ခေတ်မီစာကြည့်တိုက်များ (၂)

ခေတ်မီစာကြည့်တိုက်များ (၂)
          ရှေ့တစ်ပါတ်က ခေတ်မီစာကြည့်တိုက်များ (၁) ကို နံပတ်စဉ် (၁) မှ (၁၀) အထိ ဖော်ပြပြီးခဲ့ပါပြီ။ ဒီတစ်ပါတ်မှာတော့ ကျန်ရှိနေသေးတဲ့ စာကြည့်တိုက် (၁၅)ခုအကြောင်းကို ထပ်မံ ဖော်ပြပေးပါမည်။ တိုးတက်တဲ့နိုင်ငံတွေမှာ စာကြည့်တိုက်တွေကို အားပေးတယ်၊ စာဖတ်သူတွေကို အဆင်ပြေပြေဖတ်ရှုလေ့လာ နိုင်အောင် စီစဉ်ဆောင်ရွက်ပေးတာတွေကို တွေ့မြင်ကြလိမ့်မယ် လို့ ထင်ပါတယ်။

(၁၁) Maranello Library, Italy
          အီတလီနိုင်ငံက မာရာနဲလို စာကြည့်တိုက်ကို မီလန်မြို့အခြေစိုက် ဗိသုကာပညာရှင်များဖြစ်ကြတဲ့ Arata Isozaki နဲ့ Andrea Maffei တို့က ၂၀၁၁ ခုနှစ်မှာ ဒီဇိုင်းရေးဆွဲတည် ဆောက် ခဲ့ပါတယ်။ မာရာနဲလိုမြို့မှာ တည်ရှိပြီး စာဖတ်သူများအတွက် အထူးသီးသန့်ဆောက်လုပ်ထားကာ မြေအောက်ခန်းများပါ ပါဝင်ပါတယ်။

(၁၂) Thomas Fisher Rare Book Library, Canada
          ကနေဒါနိုင်ငံ တော်ရွန်တို တက္ကသိုလ်(Toronto University) က စာကြည့်တိုက်ဖြစ်တဲ့ Thomas Fisher Rare Book စာကြည့်တိုက်ဟာ ကနေဒါနိုင်ငံ တစ်ဝန်းလုံးက စာကြည့်တိုက်တွေ ထဲမှာ ရှားပါးစာအုပ်များနဲ့ လက်ရေးစာမူများကို သိုလှောင် သိမ်းဆည်းထားတဲ့ အကြီးဆုံး စာကြည့်တိုက်ကြီးဖြစ်ပါတယ်။ ၁၉၇၃ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး အဲဒီအချိန်ကတည်းကစလို့ စာအုပ်ပေါင်း (၇)သိန်းခန့် နဲ့ လက်ရေးစာမူ (၃)ထောင်ခန့်ကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ အဆိုပါလက်ရေးစာမူတွေထဲမှာ ထင်ရှားကျော်ကြားတဲ့ စာအုပ်တွေဖြစ်တဲ့ Nuremberg Chronicle(1493)၊ ရှိတ်စပီးယားရဲ့ Folio(1623)၊ နယူတန်ရဲ့ Principia(1687)၊ ဒါဝင်ရဲ့ On the Origin of Species(1859) တို့ ပါဝင်ပါတယ်။

(၁၃) University of Versailles Science Library
          ပြင်သစ်နိုင်ငံ ဗာဆေးလစ်မြို့က တက္ကသိုလ်သိပ္ပံ စာကြည့်တိုက်ကို ၂၀၁၂ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ အဆိုပါ စာကြည့်တိုက်ကို ဒီဇိုင်းရေးဆွဲသူ ဗိသုကာပညာရှင်များက စွမ်းအင် သုံးစွဲမှုကို အဓိကထားရည်ရွယ် ဆောက်လုပ်စေခဲ့ပါတယ်။ သဘာ၀ အလင်းရောင်ကို စာကြည့်တိုက် အတွင်းပိုင်းအထိ လုံလောက်စွာ ရရှိနိုင်အောင်လည်း စီမံခဲ့ကြပါတယ်။ စတုရန်းမီတာ ၄၀၀၀ ကျော် ကျယ်ဝန်းပါတယ်။

(၁၄) Ballyroan Library, Ireland
          Box လို့အမည်ရတဲ့ ဗိသုကာပညာရှင်များအဖွဲ့က အိုင်ရာလန်နိုင်ငံ၊ ဒပ်ဗလင်မြို့တောင်ဘက်မှာ ဘယ်လီရွန် စာကြည့်တိုက်ကို ဆောက်လုပ်ခဲ့ကြပြီး ၂၀၁၃ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ ပါတယ်။ စာဖတ်သူများအတွက် ထိုင်ခုံများကို နေရာ ကျယ်ကျယ် စီစဉ်ပေးထားပြီး အများသုံး ကွန်ပျူတာများကိုလည်း ထောက်ပံ့ ပေးထားပါတယ်။ အင်တာနက်လိုင်းကိုလည်း စာကြည့်တိုက် တစ်ခုလုံးအတွက် အချိန်ပြည့်ထောက်ပံ့ပေးထားတယ်လို့ဆို ပါတယ်။

(၁၅) Biblioteca Jose Vasconcelos, Mexico
          မက်ဆီကိုမြို့မှာတည်ရှိတဲ့ အဆိုပါစာကြည့်တိုက်ဟာ စတုရန်းမီတာ (၃၈၀၀၀) ကျော်ကျယ်ဝန်းပါတယ်။ အတွေးခေါ်ပညာရှင် ဂျို့ ဗက်စ်ကွန်ဆီးလော့စ် ကို ဂုဏ်ပြု ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဒေါ်လာ (၉၈) သန်းခန့်ကုန်ကျကာ ၂၀၀၆ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ၂၁ ရာစုရဲ့ ဆန်းသစ်ဆုံးသော တည်ဆောက်ခြင်းလို့လည်း တင်စားကြပါတယ်။

(၁၆) Tama Art University Libraries, Japan
          ဂျပန်နိုင်ငံရဲ့ ရှေ့ပြေးတက္ကသိုလ်တစ်ခုဖြစ်တဲ့ တာမ အနုပညာတက္ကသိုလ်မှာတော့ Hachioji နဲ့ Kaminoge ဆိုတဲ့ စာကြည့်တိုက် (၂) ခုရှိပါတယ်။ ကျောင်းသား၊ ကျောင်းသူများအတွက် လေ့လာသင်ယူရေးနဲ့ သုတေသနလုပ်ငန်း များအတွက် ကောင်းမွန်စာထောက်ပံ့ပေးနိုင်အောင်ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဂျပန်ဘာသာနဲ့ နိုင်ငံခြားဘာသာ စာအုပ်ပေါင်း (၁၇၀၀၀) ကျော်၊ မဂ္ဂဇင်း ဂျာနယ်ပေါင်း (၁၈၀၀) ကျော် ကို သိမ်းဆည်းထားပါတယ်။

(၁၇) Biblioteca ESpana, Colombia   
ကိုလန်ဘီယာနိုင်ငံ၊ မက်ဒလင်မြို့ (Medellin) မှာတည်ရှိတဲ့ အဆိုပါစာကြည့်တိုက်ကို ခေတ်လွန်စာကြည့်တိုက် လို့တောင် ခေါ်ဝေါ်သတ်မှတ်ကြပါတယ်။ စာဖတ်ခန်းများအပြင် စည်းဝေးခန်းများ၊ ကြီးမားကျယ်ပြန့်သော စာသင်ခန်းကြီးများကိုပါ ထည့်သွင်းဆောက်လုပ်ထားပါတယ်။ ၂၀၀၇ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပါတယ်။

(၁၈) Stuttgart City Library, Germany
          ဂျာမနီနိုင်ငံ၊ စတုဂတ်မြို့စာကြည့်တိုက်ကို ကိုရီးယားလူမျိုး ဗိသုကာပညာရှင် Eun Young Yi က ဒီဇိုင်းရေးဆွဲ ခဲ့ပြီး ဒေါ်လာသန်း ၁၀၀ ကျော်အကုန်ကျခံ တည်ဆောက်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် အောက်တိုဘာလမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ရှေးဟောင်း အမွေနှစ်သဖွယ်ဒီဇိုင်းယူကာ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ အထပ်ပေါင်း (၅)ထပ်ရှိပြီး ပတ်ပတ်လည်မှာ စာအုပ်စင်ကြီးများ ထားရှိပါတယ်။ အဆောက်အုံရဲ့ အပြင်ဘက်မှာ “library” ဆိုတဲ့ စကားလုံးကို ဂျာမန်၊ အင်္ဂလိပ်၊ အာရေဗျ၊ ကိုရီးယား စတဲ့ ဘာသာစကား (၅)မျိုးကို ရေးထိုးဖော်ပြထားတာကတော့ စိတ်ဝင်စားဖွယ်ရာဖြစ်ပါတယ်။

(၁၉) Vennesla Library and Culture House, Norway
          နော်ဝေးနိုင်ငံမှာရှိတဲ့ အဆိုပါစာကြည့်တိုက်ကို ၂၀၁၁ခုနှစ် မှာစတင်တည်ဆောက်ခဲ့ပါတယ်။ ကော်ဖီဆိုင်၊ စည်းဝေးခန်းမများ၊ အပါအဝင် စာကြည့်တိုက်နဲ့ ယဉ်ကျေးမှုပြခန်းများကို ပေါင်းစပ်ဖွဲ့စည်းထားတာလည်းဖြစ်ပါတယ်။

(၂၀) Black Diamond Library, Denmark
          ဒိန်းမတ်နိုင်ငံက Black Diamond စာကြည့်တိုက်ကို ၁၉၉၉ ခုနှစ်မှာဖွင့်လှစ်ခဲ့ပါတယ်။ စာဖတ်ခန်းများအပြင် စာသင်ခန်းများ၊ ပွဲကျင်းပရာနေရာများ၊ စာပေဆိုင်ရာ အထိမ်းအမှတ်ပွဲကျင်းပရာနေရာများနဲ့ ညီလာခံကျင်းပရာ နေရာ များကိုပါ ထည့်သွင်းဆောက်လုပ်ထားပါတယ်။

(၂၁) Utrecht University Library, The Netherlands
          နယ်သာလန်နိုင်ငံမှာတည်ရှိတဲ့ Utrecht တက္ကသိုလ်စာကြည့်တိုက်ကို ၂၀၀၄ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၊ လာရောက်လေ့လာသူများအတွက် စွဲမက်ဖွယ် နေရာအခင်းကျင်းများ စီစဉ်ပေးထားပြီး သီးသန့် စာဖတ်ခန်းများကိုလည်း ထောက်ပံ့ပေးထားပါတယ်။

(၂၂) Yale University Beinecke Rare Book Library, United States
          အမေရိကန်နိုင်ငံ၊ ရေးလ်တက္ကသိုလ်စာကြည့်တိုက် ဟာ ရှားပါးစာအုပ်စုစည်းထားနိုင်မှု နဲ့ မူရင်းလက်ရေးစာမူများ သိမ်းဆည်းထားနိုင်မှုမှာ ကမ္ဘာ့အကြီးဆုံးစာကြည့်တိုက်တွေထဲက တစ်ခုအပါဝင်ဖြစ်ပါတယ်။ စာအုပ်ပေါင်း (၅)သိန်းကျော် ကို မှန်နံရံ များမှာ ပတ်ပတ်လည် တင်ပေးထားပြီး မဂ္ဂဇင်း ဂျာနယ်ပေါင်းက လည်း (၁၈၀၀၀၀) ကျော်ရှိပါတယ်။

(၂၃) Sao Paulo Library, Brazil
          ဘရားဇီးနိုင်ငံမှာတည်ရှိတဲ့ အဆိုပါစာကြည့်တိုက်ကို ၂၀၁၀ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ကြပြီး စတုရန်းမီတာ (၄၂၅၇၆) ကျော် ကျယ်ဝန်းပါတယ်။ ယခင်က အကျဉ်းထောင်ဖြစ်ခဲ့ဖူးသော နေရာ တွင် စာကြည့်တိုက်တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်က Sao Paulo ခရိုင်တစ်ခုလုံးမှာ စာကြည့်တိုက်ပေါင်း ၉၆၁ ခု ဆောက်လုပ်နိုင်ရေးဖြစ်ပါသတဲ့။

(၂၄) Surry Hills Library and Community Centre, Australia
          ၂၀၀၉ ခုနှစ်က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အထပ်ပေါင်း (၄)ထပ် ဆောက်လုပ်ထားကာ တွေ့ဆုံဆွေးနွေးခန်းများအပြင် ကလေးသူငယ် စောင့်ရှောက်ရေး ဂေဟာကိုလည်း ထည့်သွင်း တည်ဆောက်ထားပါတယ်။

(၂၅) Nam June Paik Library, South Korea
          တောင်ကိုရီးယားနိုင်ငံက အဆိုပါစာကြည့်တိုက်ကို ခေတ်လွန်စာကြည့်တိုက်လို့လည်းခေါ်ကြပြန်ပါတယ်။ ဘာကြောင့် လည်းဆိုတော့ စာအုပ်စာပေများအပြင် သတင်းအချက်လက်များ လည်း ဖြန့်ဝေရာ နေရာတစ်ခုဖြစ်တာကြောင့်ဖြစ်ပါတယ်။

(ကျွန်တော်တို့တွေလည်း သူတို့တွေနည်းတူ စာဖတ်သူများတိုးပွားရေး၊ စာဖတ်သူများကို အားပေးရေး၊ စာကြည့်တိုက်များ ထွန်းကားပြန့်ပွားရေးတို့ကို ကြိုးစားလုပ်ဆောင် ကြပါစို့လား။)
                                                                                      မောင်တင်
Ref https://ebookfriendly.com/modern-libraries



Comments

Popular posts from this blog

ကိတ်ဝင်းစလက်၏ အနုပညာခရီး

အာနာပါနကမ္မဌာန်းရှုမှတ်နည်း

မဂ္ဂင် ၈ ပါး