ဂျပန်ပြည်ကြီးဝယ်

                                ဂျပန်ပြည်ကြီးဝယ်
ဂျပန်လူမျိုးတွေဟာ ဉာဏ်ရည်ကြွယ်ဝမှု၊ အပြုအမှုကောင်းမွန်မှု နဲ့ ကျန်းမာကြံ့ခိုင်မှုတို့နဲ့ နာမည်ကျော်ပါတယ်။ ဒါပေမယ့် တကယ့်လောကမှာ ဂျပန်တွေရဲ့ ယဉ်ကျေးမှု၊ ထုံးတမ်းဓလေ့တွေက အခြားအရာ တွေထက် ဘာကြောင့်ရှေ့တန်းရောက်နေတာလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ အဖြေကတော့ ဂျပန်ပညာရေးစနစ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ကဲ. . လေ့လာကြည့်ရအောင်. . .
၁) အပြုအမှုက ပထမ၊ အသိပညာက ဒုတိယ
          ဂျပန်ပြည်က ကျောင်းသားများဟာ အသက် (၁၀)နှစ် အရွယ်၊ Grade four ကို ရောက်တဲ့အထိ ဘယ်စာမေးပွဲကိုမှ မဖြေဆိုကြရပါဘူး။ စာမေးပွဲအစား ဆန်းစစ်ချက် အနည်းငယ်ကိုသာ ကြုံတွေ့ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျောင်းစနေတဲ့ သုံးနှစ်အတွင်း ကလေးတွေရဲ့ အသိပညာနဲ့ သင်ကြား သင်ယူနိုင်စွမ်းကို ဆုံးဖြတ်စရာမလိုဘူးလို့ ခံယူထားကြလို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ (၃)နှစ်တာကာလအတွင်းမှာ ကလေးတွေရဲ့ ယဉ်ကျေးမှု၊ ထုံးထမ်းအစဉ်အလာများ ဖွံ့ဖြိုးတက်တာလာအောင် သင်ကြားပေးကြပါတယ်။ လူတစ်ဦးနှင့်တစ်ဦး လေးစားစွာ ဆက်ဆံတတ် စေရန် ၊ တိရစ္ဆာန်များနှင့် သဘာဝအလှအပများကို ချစ်တတ်စေရန် အလေးပေးသင်ကြားကြပါတယ်။ မေတ္တာဂရုဏာထားရှိမှု၊ ရက်ရောမှု၊ စေတနာတရား ထားရှိမှု စတာတွေကိုလည်း လေ့ကျင့်ပျိုးထောင်ပေးပါတယ်။ ထို့အပြင် စိတ်ဓာတ်ကြံ့ခိုင်မှု၊ မိမိကိုယ်ကို အားကိုးမှု၊ တရားမျှတမှု စတဲ့ အလေ့အကျင့်ကောင်းများနဲ့ ကြီးပြင်းလာအောင်လည်း သင်ကြားပေးကြပါတယ်။

(၂) ချယ်ရီအလှ ထင်ကရ
          ကမ္ဘာအနှံ့က ကျောင်းနဲ့ တက္ကသိုလ်အများစုရဲ့ စာသင်နှစ်တွေကို စက်တင်ဘာလနဲ့ အောက်တိုဘာ လတို့မှာ စလေ့ရှိသော်လည်း ဂျပန်နိုင်ငံကတော့ ဧပရယ်လမှာ စတင်ပါတယ်။ ကျောင်းတွေစဖွင့်တဲ့ရက်ဟာ ဂျပန်နိုင်ငံရဲ့ အထင်ကရ အလှတရားတစ်ခုလည်းဖြစ် ၊ ပြယုဂ်တစ်ခုလည်း ဖြစ်တဲ့ ချယ်ရီပန်းတို့ ပွင့်လန်းတဲ့အချိန် ဖြစ်ပါတယ်။ စာသင်နှစ် တစ်ခုကို ဧပရယ် ၁ ရက်နေ့မှ ဂျူလိုင် ၂၀ ရက်ထိ၊ စက်တင်ဘာ ၁ ရက်နေ့မှ ဒီဇင်ဘာ ၂၆ ရက်နေ့ထိ နဲ့ ဇန်နဝါရီ ၇ ရက်နေ့မှ မတ်လ ၂၅ ရက်နေ့ထိ သုံးပိုင်း ပိုင်းခြားထားပါတယ်။ ဂျပန်ကျောင်းသားများဟာ တစ်နှစ်မှာ ရက်သတ္တပတ် ၆ ပတ်ကို နွေရာသီအားလပ်ရက်အဖြစ် ရရှိကြပါတယ်။ ဆောင်းရာသီ နဲ့ နွေဦးရာသီတို့မှာတော့ အားလပ်ရက်အဖြစ် ၂ ပတ်ရရှိကြပါတယ်။

(၃) ကိုယ်ထူကိုယ်ထ ကျောင်းသားဘဝ
          ဂျပန်ကျောင်းအများစုမှာ ကျောင်းသန့်ရှင်းရေးလုပ်သားနဲ့ ကျောင်းစောင့်တို့ကို ခန့်ထားခြင်းမရှိပါဘူး။ ကျောင်းသားတွေဟာ စာသင်ခန်းများနဲ့ ကော်ဖီစက်များကို ကိုယ်တိုင် သန့်ရှင်းရေး လုပ်ရပြီး ကျောင်းအိမ်သာများကိုတောင် သူတို့ကိုယ်တိုင်ပဲ သန့်ရှင်းရေး ပြုလုပ်ကြရပါတယ်။ ကျွန်တော်တို့ မြန်မာကျောင်းတွေမှာ ကျန်စစ်သားအသင်း ၊ ဘုရင့်နောင် အသင်း ဒါမှမဟုတ် အနီသင်း ၊ အဝါသင်း စသဖြင့် ခွဲခြားထား သလို ဂျပန်ကျောင်းတွေမှာလည်း အဖွဲ့ငယ်များ စုဖွဲ့ထားကြ ပြီး တစ်နှစ်ပတ်လုံး အလှည့်ကျစနစ် နဲ့ ကျောင်းတွင်းဆိုင်ရာ သန့်ရှင်းရေး၊ ထိန်းသိမ်းရေး အလုပ်များကို လုပ်ကြရပါတယ်။ ဒီလိုမျိုး ကျောင်းသားတွေကိုယ်တိုင် အသင်းအဖွဲ့တွေ ဖွဲ့စည်း ပြီး အလုပ်များကို လုပ်စေခြင်းက မိမိကိုယ်ကို သန့်ရှင်းသပ်ရပ် အောင်ပြုမူမှု၊ အဖွဲ့စည်းစိတ်ဓာတ်နှင့် တစ်ဦးကို တစ်ဦး ရိုင်းပင်း ကူညီမှု စတာတွေကို သင်ကြားပေးနိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။ ဒါ့အပြင် တံမြက်စည်းလှည်းခြင်း၊ ကြမ်းတိုက်ခြင်း၊ မှန်တိုက်ခြင်းများကို သင်ကြားပေးခြင်းက ကလေးငယ်များအဖို့ မိမိအလုပ်ကို တန်ဖိုးထားတတ်မှုနဲ့ တစ်ပါးသူရဲ့ အလုပ်ကိုလေးစားတတ်မှုတို့ကို ဖြစ်ပေါ်စေတယ် လို့ ဆိုကြပါတယ်။

(၄) အာဟာရပြည့်၀ ကျောင်းသားဘဝ
          ဂျပန်နိုင်ငံရဲ့ ကျောင်းများမှာ နေ့လည်စာကို ကျောင်းကပဲ အာဟာရပြည့်ဝစွာ ချက်ပြုတ်ကျွေးမွေးပြီး ၊ စာသင်ခန်းထဲမှာပဲ စားသောက်ကြရပါတယ်။ ဂျပန်ပညာရေး စနစ်ဟာ ကျောင်းသားများအတွက် ကျန်းမာရေးနှင့် ညီညွှတ်မျှတစွာ စားသုံးစေရန် ကိုလည်း ရည်ရွယ်ထားပါတယ်။ အလယ်တန်းကျောင်းများနဲ့ ဂျူနီယာ အထက်တန်းကျောင်းများမှာတော့ အာဟာရပြည့်ဝသော နေ့လည်စာချက်ပြုတ်ရာတွင် အရည်ချင်းရှိသော စားဖိုမှူးများ နဲ့ ကျန်းမာရေးလုပ်သားများက ဦးဆောင်ကြပါတယ်။ ကျောင်းသားများအားလုံးဟာ သူတို့ကိုယ်ပိုင်စာသင်ခန်းများ မှာပဲ ဆရာနဲ့ အတူတကွ စားသောက်ကြပါတယ်။ ဒါဟာ ဆရာ ကျောင်းသား ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေတယ်လို့ ယူဆကြပါတယ်။

(၅) သိပ္ပံ ဝိဇ္ဇာ လေ့လာစရာ
          ဂျပန်ကျောင်းသားများအဖို့ ဂျူနီယာအထက်တန်း ကျောင်းကို မတက်ရောက်မီ လက်မှုပညာကျောင်း၊ အသက်မွေးပညာကျောင်းတွေကို တက်ရောက်လေ့ရှိပါတယ်။ အဆိုပါကျောင်းများကို ညနေပိုင်းမှာ ဖွင့်လှစ်သင်ကြားတာ ဖြစ်တဲ့အတွက် ညနေစောင်းအချိန်မှ ဂျပန်ကျောင်းသား ကျောင်းသူ ငယ်ငယ်လေးတွေ သူတို့ရဲ့ သင်တန်းကိုယ်စီက နေပြန်လာတာကို တွေ့မြင်ရလေ့ရှိပါတယ်။ ဂျပန်ကျောင်းသား များဟာ တစ်နေ့အတွက် စာသင်ချိန် (၈)နာရီရှိပေမယ့် ပိတ်ရက်များမှာလည်း စာပေကိုလေ့လာသင်ယူကြပါတယ်။

(၆) ကဗျာပညာ လေ့လာစရာ
          ဂျပန်ကျောင်းသားများဟာ ကျောင်းစာများသာမက လက်ရေးလှအတတ်နဲ့ ကဗျာပညာရပ်ကိုလည်း လေ့လာသင်ယူကြရပါတယ်။ ရှိုဒို (Shodo) လို့ခေါ်တဲ့ ဂျပန်လက်ရေးလှပညာရပ်မှာ ဝါး စုတ်တံနဲ့ မှင်ကို အသုံးပြုပြီး ကောက်ရိုးစက္ကူပေါ်မှာ အရုပ်စာများကိုရေးသားရတာဖြစ်ပြီး အနုပညာတစ်ခုအနေနဲ့ တန်ဖိုးထားကြပါတယ်။ ဟိုင်ကု (Haiku) လို့ခေါ်တဲ့ ကဗျာရေးဖွဲ့နည်း တစ်နည်းအားဖြင့် ကဗျာပညာရပ်ကိုလည်း သင်ကြားကြရပါတယ်။ ကလေးများအနေနဲ့ ကိုယ့်ယဉ်ကျေးမှု၊ စာပေနဲ့ ထုံးထမ်းအစဉ်လာများကို လေးစားလိုစိတ်ဖြစ်ပေါ်လာရန် ရည်ရွယ်တယ်လို့ဆိုပါတယ်။

(၇) ကျောင်းဝတ်စုံတို့ တူညီညီ
          ဂျပန် ဂျူနီယာအထက်တန်းကျောင်းသားအားလုံး နီးပါးဟာ တူညီတဲ့ ကျောင်းဝတ်စုံများကို ဝတ်ဆင်ရပါတယ်။ တူညီဝတ်စုံများကို ဝတ်ခိုင်းခြင်းဖြင့် ကျောင်းသား ကျောင်းသူများကြား လူမှုရေးပြိုင်ဆိုင်မှုများကို ပပျောက်စေလို ပြီး လက်တွဲလုပ်ဆောင်စေရန် ရည်ရွယ်ထားပါတယ်။

(၈) ရာနှုန်းပြည့် ကျောင်းတက်ကြသူများ
          ကျွန်တော်တို့ဘဝမှာ အနည်းဆုံး တစ်ကြိမ် တစ်ခါတော့ ကျောင်းပြေးဖူးကြပါတယ်။ ဒါပေမယ့် ဂျပန်ကျောင်းသားများကတော့ အတန်းမလစ်ကြတဲ့အပြင် ကျောင်းချိန်တောင် နောက်မကျကြဘူးလို့ ဆိုပါတယ်။

(၉) စာမေးပွဲဟာ အနာဂတ်ကိုဆုံးဖြတ်သတဲ့
          ဂျပန်ကျောင်းသားများအဖို့ အထက်တန်း ပညာသင်နှစ် ပြီးဆုံးတဲ့အခါမှာ သူတို့အနာဂတ်အတွက် အလွန် အရေးပါတဲ့ စာမေးပွဲတစ်ခုကို ဖြေဆိုကြရပါတယ်။ ကျောင်းသားတစ်ယောက်ဟာ သူသွားရောက်ပညာသင်ကြား လိုတဲ့ ကောလိပ် ကို သူကိုယ်တိုင်ရွေးခြယ်နိုင်သလို အဆိုပါ ကောလိပ်က သတ်မှတ်ထားတဲ့ အမှတ်ရအောင်လည်း ဖြေဆို ရပါတယ်။ ကောလိပ်က သတ်မှတ်ထားသော အမှတ်မမီတဲ့ အခါမှာ တက်ရောက်ခွင့်မရကြပါဘူး။ အလွန်ခက်ခဲ တဲ့အတွက် ကျောင်းသားအားလုံးရဲ့ ၇၆ ရာခိုင်နှုန်းခန့်သာ အထက်တန်းပညာရေးပြီးဆုံးတဲ့အခါ ဆက်လက်ပညာ သင်ကြားနိုင်ပါတယ်။ ဂျပန်တွေကတော့ အဲဒီတက္ကသိုလ်ဝင်ခွင့် အတွက် ပြင်ဆင်ချိန်ကာလကို ငရဲခန်း စာမေးပွဲ လို့တောင် နာမည်ပြောင် ပေးထားကြပါတယ်။

(၁၀) တက္ကသီလာ မြကျွန်းသာ
          အဆိုပါ ငရဲခန်းစာမေးပွဲကြီးကို ကျော်လွန်လာတဲ့ အခါ ဂျပန်ကျောင်းသားများဟာ အနည်းငယ် အနားယူလေ့ရှိကြ ပါတယ်။ ဂျပန်နိုင်ငံမှာတော့ ကောလိပ်တက်ရောက်စဉ်ကာလ ကို လူတစ်ယောက်ရဲ့ အကောင်းဆုံးကာလလို့ တင်စားကြ ပါတယ်။
Ref; http://upshout.net/japans-educational-system
                                                                                                မောင်တင်

Comments

Popular posts from this blog

ကိတ်ဝင်းစလက်၏ အနုပညာခရီး

အာနာပါနကမ္မဌာန်းရှုမှတ်နည်း

မဂ္ဂင် ၈ ပါး