ကမ္ဘာကျော် နည်းပညာကျောင်းတစ်ကျောင်း၏ ရာဇဝင်

ကမ္ဘာကျော် နည်းပညာကျောင်းတစ်ကျောင်း၏ ရာဇဝင်
ဒီတစ်ပါတ်မှာတော့ www.timeshighereducation.com ကထုတ်ပြန်ထားတဲ့ ၂၀၁၇ ခုနှစ် အတွက် အကောင်းဆုံး တက္ကသိုလ်အဆင့်သတ်မှတ်ချက်မှာ အဆင့် (၂)ချိတ်ထားတဲ့ California Institude of Technology အကြောင်းကို Academic Weekly စာဖတ်ပရိတ်သတ်အတွက် ဖော်ပြပေးပါမယ်။

          California Institude of Technology တက္ကသိုလ်ဟာ ပုဂလိက တက္ကသိုလ်တစ်ခုဖြစ်ပြီး သုတေသနများပြုလုပ်ရာ၊ သိပ္ပံနှင့် အင်ဂျင်နီယာ ဘာသာရပ်များ သင်ကြားပို့ချရာ နေရာ တစ်ခုလည်း ဖြစ်ပါတယ်။ Ph.D အဆင့်ရှိ သုတေသနပြုလုပ်သူ ၉၀၀ ဦး၊ ဆရာ ဆရာမပေါင်း ၃၀၀ ဦး ခန့်၊ ဘွဲ့ကြိုကျောင်းသား ၉၀၀ ဦး ခန့် နဲ့ ဘွဲ့ရကျောင်းသား ၁၀၀၀ ဦး ခန့်တို့ ရဲ့ ပညာ သင်ကြားရာ၊ သုတေသနပြုလုပ်ရာ တက္ကသိုလ်တစ်ခုလည်း ဖြစ်ပါ တယ်။ အဆိုပါ တက္ကသိုလ်ဟာ အရွယ်အစားအားဖြင့် သေးငယ်သော်လည်း ကမ္ဘာ့ သိပ္ပံသုတေသနနဲ့ ပညာရေးမှာ တော့ ရှေ့ပြေးတက္ကသိုလ်များထဲက တစ်ခု အပါဝင်ပဲဖြစ်ပါတယ်။

          Caltech တို့ ခေါ်ကြတဲ့ ကယ်လီဖိုးနီးယား နည်းပညာကျောင်းကိုတော့ ၁၈၉၁ ခုနှစ်မှာအမေရိကန် ပြည်ထောင်စု၊ ပါစက်ဒီးနား (Pasadena) မြို့တွင် ကျွန်ပြုခြင်း ဥပဒေကို တော်လှန်ရေးဝါဒီ ဖြစ်သူ သူဌေးသူကြွယ်လည်းဖြစ်၊ ချီကာဂို နိုင်ငံရေးသမားလည်း ဖြစ်တဲ့ အေမို့စ် သရု(Amos Throop) က စတင်တည်ထောင်ခဲ့ပါတယ်။  အစောပိုင်းမှာ တည်ထောင်သူရဲ့ နာမည်ကို အစွဲပြုပြီး Throop University လို့ အမည်ပေးခဲ့ကြ ပါတယ်။ ၁၈၉၃ ခုနှစ်ကို ရောက်တဲ့အခါမှာတော့ သရု အဆင့်မြင့် နည်းပညာကျောင်း (Throop Polytechnic Institude) လို့ အမည် ပြောင်းလဲခဲ့ပါတယ်။ စတင်တည်ထောင်ခဲ့တဲ့ ၅ နှစ် အတွင်းမှာ သရုဟာ ကျောင်းတွင်းကော်မတီမှာ ပါဝင်ဆောင်ရွက်ခဲ့ပြီး  သင်ကြားရေးဆိုင်ရာ လုပ်ငန်းများမှာလည်း ပါဝင်ခဲ့ပါတယ်။ သူသင်ကြားပေးခဲ့တဲ့ ဘာသာရပ်များကတော့ သတ္တဗေဒ နဲ့၊ အသက်မွေးမှုဆိုင်ရာ လေ့ကျင့်သင်ကြားမှုများ ဖြစ်ပါတယ်။ ၁၉၀၆ ခုနှစ်ကိုရောက်တဲ့အခါ တည်ထောင်သူကြီး သရုဟာ ကျောင်းကို အားသစ်လောင်းဖို့ ရည်ရွယ်လာခဲ့တာကြောင့် အမေရိကန် နိုင်ငံသား နက္ခတ္တပညာရှင် အယ်လရီဟေး (Ellery Hale) က ပံ့ပိုးကူညီခဲ့ပါ တယ်။

          ပညာရေးနယ်ပယ်၊ ဗိသုကာနယ်ပယ်နဲ့ မြို့ပြအင်ဂျင်နီယာ နယ်ပယ်တို့မှာ ထင်ရှားကျော်ကြားသူတစ်ဦး ဖြစ်တဲ့ ဟေး (Hale) ကို ကျောင်းတွင်းအုပ်ချုပ်ရေးကော်မတီ အတွက် ၁၉၀၇ ခုနှစ်မှာ ရွေးချယ်ခဲ့ပါတယ်။ အပြောင်းလဲများလည်း ဖြစ်ပေါ်လာပါတော့တယ်။ သရုရဲ့ အထက်တန်းကျောင်း စီမံကိန်း များကို ပယ်ချစေခဲ့ပြီး အင်ဂျင်နီယာ ပညာရပ်များအား ချဲ့ထွင် လုပ်ဆောင်နိုင်အောင် အားထုတ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကျောင်းရဲ့ နာယကကြီးဖြစ်သူ ဂျိန်း အေ ဘီ ရှရာ (James A. B. Sherer) နဲ့ မန်ချူးဆက်နည်းပညာကျောင်းရဲ့ နယကဟောင်း ဖြစ်သူ အာသာ အေ နွိုင်း (Arthur A. Noyes) တို့ကို စည်းရုံးနိုင်ခဲ့ပါတယ်။ ထို့နောက် တတိယမြောက် သိပ္ပံတွဲဖက်အဖြစ် ရူပဗေဒပညာရှင် ရောဘတ် အေ မီလီကန် (Robert A. Millikan) ကို ရွေးချယ်ခဲ့ ပါတယ်။ ၁၉၁၇ ခုနှစ်ရောက်တဲ့အခါ ကျောင်းရဲ့ ရူပဗေဒဆိုင်ရာ သုတေသနလုပ်ငန်းများမှာ ဦးဆောင်ညွှန်ကြားသူ ဖြစ်လာ ခဲ့ပါတယ်။

          ပထမကမ္ဘာစစ်အတွင်း သူတို့သုံးဦးရဲ့ အမေရိကန် သိပ္ပံပညာရပ်များ တိုးတက် ထွန်းကားရေးဆောင်ရွက်ခဲ့မှုများက ကမ္ဘာ့သိပ္ပံပညာရပ် အဆင့် အတန်းကိုပါ မြင့်တင်နိုင်ခဲ့ပါတယ်။ စစ်အေးကာလရောက်တဲ့အခါမှာတော့ အင်ဂျင်နီယာကျောင်း ကနေ သိပ္ပံပညာရပ်သီးသန့် အဖွဲ့စည်းတစ်ခုအဖြစ် ပြောင်းလဲ ခဲ့ကြပါတယ်။ ၁၉၁၉ မှ ၁၉၂၁ ခုနှစ်အတွင်း Calthech နည်းပညာ ကျောင်းဟာ ထောက်ပံ့လှူဒါန်းမှုများရရှိလာတဲ့အတွက် ပညာရေး ဆိုင်ရာ ဒသနဗေဒ ဘာသာရပ်ကို ထည့်သွင်းခဲ့ပါတယ်။ ဟေး ( Hale) နဲ့ နွိုင်း ( Noyes) တို့ဟာ Calthech ကို သိပ္ပံပညာရှင်များ မွေးထုတ်ပေးနိုင်တဲ့ ကျောင်းအဖြစ် ပုံဖော်ချင်ခဲ့ကြပါတယ်။ မီလီကန်ကတော့ ကမ္ဘာလုံးဆိုင်ရာ ရူပဗေဒ ကျောင်းအဖြစ် တည်ဆောက်ချင်ခဲ့ပါတယ်။ ဒါပေမယ့် သုတေသနလုပ်ငန်းတွေ အတွက် ရန်ပုံငွေတွေ လိုအပ်ချက် ပေါ်ပေါက်ခဲ့ပါတယ်။ ဒါကြောင့် သူတို့ သုံးဦးဟာ သဘောတူညီမှု တစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒါက တော့ ဟေး နဲ့ နွိုင်းဟာ မီလီကန်အတွက် ဘဏ္ဍာငွေရှာဖွေရေးကို ကြိုးပမ်းလုပ် ဆောင်ပေးမယ် ဆိုတာပါပဲ။ အပြန်အလှန် အနေနဲ့ မီလီကန်ဟာ Norman Bridge (ရူပဗေဒ ဓာတ်ခွဲခန်း) ရဲ့ ဦးစီးညွှန်ကြားသူ အဖြစ် နေရာယူခဲ့ပြီး ကျောင်းရဲ့ အုပ်ချုပ်ရေး အကြီးအကဲ အဖြစ်လည်း တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။

          ၁၉၂၀ ခုနှစ် အစောပိုင်းကာလများက Caltech ဟာ ရူပဗေဒဆိုင်ရာ သိပ္ပံပညာရပ်များ သင်ကြားတဲ့ ကျောင်းအဖြစ် တည်ရှိခဲ့ပါတယ်။ ၁၉၂၅ ခုနှစ်မှာတော့ ရူပဗေဒ၊ ဓာတုဗေဒ နဲ့ အင်ဂျင်နီယာဘာသာရပ်များအတွက် ဒေါက်တဘွဲ့များကို ပေး အပ်လာနိုင်ခဲ့ပါတယ်။ ဘူမိဗေဒကို ၁၉၂၅ ခုနှစ်တွင် လည်းကောင်း၊ လေယာဉ်တည်ဆောက်ခြင်းနှင့် လေယာဉ်ပျံသန်းမှု ဘာသာရပ်ကို ၁၉၂၆ တွင်လည်းကောင်း၊ ဇီဝဗေဒနဲ့ သချာၤဘာသာရပ်များကို ၁၉၂၈ တွင်လည်းကောင်း အသီးသီးထည့်သွင်း သင်ကြားပေးခဲ့ကြပါတယ်။ အဆိုပါ ဘာသာရပ်များတွင် ရူပဗေဒဘာသာရပ်မှာ တိုးတက်ဆုံးသော ဘာသာရပ်အဖြစ် ရှိခဲ့ပြီး ကျောင်းသားအင်အား၊ ဆရာအင်အားနဲ့ ရန်ပုံငွေအင်အားများတွင်လည်း အခြား ဌာန များထက် သာလွန်နေခဲ့ပါတယ်။ ထို့အပြင် ပညာသင် ထောက်ပံ့ရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်လာ ခဲ့ကြပါတယ်။  ကျွန်တော်တို့ သိကြတဲ့ သိပ္ပံပညာရှင်ကြီး အဲဘတ် အိုင်းစတိုင်း ( Albert Einstein) ဟာ ၁၉၃၁ မှ ၁၉၃၃ ခုနှစ်အထိ ကျောင်းရဲ့ ရူပဗေဒဆိုင်ရာ အစီစဉ်များကို အားပေး ကူညီခဲ့ပါတယ်။ သိပ္ပံပညာရပ်ဟာ ၂၀ ရာစုရဲ့ ရှေ့ဆောင်လမ်း ပြဖြစ်တယ်လို့ ယုံကြည်ထားတဲ့ ကျောင်းရဲ့ နာယက ဖြစ်သူ မီလီကန်ဟာ ဘဏ္ဍာငွေရရှိရေးအတွက် အားတက်သရော လုပ်ဆောင်ခဲ့ပါတယ်။ ထို့ကြောင့် အမေရိကန်ရဲ့ အနာဂတ် အခြေခံ သိပ္ပံပညာနဲ့ အသုံးချ သိပ္ပံပညာရပ်များဟာ တဟုန်ထိုး တိုးတက်လာခဲ့ကြပါတယ်။ မီလီကန်ရဲ့ အမြင်မှာ တော့ Caltech နည်းပညာကျောင်းဟာ အမေရိကန် သိပ္ပံ လောကရဲ့ ရှေ့ဆောင်အဖြစ် တည်နေခဲ့ပါတယ်။

          ၁၉၃၀ ဝန်းကျင်အတွင်း မီလီကန်ရဲ့ လက်ထက်မှာ သိပ္ပံ သုတေသန လုပ်ငန်းများကတော့ ဇီဝဓာတုဗေဒ နဲ့ ဇီဝဗေဒဘာသာရပ်များအတွက် မျိုးရိုးဗီဇ ဆိုင်ရာ လေ့လာခြင်းလုပ်ငန်းများ၊ လေယာဉ်ပညာ လေ့လာခြင်း ဘာသာရပ် အတွက် ဟိုက်ဒရောလစ် သီအိုရီ၊ အနုမြူရူပဗေဒ အတွက် ကင်ဆာရောဂါကုသရာတွင် အသုံးပြုသော ရေဒီယို ဒြပ်သတ္ထုများကို လေ့လာခြင်းများ၊ အင်ဂျင်နီယာဘာသာရပ် များအတွက် ရေသွင်း စိုက်ပျိုးရေးနည်းစနစ်များ၊ ဓာတုဗေဒဘာ သာရပ်အတွက် ကွမ်တမ် သီအိုရီ အသုံးချ လုပ်ငန်းများ၊ မြေငလျင်လေ့လာခြင်း ဘာသာရပ်အတွက် မြေငလျင်တိုင်းတာခြင်းလုပ်ငန်းများ စသည်တို့ပဲ ဖြစ်ပါတယ်။

          Caltech ရဲ့ သမိုင်းကြောင်းကို လေ့လာတဲ့အခါမှာ အပိုင်း ၂ ပိုင်းပါဝင်ပါတယ်။ ပထမတစ်ပိုင်းကတော့ ကျွန်တော် ဖော်ပြခဲ့တဲ့ ဟေး၊ မီလီကန်နဲ့ နွိုင်းတို့ရဲ့ ကြိုးစားပုံဖော်မှု အပိုင်းဖြစ်ပြီး ဒုတိယတစ်ပိုင်းကတော့ ဒုတိယကမ္ဘာစစ်အတွင်း ရူပဗေဒပညာရှင်များဖြစ်ကြတဲ့ လီအယ်ဗင် ဒုဘရိတ် ( Lee Alvin Dubridge) နဲ့ ရောဘတ် ဘချာ (Robert Bacher) တို့ ရဲ့ အားထုတ်ကြိုးပမ်းမှုပဲ ဖြစ်ပါတယ်။ စစ်ပွဲအတွင်း ရေဒါ ပရောဂျက်အတွက် ဆောင်ရွက်ခဲ့သူ MIT ရဲ့ ဌာနမှူး ဒုဘရိတ် ဟာ ၁၉၄၆ ခုနှစ်မှာ Caltech ရဲ့ နာယက အသစ် ဖြစ်လာခဲ့ ပါတယ်။ အတမ်ဗုံး ပရောဂျက်ကို ဦးဆောင်ခဲ့သူ ဘချာကတော့ ၁၉၄၉ ခုနှစ်မှာ ကျောင်းရဲ့ ရူပဗေဒ၊ သချာၤနဲ့ အာကာသ သိပ္ပံ ဘာသာရပ်များအတွက် ဌာနမှူးဖြစ်လာခဲ့ ပြီး Caltech ရဲ့ ပထမဆုံးကျောင်းအုပ်ကြီး ဖြစ်လာခဲ့ပါတယ်။

          သူတို့လက်ထက်မှာ Caltech ရဲ့ သင်ကြား သင်ယူ မှု ကဏ္ဍများဟာ နှစ်ဆ တိုးတက်လာခဲ့ပြီး အဆောက်အုံပိုင်းမှာ လည်း သုံးဆ တိုးချဲ့နိုင်ခဲ့ကာ ဓာတုဆိုင်ရာ ရူပဗေဒ၊ လေကြောင်း သိပ္ပံ၊ အနုမြူ ဆိုင်ရာ ရူပနက္ခတ္တဗေဒ နဲ့ မြေကမ္ဘာဆိုင်ရာ ဓာတုဗေဒဘာသာရပ်များမှာလည်း သုတေသန လုပ်ငန်း အသစ်များ ချဲ့ထွင် လုပ်ဆောင်လာနိုင် ခဲ့ပါတယ်။ ထို့အပြင် နှစ် ၄၀ ကျော်အထိ အဆ ၂၀၀ အထိ ချဲ့ကြည့်နိုင်တဲ့ ကမ္ဘာ့အကောင်းဆုံး အဝေးကြည့်မှန်ပြောင်း ကြီးကို ပယ်လိုမာ တောင်ပေါ်မှာ တည်ဆောက်နိုင်ခဲ့ကြပါတယ်။  

          ယနေ့ ကမ္ဘာ့ သိပ္ပံနဲ့ နည်းပညာလောကမှာ Caltech ရဲ့ အောင်မြင်မှုများကတော့ ရေးလို့ ကုန်မည် မဟုတ်ပါ။ နိဂုံးချုပ်ရလျှင် ပညာရေးကို ရင်းနှီးမြှပ်နှံခဲ့သူ အေမို့စ်သရုရဲ့ နည်းပညာကျောင်းတစ်ကျောင်း အဖြစ် စတင်တည်ထောင်ခြင်းမှသည် ယနေ့ကမ္ဘာအတွက် ထူးချွန်သော သိပံ္ပရှင်ပေါင်း များစွာကို မွေး ထုတ်ပေးနိုင်ခဲ့ခြင်းမှာ သုတေသနလုပ်ငန်းများကို အားထုတ်ကြိုးပမ်းလုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ကျွန်တော်ယုံကြည်မိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း နည်းပညာကျောင်းများသာမက အခြား သော ကျောင်းများ၊ တက္ကသိုလ်များတွင်လည်း သုတေသနလုပ်ငန်းများကို အားပေးလုပ်ဆောင်ခြင်း၊ ပညာရေးတွင် ရင်းနှီးမြှပ်နှံခြင်းများကို အားကြိုးမာန်တက် ကြိုးစားလုပ်ဆောင်ဖို့ လိုနေပြီဖြစ်ပါကြောင်း တိုက်တွန်းအပ်ပါတယ်
                                                                                                မောင်တင်
Ref; by Judith Goodstein California Institute of Technology
Nobelprize.org


Comments

Popular posts from this blog

ကိတ်ဝင်းစလက်၏ အနုပညာခရီး

အာနာပါနကမ္မဌာန်းရှုမှတ်နည်း

မဂ္ဂင် ၈ ပါး