ခေတ်မီစာကြည့်တိုက်များ(၁)

ခေတ်မီစာကြည့်တိုက်များ(၁)
          ကျွန်တော်ဟိုတလောက အာရှတိုက်ရဲ့ စာကြည့်တိုက်စာရင်းကို အင်တာနက်မှာ လိုက်ရှာကြည့် မိပါတယ်။ ဥရောပနဲ့ယှဉ်ရင် ကျွန်တော်တို့ အာရှမှာ စာကြည့်တိုက်တွေ များများစားစား မရှိကြတာကို သွားတွေ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံး စာကြည့်တိုက်စာရင်းကို ရှာဖတ်တော့လည်း အားလုံးနီးပါးက ဥရောပတိုက်ကချည်းပါပဲ။ ဒါဟာ ကျွန်တော်တို့ အာရှသားတွေဟာ ဥရောပသားတွေလောက် စာကြည့်တိုက်တွေကို တန်ဖိုးမထားတတ်ကြဘူး၊ တစ်နည်းအားဖြင့် ဥရောပသားတွေလောက် စာမဖတ်ကြ ဘူးဆိုတာ ပေါ်လွင်ပါတယ်။ကျွန်တော် ၂၀၁၆ ခုနှစ်တုန်းက ကမ္ဘာ့အကောင်းဆုံးစာကြည့်တိုက် (၁၀)ခု အကြောင်းကို ဆောင်းပါးရေးဖူးပါတယ်။ ဒီတစ်ခါမှာတော့ ခေတ်မီစာကြည့်တိုက်တွေ အကြောင်းရှာဖတ် ကြည့်ရင်း ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေလည်း အားကျအတုယူလို့ရအောင် www.ebookfriendly.com ကမှတ်တမ်းတင်ထားတဲ့ ခေတ်မီစာကြည့်တိုက် (၂၅)ခုထဲက ပထမဆုံး(၁၀)ခုအကြောင်းကို ဖော်ပြပေးပါမယ်။ နောက်တစ်ပါတ်မှာ ကျန် (၁၅)ခု အကြောင်းကို ဆက်လက် ဖော်ပြပေးပါမယ်။ ခေတ်သစ်ဒီဇိုင်းပညာရှင်များရဲ့ အားထုတ်ကြိုးစားမှုကြောင့် ဖြစ်ပေါ်လာတဲ့ အဆိုပါ စာကြည့်တိုက်များအကြောင်းမှာတော့ ဒီဇိုင်းပညာရှင်များကို ဦးစားပေးဖော်ပြထားကြပါတယ်။

(၁) Library of the Vienna University of Economics, Austria
          ဗီယက်နာစီးပွားရေးတက္ကသိုလ်က စာကြည့်တိုက်ကို ဗိသုကာပညာရှင် ဇာဟာဟက်ဒစ် (Zaha Hadid) က ဦးဆောင်ပြီး ၂၀၁၃ ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။ စာကြည့်တိုက်ကြီးတစ်ခု လုံးကို ဗဟုဂံပုံတည်ဆောက်ခဲ့ပါတယ်။ ခေတ်သစ်ဒီဇိုင်းနည်းပညာ ကို ဖော်ညွှန်းထားတာလည်းဖြစ်ပါတယ်။ စာအုပ်ပေါင်း (၆)သိန်း ကျော်ကို စုစည်းထားပြီး၊ အီလက်ထရောနစ်စာအုပ်(ebook ကိုဆိုလိုသည်) ပေါင်း (၁)သိန်း ကျော်ကို လေ့လာနိုင်အောင်စီစဉ်ပေးထားပါတယ်။ စတုရန်းမီတာ (၂၆၀၀)ကျယ်ဝန်းပြီး အကျယ်ဆုံး စာကြည့်တိုက်တွေထဲက တစ်ခုလို့လည်းဆိုထားပါတယ်။

(၂) Cayenne University Library, French Guiana
          ကေရင်းတက္ကသိုလ်ကစာကြည့်တိုက်ကတော့ စာဖတ်သူတွေအတွက် တစ်မူထူးတဲ့နေရာလို့ ဆိုထားပါတယ်။ ဘာကြောင့်လည်းဆိုတော့ အဖိုးတန်စာအုပ်စုစည်းမှုအားကောင်း လို့ပါ။ rh+ ဒီဇိုင်းပညာရှင်အဖွဲ့က ၂၀၁၃ ခုနှစ်မှာတည်ဆောက်ခဲ့ ပြီး ၂၁၄၃ စတုရန်းမီတာ ကျယ်ဝန်းပါတယ်။ ခေတ်သစ်ဒီဇီုင်း လက်ရာနဲ့ ရှေးခေတ် စာအုပ်များစုစည်းမှုကို ပေါင်းစပ်ထားတယ် လို့ ဆိုထားပါတယ်။ စာဖတ်ရန်နေရာကျယ်ကျယ်ပေးထားမှု၊ သုသေတနလုပ် ငန်းတွေအတွက် ဦးစားပေးစီစဉ်ထားမှုများကြောင့် နာမည် ကျော် ပါတယ်။

 (၃) Bishan Public Library, Singapore
          စင်ကာပူနိုင်ငံက ဘစ်ဟမ်း ပြည်သူ့စာကြည့်တိုက်ကို ၂၀၀၆ ခုနှစ်မှာဖွင့်လှစ်ခဲ့ပါတယ်။ LOOK လို့အမည်ရတဲ့ ဒီဇိုင်းပညာရှင် အဖွဲ့ကတာဝန်ယူတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါစာကြည့် တိုက်ဟာ ဘစ်ဟမ်းနယ်တစ်ဝိုက်က ကျောင်းတွေ နဲ့ ပြည်သူတွေကို ဝန်ဆောင်မှုပေးနေပါတယ်။ စာကြည့်တိုက်ရဲ့ အထပ်လေးထပ်လုံးမှာ စာအုပ်ပေါင်း (၂၅၀၀၀၀) ကျော်ကို စုစည်း ပေးထားပါတယ်။ အဆောင်အုံကြီးကနေ အပြင်ကို ထိုးထွက်နေတဲ့ နေရာတွေကတော့ စာဖတ်သူတွေ အေးဆေး သက်သာစွာ ဖတ်ရှု နိုင်အောင် စီစဉ်ပေးထားရာ နေရာများပဲ ဖြစ်ပါတယ်။

(၄) LiYuan Library, China
          တရုတ်နိုင်ငံက လီယွမ်စာကြည့်တိုက်ကို ဘေဂျင်းမြို့ပြင် က Huairou လို့ခေါ်တဲ့ ရွာလေးမှာ ၂၀၁၁ ခုနှစ်တုန်းက တည်ဆောက်ခဲ့ပါတယ်။ သဘာဝအလှတရားများကို အဓိကဖော်ညွှန်းကာ ဆောက်လုပ်ခဲ့ပြီး ဒီဇီုင်းပညာရှင်ကတော့ လီရှောင်ဒွန်း (Li Xiaodong) ပါ။ ၁၇၅ စတုရန်းမီတာကျယ်ဝန်းပြီး စာကြည့်တိုက်အတွင်းပိုင်းကို လှေကားထစ်ပုံစံ အဆင့်လေးတွေနဲ့ ထည့်သွင်းဆောက်လုပ်ထားပါတယ်။ စာကြည့်တိုက်ကို ကာရံထားတဲ့ သစ်သားချောင်းတွေဟာ နေအလင်းရောင်ကို ကာရံ ပေးထားပြီး အဆောက်အုံအတွင်းပိုင်းကို စာဖတ်ရန်လုံလောက်တဲ့ အလင်းရောင်ပေးပါတယ်။ ထူးခြားတာတစ်ခုကတော့ အဆိုပါ စာကြည့်တိုက်မှာ လျှပ်စစ်မီးမသုံးတာပါပဲ။ ညနေစောင်းရင် စာကြည့်တိုက်ပိတ်တယ်လို့ ဆိုပါတယ်။

(၅) Katiou Library, Burkina Faso
          အနောက်အာဖရိက နိုင်ငံတစ်ခုဖြစ်တဲ့ ဘာကင်နာဖာဆိုမြို့က Katiou စာကြည့်တိုက်ကို ဒီဇိုင်းပညာရှင် Albert Faus က တာဝန်ယူတည်ဆောက်ခဲ့ပါတယ်။ ထူးခြားချက်ကတော့ ကုန်ကျစရိတ်အနည်းဆုံးဖြစ်အောင် တည်ဆောက်ထားတာပါပဲ။ ယူရို (၂၀၀၀၀) ခန့်သာ ကုန်ကျခဲ့တယ်လို့ဆိုပါတယ်။ စာအုပ်စင်များကို သီးသန့်မထားပဲ နံရံမှာသာ အဆင့်တွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကွန်ပျူတာများ ထားရှိမှုကိုတော့ အခန်းတွေရဲ့ အလယ်တွေမှာ စီစဉ်ပေးထားပါတယ်။

(၆) Library of Muyinga, Burundi
          အရှေ့အလယ်ပိုင်း အဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ ဘရွန်ဒီနိုင်ငံ က မူရင်ဂါ စာကြည့်တိုက်ဟာ စတုရန်းမီတာ ၁၄၀ ကျယ်ဝန်းပြီး BC လို့အမည်ရတဲ့ ဒီဇီုင်းပညာရှင်အဖွဲ့က ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ သူ့ကိုလည်း ကုန်ကျစရိတ်သက်သာ အောင်ဆောက်လုပ်ထားတာဖြစ်ပါတယ်။ စုစုပေါင်းကုန်ကျငွေ ယူရို (၄၀၀၀၀) ခန့်သာရှိတယ်လို့ဆိုပါတယ်။ နေဒဏ် မိုးဒဏ်ခံနိုင်ဖို့ အဓိကဦးစားပေး ဆောက်လုပ်ထားတာ လည်းဖြစ်ပါတယ်။

(၇) Cooroy Library, Australia
          သြစတေးလျတိုက်၊ ကွင်းစ်လန်းနိုင်ငံ၊ ကော်ရိုးမြို့မှာ တည်ရှိတဲ့ ကော်ရိုးစာကြည့်တိုက်ကို Brewster Hjorth ဒီဇိုင်းပညာရှင်များအဖွဲ့က ဆောက်လုပ်ခဲ့ပါတယ်။ အနုပညာလက်ရာများကို ထည့်သွင်းတည်ဆောက်ထားပါတယ်။ အဆိုပါစာကြည့်တိုက်မှာ စာဖတ်ခန်းများအပြင် နည်းပညာစင်တာ ဆက်သွယ်ရေးစင်တာ စသည်တို့ကိုလည်း ထားရှိပါတယ်။

(၈) Warsaw University Library, Poland
          ပိုလန်နိုင်ငံ၊ ဝါဆောတက္ကသိုလ်စာကြည့်တိုက်ကို ဒီဇိုင်းပညရှင်များဖြစ်ကြတဲ့ Marek Budzynski နဲ့ Zbigiew Badowski တို့က ဒီဇိုင်းရေးဆွဲတည်ဆောက်ခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ထူးခြားချက်တစ်ခုက အဆိုပါစာကြည့်တိုက်ရဲ့ အမိုးပေါ်မှာ ရုက္ခဗေဒ ဥယျာဉ်တစ်ခုကို ထည့်သွင်းဆောက်လုပ် ထားတယ်ဆိုတာပါပဲ။ အဆိုပါ ဥယျာဉ်ဟာ ဥရောပတိုက်အတွင်း အမိုးပေါ်တွင် တည်ဆောက်ထားသမျှ ဥယျာဉ်အားလုံးထဲမှာ အကြီးဆုံးဖြစ်ပါတယ်။

(၉) Turku City Library, Finland
          ဖင်လန်နိုင်ငံ၊ တာကုမြို့စာကြည့်တိုက်ဟာ ၁၉၀၃ ခုနှစ်က ဆောက်လုပ်ခဲ့တဲ့ မူလစာကြည့်တိုက်ဟောင်းကို ပြန်လည်မွမ်းမံပြီး တည်ဆောက်ထားတာဖြစ်ပါတယ်။ JKMM ဒီဇိုင်းပညာရှင်များအဖွဲ့ ကဒီဇိုင်းရေးဆွဲခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပါတယ်။ အသိပညာ၊ အတွေ့အကြုံနဲ့ သင်ကြားမှုစင်တာလို့ လည်း ခေါ်ဝေါ်သတ်မှတ်ထားကြပါတယ်။

(၁၀) University of Aberdeen New Library, Scotland
          စကော့တလန်နိုင်ငံက အဆိုပါ တက္ကသိုလ်စာကြည့်တိုက်ကို Schmidt Hammer Lassen ဆိုတဲ့ ဒီဇိုင်းပညာရှင်များအဖွဲ့က ဒီဇိုင်းရေးဆွဲတည်ဆောက်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ စာအုပ်ပေါင်း (၂၅၀၀၀၀) ကျော်ကို စုစည်းပေးထားပါတယ်။ (၁၅၀၀၀) စတုရန်းမီတာကျယ်ဝန်းပြီး ကျောင်းသားပေါင်း (၁၄၀၀၀) ကျော်တစ်ပြိုင်တည်းစာဖတ်နိုင် အောင် စာဖတ်ခန်းပေါင်း (၁၂၀၀) ကျော်ကို စီမံပေးထားပါတယ်။ ၂၁ ရာစု သင်ကြားသင်ယူရေးနဲ့ သုတေသနလုပ်ငန်းများအတွက် ကျောင်းသား၊ ကျောင်းသူများ လေ့လာရေးတွင် ပြည့်စုံစွာ ထောက်ပံ့ပေးထားနိုင်သော စာကြည့်တိုက်တစ်ခုလည်းဖြစ်ပါတယ်။
                                                                                      မောင်တင်
Ref; https://ebookfriendly.com/modern-libraries

Comments

Popular posts from this blog

ကိတ်ဝင်းစလက်၏ အနုပညာခရီး

အာနာပါနကမ္မဌာန်းရှုမှတ်နည်း

မဂ္ဂင် ၈ ပါး