော့ Adele ဟာသူမရဲ့ တတိယမြောက် တေးအယ်လ်ဘမ်ထဲက အံ့အားသင့်ဖွယ် တေးသီချင်း ဖြစ်တဲ့ “Hello” သီချင်းကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါသီချင်းဟာ ထွက်ရှိပြီး တစ်ပါတ်အတွင်းမှာပဲ ၃၃၃၀၀၀ ကျော်ရောင်းချခဲ့ရပြီး သူမရဲ့ ဒုတိယမြောက် အရောင်းရဆုံးစာရင်း ဝင်ခဲ့ပါတယ်။ တတိယမြောက်အယ်လ်ဘမ်ဖြစ်တဲ့ 25 ကို နိုဝင်ဘာ ၂၅ ရက်နေ့မှာ ဖြန့်ချီခဲ့ပါတယ်။ စိတ်လှုပ်ရှား ကျေနပ်စရာပါပဲ ချက်ချင်းဆိုသလို အရောင်းရဆုံးအဖြစ် မှတ်တမ်းသစ် တင်နိုင်ခဲ့ပါတယ်။ နိုင်ငံပေါင်း ၁၁၀ မှာလည်း iTunes နံပါတ်(၁)ချိတ်ခဲ့ပါတယ်။တစ်ပါတ်အတွင်းပဲ အမေရိကန်နိုင်ငံမှာ ၃ ဒသမ ၃၈ သန်း ကျော် ရောင်းချလိုက်ရပါတယ်။ ‘N Sync ရဲ့ ၂ ဒသမ ၄၂ သန်းကို ဖြတ်ကျော်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာကျင်းပခဲ့တဲ့ ၅၈ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲမှာ Bruno Mars နဲ့အတူ တွဲဖက်ရေးစပ်ထားတဲ့ “All I Ask” သီချင်းကို ဖျော်ဖြေခဲ့ပါတယ်။ Adele ရဲ့နောက်ဆုံးထွက် အယ်လ်ဘမ်ဖြစ်တဲ့ 25 ဟာ အရောင်းရဆုံးအယ်လ်ဘမ်အဖြစ် မှတ်တမ်းသစ်များတင် ထားနိုင်ခဲ့ပြီး ၂၅ သန်းကျော် ရောင်းချပြီးဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်၊ မေလမှာတော့ Sony ကုပဏ္ဏီနဲ့ ဒေါ်လာသန်း (၉၀)တန် စာချုပ် ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဒါဟာ သမိုင်းမှာ အကြီးမားဆုံး မှတ်တမ်းအဖြစ် မှတ်ကျောက်တင်ခံခဲ့ရပါတယ်။
မောင်တင်
https://mic.com/articles/120804/the-story-behind-how-adele-became-the-defining-british-artist-of-the-2010s
Comments
Post a Comment