မွေးမေမေသို့ (အမေများနေ့ဂုဏ်ပြုကဗျာ)
မွေးမေမေသို့
ကလလရေကြည် သန္ဓေတည်ကတည်းက
ရက်လရယ်လွန်ကာမြောက် ဖွားမြင်ချိန်ရောက်သည်ထိ
မွေးဖွားခြင်း စစ်တလင်းမှာ
နာကျင်ခံခက် သေမတတ်လည်း
ရင်သွေးငယ်အတွက် မာန်ကိုတင်း
စစ်ခင်းခဲ့တဲ့ အမေ။
ဖွားစအရွယ် နုနုနယ်ကို
အို အို အေး အေး နှုတ်သံလေးနဲ့
နို့ချိုတိုက်ကျွေး မေ့ရင်သွေးမို့
ပင်ပန်းသည့်ကိုယ် စိတ်မှာပိုလည်း
ကလေးအငို တိတ်စေလိုသည်
ချစ်ခြင်းများနဲ့ အမေ။
ကလေးအရွယ် လူမမယ်ကို
မှောက်၊ထိုင်၊ထ၊ကြွ သွားတတ်ရန်နှင့်
မားမား မတ်မတ် ရပ်တတ်လေအောင်
ဖေးတွယ်ကူမ နည်းလမ်းပြခဲ့
မျှော်လင့်တွေးလို့ ကျောင်းသို့ပို့သည်
နွေးထွေးခဲ့တဲ့ အမေ။
ကျောင်းနေအရွယ် မေ့သားငယ်ကို
လိမ္မာယဉ်ကျေး ချိုသာအေးအောင်
လောကနီတိ အစရှိသည့်
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတို့
ဂရုဏာရှေ့ထား သူသင်ကြားသည်
မေတ္တာများနဲ့ အမေ။
အရွယ်ရောက်လာ မေ့ချစ်လျာကို
ဘဝရှေ့ရေး ရှေးရှုတွေးလို့
သိပ္ပပညာ တတ်ပညာနှင့်
ဝိဇ္ဇာပညာ သိပညာတို့
ပြည့်စုံစေရေး ဖြည့်ဆည်းပေးခဲ့
တစ်သက်တာလမ်း ရွယ်ရည်မှန်းသည်
နောင်ရေးတွေးတဲ့ အမေ။
လောကရဲ့လမ်း ဘယ်လောက်ကြမ်းပါစေ
သောကရဲ့လှိုင်း ဘယ်ပုံရိုင်းစေတော့
ရင်နှစ်သည်းချာ သားရတနာသာ
သူ့စိတ်နှလုံး အစဉ်ဖုံးသည်
ပျော်မဆုံးတဲ့ အမေ။
ဤသို့ ဤနှယ်
နှိုင်းစရာမရှိ များပြားဘိသည့်
အမေ့ကျေးဇူး သားရည်စူး၍
အမေ့သားငယ် သက်နှစ်ဆယ်သည်
မပီသောစာ စီသောကဗျာဖြင့်
ဆယ်ဖြာသောလက် ဦးထိပ်ရွက်ကာ
ခါခါရိုကျိုး သားရှိခိုး၏
အမေ့စိတ်နှလုံး
ရွှင်ပြုံးပါစေ အမေ. . . .။ ။
မောင်တင်
Comments
Post a Comment