ကမ္ဘာကျော်ရုပ်ရှင်တို့နောက်ကွယ်က စာရေးဆရာ
ကမ္ဘာကျော်ရုပ်ရှင်တို့နောက်ကွယ်က စာရေးဆရာ
မိတ်ဆက်
စာရေးဆရာ ဒန်ဘရောင်း (Den Brown) ဟာ နာမည်ကျော်ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “The Da Vin Chi Code” ရဲ့ ဝတ္ထုရေးသားသူဖြစ်ပြီး အဆိုပါစာအုပ်နဲ့ပဲ ၂၀၀၃ ခုနှစ်မှာ အရောင်းရဆုံး စာရင်းဝင်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ စာအုပ်များကို ဘာသာပေါင်း ၅၂ ခုထိ ဘာသာပြန်ဆိုခဲ့ရပြီး ၂၀၁၂ ခုနှစ်ထိ သန်း ၂၀၀ ကျော် ပုံနှိပ်ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။
ငယ်ဘဝ
ဒန်ဘရောင်းကို ၁၉၆၄ ၊ ဇွန်လ ၂၂ ရက်နေ့တွင် မွေးဖွားခဲ့ပါတယ်။ ဇာတိကတော့ အက်စတာမြို့၊ နယူးဟမ်းရှဲပြည်နယ်၊ အမေရိကန်ပြည်ထောင်စု ဖြစ်ပြီး မွေးချင်းသုံးယောက်အနက် အကြီးဆုံးသားဖြစ်ပါတယ်။ ဒန်ဘရောင်းဟာ ငယ်စဉ်ကတည်းက ပဟေဌိတွေ၊ မြေပုံတွေကို စိတ်ဝင်စားခဲ့သူဖြစ်ပြီး သချာၤပညာရှင်ဖြစ်သူ အဖေက ကျောင်းပိတ်ရက်များဆို ဉာဏ်စမ်းမြေပုံများ၊ ကုဒ်များ၊ သဲလွန်စများကတစ်ဆင့် လက်ဆောင်ထုပ်များ ရှာဖွေခြင်းကို ကစားစေခဲ့ပါတယ်။ နောင်သူရေးသားခဲ့တဲ့ နာမည်ကျော်ဝတ္ထု “The Da Vin Chi Code” မှာ အဆိုပါ အကြောင်း အရာများကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။
ပညာရေးနဲ့ ဂီတနယ်ပယ်
ပညာရေးကိုတော့ ဖီးလစ် အက်စတာ အကယ်ဒမီမှာသင်ယူခဲ့ပါတယ်။ အဲဒီနောက် Amherst ကောလိပ်မှာ အင်္ဂလိပ်၊ စပိန်ဘာသာစကားတို့နဲ့ သင်ယူခဲ့ပြီး ၁၉၈၆ ခုနှစ်မှာ ဘွဲ့ရခဲ့ပါတယ်။ ကျောင်းတက်နေစဉ်ကာလများမှာ အဆိုတော်၊ သီချင်းရေးသူနဲ့ ပန်းချီ ဆရာအဖြစ် အသက်မွေးခဲ့ပြီး အတော်အသင့်အောင်မြင်မှုများ ရခဲ့ပါတယ်။ ထို့နောက် လော့စ်အိန်ဂျလီမြို့သို့ ပြောင်း ရွှေ့နေထိုင်ခဲ့ပြီး Beverly Hills Preparatory School မှာ စပိန် ဘာသာစကား သင်ကြားသူအဖြစ် အသက်မွေး ဝမ်းကြောင်းပြုခဲ့ပြီး နောင်သူ့ဘဝအတွက် အရေးပါမယ့် အမျိုးသမီး Blythe Newlon နဲ့ ဆုံတွေ့ခဲ့ပါတယ်။ Blythe Newlon ဟာ ဒန်ဘရောင်းထက် အသက် ၁၂ နှစ်ကြီးပြီး National Academy of Songwriters မှာ ဒါရိုက်တာအဖြစ် အသက်မွေးသူတစ်ဦးဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန် လာတာနဲအမျှ ဒန်ဘရောင်းရဲ့ ဂီတ ဖန်တီးမှုအပိုင်းတွေမှာ အကူညီများ ပေးနိုင်ခဲ့ပါတယ်။ အဲဒီနောက် ဒန်ဘရောင်းဟာ အယ်လ်ဘမ် လေးခု သီဆို ထုတ်ဝေနိုင်ခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာ နယူးဟမ်းရှဲကို ပြန်လာခဲ့ပြီး ဖီးလစ်အက်စတာ အကယ်ဒမီမှာပဲ အင်္ဂလိပ်စာ သင်ကြားသူအဖြစ် ပြန်လည် အလုပ်လုပ်ခဲ့ပါတယ်။
စာရေးသူဘဝ
စာရေးခြင်းအမှုကိုတော့ Sidney Sheldon ရဲ့ "Doomsday Conspiracy" ဆိုတဲ့ စာအုပ်ကို ဖတ်မိပြီး စာရေးချင်စိတ်ပေါ်ခဲ့တယ်လို့ ဆိုရမှာပါပဲ။ ဘာကြောင့်လည်းဆိုတော့ ဒန်ဘရောင်းဟာ ထိုစာအုပ်ကို ဖတ်မိသွားတဲ့နောက်မှာ Sidney Sheldon လိုပဲ စိတ်လှုပ်ရှားဖွယ် စိတ်ကူးယဉ် ဇာတ် ဝတ္ထုများ ဖန်တီး ရေးသား ချင်လာခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် “Digital Fortress” ကိုစတင်ရေးသားခဲ့ပါတယ်။ သူ့အမျိုးသမီးရဲ့ စာအုပ် ဖြစ်တဲ့ “187 Men to Avoid: A Survival Guide for the Romantically Frustrated Woman” စာအုပ်မှာ လည်း "Danielle Brown" ဆိုတဲ့ ကလောင်အမည်နဲ့ ပါဝင်ရေးသားခဲ့ပါတယ်။ ဒန်ဘရောင်းဟာ စာရေးခြင်းနယ်ပယ်ဆီ ခြေစုံ ပစ်ဝင်ခဲ့တာတော့ ၁၉၉၆ ခုနှစ်မှပါ။ ၁၉၉၈ ခုနှစ်မှာ သူ့ရဲ့ ပထမဆုံးဝတ္ထု “Digital Fortress” ကို ထုတ်ဝေနိုင်ခဲ့ပါတယ်။ လအနည်းငယ် အကြာမှာပဲ သူရဲ့ အမျိုးသမီးနဲ့ အတူတွဲပြီး “Bald Book” ကိုထုတ်ဝေခဲ့ပါတယ်။ အဲဒီနောက် ၂၀၀၀ ပြည့်နှစ်မှာ “Angels and Demons” ၊ ၂၀၀၁ ခုနှစ်မှာ “Deception Point” တို့ကို ဆက်လက်ရေးသား ထုတ်ဝေနိုင်ခဲ့ ပါတယ်။ ဟားဗက်တက္ကသိုလ်ရဲ့ သင်္ကေတဘာသာပညာရှင် ရော့ဘတ်လန်ဒန်ဆိုတဲ့ ဇာတ်ကောင်ကို စတင်မွေးဖွား ပေးခဲ့ခြင်းလည်းဖြစ်ပါတယ်။ အထက်ပါ စာအုပ်သုံးအုပ်ဟာ အတော်လေးအောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါပဲ။ အုပ်ရေ ပေါင်း ၁၀၀၀၀ ခန့် ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပါတယ်။ New York Times ရဲ့ အရောင်းရဆုံး စာရင်းမှာ ထိပ်ဆုံးဝင်ခဲ့တာက တော့ ဒန်ဘရောင်းရဲ့ စတုတ္ထမြောက် ဝတ္ထုဖြစ်တဲ့ “The Da Vin Chi Code” ပါ။ ၂၀၀၃ ခုနှစ် ပထမ သီတင်းပါတ်မှာ စတင်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး ယနေ့အချိန်ထိ အကျော်ကြားဆုံးစာရင်းဝင် စာအုပ်အဖြစ် ရပ်တည်နေဆဲဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှတ်တမ်းများမှာတော့ အုပ်ရေ ၈၁ သန်းကျော် ရောင်းချခဲ့ရတယ်လို့ ဆိုထားပါတယ်။ “The Da Vin Chi Code” ရဲ့ အောင်မြင်မှုက ဒန်ဘရောင်းအရင် ရေးသားခဲ့တဲ့ စာအုပ်တွေကို လည်း အောင်မြင်မှုဆီ ခေါ်ဆောင်နိုင်ခဲ့ ပါတယ်။ ၂၀၀၄ ခုနှစ်မှာ သူရေးသားခဲ့တဲ့ ဝတ္ထု လေးအုပ်လုံး New York Times မှာ အရောင်းရဆုံး စာရင်းဝင်ခဲ့ပြီး၊ ၂၀၀၅ ခုနှစ်မှာ Times မဂ္ဂဇင်းကထုတ်ပြန်တဲ့ အလွှမ်းမိုးနိုင်ဆုံး အယောက် ၁၀၀ စာရင်းမှာ ဒန်ဘရောင်း ပါဝင်လာခဲ့ ပါတယ်။ Forbes မဂ္ဂဇင်းရဲ့ စာရင်း မှာတော့ နံပါတ် ၁၂ ချိတ်ခဲ့ပြီး အဲဒီနှစ်မှာပဲ အမေရိကန်ဒေါ်လာ ၇၆.၅ သန်းကျော် ဝင်ငွေရရှိခဲ့ပါတယ်။ “The Da Vin Chi Code” စာအုပ်မှ ရတဲ့ ဝင်ငွေကိုတော့ ဒေါ်လာ သန်း ၂၅၀ ကျော်လို့ Times မဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။ အဓိကဇာတ်ကောင် ရော့ဘတ်လန်ဒန် ပါဝင်တဲ့ တတိယမြောက်စာအုပ်ဖြစ်တဲ့ “The Lost Symbol” ကို ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်ဝေဖြန့်ချီခဲ့ပါတယ်။ စရောင်းတဲ့နေ့မှာပဲ အုပ်ရေ တစ်သန်းကျော်ရောင်းထွက်ခဲ့ပြီး ငါးသန်းကျော်အထိ ဆက်လက်ပုံနှိပ်ခဲ့ရပါတယ်။ နောက်ထပ် နာမည်ကျော် ဝတ္ထုဖြစ် တဲ့ “Inferno” ကိုတော့ ၂၀၁၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့မှာ ထုတ်ဝေနိုင်ခဲ့ပါတယ်။ ထုတ်ဝေပြီးချင်းမှာပဲ တစ်ခါ အရောင်းရဆုံးစာအုပ်ဖြစ်ခဲ့ပါတယ်။ အဆိုပါစာအုပ်ဟာ ရော့ဘတ်လန်ဒန်ဆိုတဲ့ ဇာတ်ကောင်ပါဝင်တဲ့ စတုတ္ထမြောက် စာအုပ်ဖြစ်ပြီး ဒန်ဘရောင်းကတော့ ၁၂ အုပ်ခန့်ရေးသားမယ်လို့ ဆိုခဲ့ပါတယ်။ ပဥ္စမမြောက် စာအုပ်ဖြစ်တဲ့ “Origin” ကိုတော့ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့မှာ ဖြန့်ချီမယ်လို့ သူ့ကိုယ်ပိုင် website မှာ ပြောထားပါတယ်။
မောင်တင်
Dan Brown - Biography - life story.htm
Comments
Post a Comment