''မိုးတွေရွာတဲ့ည''

''မိုးတွေရွာတဲ့ည''

သားငယ်ကလေး၊ အဖျားသွေးကြောင့်
ချောင်းလေးဆိုးကာ၊ လွန့်လူးရှာ၏
ခမျာနေမှ၊ နေသာစဟု
ဖွဖွညင်ညင်၊ နဖူးပြင်ကို
လက်တင်စမ်းကာ၊ လက်ချကာနှင့်
ဘယ်ညာလူးခွေ၊ စိတ်ကူးထွေသည်
မိုးတွေရွာတဲ့ ညတစ်ည။

သားလှဘေးတွင်၊ သူ့မိခင်ကား
နေ့စဉ်ချက်ပြုတ်၊ အိမ်မှုလုပ်နှင့်
သိမ်းထုတ်ရငြား၊ ဘယ်မအားလည်း
သားကိုနို့တိုက်၊ ရင်ခွင်ပိုက်မို့
ည၌ခမျာ၊ မှေးပျော်ရှာသည်
မိုးရွာလွန်းစွ၊ ညတစ်ည။

 ခြင်ထောင့်ပြင်ဘက်၊ ဖြေးစွာထွက်ရင်း
တစ်ဘက်ကုတင်၊ ကြည့်လိုက်လျှင်သော်
ရင်နှစ်ပွားစီး၊ ချစ်မငြီးသည့်
သားကြီးပါးအပ်၊ သမီးလတ်တည့်
စောင်ထပ်၍ပေး၊ ခြုံခဲ့သေးသည်
စက်မှေးမရ၊ ညတစ်ည။

 သြော်. . သားရယ် သမီးရယ် ဇနီးရယ်နှင့်
ခင်တွယ်ချစ်ကြောင့် မေတ္တာစောင့်ရင်း
အိမ်ထောင့်တာဝန်
ကျေပွန်အောင်ကြိုး၊ ဘဝမျိုးဝယ်
မြတ်နိုးချစ်ကြင်၊ မွေးဖခင်ကို
စိတ်တွင်တမ်းတ၊ သတိရလည်း
ဘဝခြားသွေ၊ ကွယ်ခဲ့ပေပြီ။
မွေးမေသည်ကား၊ ရပ်တစ်ပါး၌
သီးခြားနေရှာ၊ မတွေ့ကြာသော်
မေတ္တာတော်ကြူး၊ မြင်းမိုရ်ဦးသို့
ရည်စူးလျက်သာ၊ ကန်တော့ပါရင်း
ကဗျာကလေး၊တစ်ပုဒ်ရေးမိ
ရေးသည့်ကဗျာ၊ ဖတ်ကြည့်ပါသော်
မေတ္တာစောင်းညှို့၊ ကြင်နာပျို့၍
စာဆိုကဗျာ၊ မိုးတွေရွာ
မှင်လား ရေလား မသေချာ
နွေးလျက် အေးလျက် ရင်ထဲမှာ. . .။
                  
                မြင်းမူမောင်နိုင်မိုး

Comments

Popular posts from this blog

ကိတ်ဝင်းစလက်၏ အနုပညာခရီး

အာနာပါနကမ္မဌာန်းရှုမှတ်နည်း

မဂ္ဂင် ၈ ပါး