ပျက်သုဉ်းမယ့် ဒြပ်စင်များ၏မိခင်

ပျက်သုဉ်းမယ့် ဒြပ်စင်များ၏မိခင်

မိတ်ဆက်
          Marie Curie(မရီကျူရီ) ဟာ နိုဘယ်လ်ဆုချီးမြှင့်ခံရတဲ့ ကမ္ဘာ့ပထမဆုံးသော အမျိုးသမီးဖြစ်သလို မတူညီ သောနယ်ပယ်နှစ်ခု(ရူပဗေဒနှင့် ဓာတုဗေဒ) အတွက်လည်း နိုဘယ်လ်ဆုချီးမြှင့်ခံရတဲ့ တစ်ဦးတည်းသော အမျိုးသမီးဖြစ်ခဲ့ ပါတယ်။ သူမရဲ့ အမျိုးသား Pierre Curie နဲ့အတူ ပိုလိုနီယမ် (polonium) နှင့် ရေဒီယမ် (radium) ကို ရှာဖွေတွေ့ရှိခဲ့ ကြပြီး အမျိုးသားသေဆုံးပြီးနောက် ဓာတ်မှန်(X rays) ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးဦးစွာ လုပ်ဆောင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။


ငယ်ဘဝ
          နောင်အခါ မရီကျူရီ(Marie Curie) လို့ထင်ရှားကျော်ကြားမယ့် Maria Sklodowska ကို ၁၈၆၇ ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်နေ့တွင် ပိုလန်နိုင်ငံ ဝါဆောမြို့မှာ မွေးဖွားခဲ့ပါတယ်။ သူမရဲ့ မိဘနှစ်ပါးလုံးက ကျောင်းဆရာတွေ ဖြစ်ကြပါတယ်။ မွေးချင်း (၅)ယောက်အနက် အငယ်ဆုံးသမီးဖြစ်ပြီး သချာၤနှင့် ရူပဗေဒဆရာဖြစ်သူ ဖခင် နဲ့ ရုပ်ချင်းရော စရိုက်ချင်းပါ တူညီပါတယ်။ ကျောင်းနေစဉ်ကတည်းက ထက်မြက်ပြီး စူးစမ်းရှာဖွေလိုစိတ်ရှိသူတစ်ယောက်ဖြစ်ပြီး  တောက်ပတဲ့အနာဂတ်ရှိသူတစ်ဦး လည်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးမိုးမှောင်ကျမှုဟာ သူမထံကို စောစီးစွာ ရောက်ရှိလာခဲ့ပါတယ်။ အဲဒါကတော့ မရီကျူရီ အသက် (၁၀) နှစ်ခန့်အရောက်မှာတော့ တီဘီရောဂါဝေဒနာ ခံစားနေရတဲ့ မိခင်ကို ဆုံးရှုံးလိုက်ရခြင်းပဲဖြစ်ပါတယ်။

          အတန်းထဲမှာ ထူးချွန်ဆုံးဖြစ်တဲ့ ကျူရီဟာ ဝါဆောက္ကသိုလ်ကိုတက်ရောက်လိုပေမယ့် တက္ကသိုလ်က အမျိုးသမီးများကို လက်မခံခဲ့ပါဘူး။ အမျိုးသားများကိုသာ တက်ရောက်သင်ကြားခွင့်ပြုတဲ့ တက္ကသိုလ်ဖြစ်ပါတယ်။ သိပ္ပံသုတေသနကို စိတ်ဝင်စားကြတာချင်း တူတဲ့ အစ်မဖြစ်သူ Bronya နဲ့အတူ နိုင်ငံရပ်ခြားမှာ ကျောင်းဆက်တက်ပြီး ဘွဲ့ယူချင်တဲ့ အိပ်မက် ရှိကြပေမယ့် ကုန်ကျစရိတ်ကို မတတ်နိုင်ခဲ့ကြပါဘူး။ ဒါပေမယ့် ဒီလောကဓံတရားကို သူမတို့ မဖြုံခဲ့ပါဘူး။ အစ်မဖြစ်သူ ဆေးကျောင်းဆက်တက်နိုင်ဖို့အတွက် ကျူရီဟာ အပြင်ထွက်လို့ အလုပ်လုပ်ခဲ့ပါတယ်။

          ခက်ခဲကြမ်းတမ်းတဲ့ နောင်(၅)နှစ်ခန့်အကြာမှာတော့ ကျူရီတစ်ယောက် ဂိုက်ဆရာမအလုပ်နဲ့ ကလေးထိန်းဆရာမအလုပ် နှစ်ခုကို လုပ်ကိုင်နေရပါပြီ။ သူမရဲ့အားလပ်ချိန်တွေကို စာပေပညာလေ့လာခြင်း၊ ဓာတုဗေဒ၊ ရူပဗေဒနဲ့ သချာၤပညာရပ်ဆိုင်ရာ စာအုပ်များကို ဖတ်ရှုလေ့လာခြင်းနဲ့သာ ကုန်လွန်စေခဲ့ပါတယ်။ ၁၈၉၁ ခုနှစ် ကိုရောက်တဲ့အခါ ပညာဆက်လက်သင်ကြားဖို့ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ဆီထွက်ခွာလာခဲ့ပါတယ်။ ပိုက်ဆံအနည်းငယ်သာ ရှိတဲ့သူမအဖို့ ထောပတ်ပေါင်မုန့်နဲ့ လဖက်ရည်သာ သုံး ဆောင်ရတာက များပါတယ်။ ဒါကြောင့် အာဟာရ ချို့တဲ့ပြီး တစ်ခါတရံ နာဖျားခဲ့ရပါတယ်။ ဒါပေမယ့် ဖိုင်နယ်စာမေးပွဲတွေ ပြီးတိုင်းမှာ ကျူရီရဲ့အဆင့်ဟာ အမြဲတမ်း(၁)ပါပဲ။

          ဒီလိုနဲ့ ဇွဲမလျော့ပဲ ကြိုးစားလာခဲ့တဲ့ ကျူရီဟာ ၁၈၉၃ ခုနှစ်မှာ ရူပဗေဒ မဟာဘွဲ့ကို ရရှိခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ သချာၤဘာသာရပ် ဘွဲ့ကိုလည်း ရရှိခဲ့ ပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ သံမဏိအမျိုးစား ပေါင်းစုံနဲ့ သူတို့ရဲ့ ဂုဏ်သတ္တိများကို လေ့လာဖို့ တာဝန်ပေး အပ်ခြင်းကို ရရှိခဲ့ပါတယ်။ သုတေသနလုပ်ငန်းအတွက် ဓာတ်ခွဲခန်းလိုတဲ့သူမကို သူငယ်ချင်းတစ်ဦးက နောင်တစ်ချိန် သူမဘဝလက်တွဲဖော်ဖြစ်လာမယ့် ရူပဗေဒပညာရှင် Pierre Curie နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ Pierre Curie ဟာ  သူမအတွက် Municipal School of Industrial Physics and Chemistry မှာ နေရာသေးသေးတစ်ခု စီစဉ်ပေးနိုင်ခဲ့ပါတယ်။ လှပသော အချစ်တစ်ခု မွေးဖွားလာခဲ့ပြီး ကမ္ဘာ့ သိပံပညာတိုးတက်ပြောင်းလဲမှု အတွက် တွဲဖက်တစ်စုံလည်း ဖြစ်လာခဲ့ပါတယ်။ သူတို့ နှစ်ဦး ဟာ ၁၈၉၅ခုနှစ် ဂျူလိုင်လ (၂၆)ရက်နေ့မှာ လက်ထပ်ခဲ့ကြပါတယ်။


ရှာဖွေတွေ့ရှိခဲ့သော သမိုင်းဝင်မှတ်တမ်းမှတ်ရာများ
          ကျူရီနဲ့ သူမအမျိုးသား Pierre Curie တို့ဟာ စံတင်လောက်ဖွယ် သိပံပညာရှင်များဖြစ်ခဲ့ကြပြီး သိပ္ပံပညာ မှာပဲ အလုံးစုံ မြှုပ်နှံထားကြသူတွေ ဖြစ်ကြပါတယ်။ အစပိုင်း မှာ တစ်ယောက်ကို ပရောဂျက်တစ်ခုစီနဲ့ စတင်လုပ်ကိုင်ခဲ့ကြ ပါတယ်။ ကျူရီရဲ့ သုတေသနလုပ်ငန်းကို ကူညီလုပ်ကိုင်ပေး သူကတော့ Henri Becquerel ပါ။ Henri ဟာ ပြင်သစ်လူမျိုး သိပ္ပံပညာရှင်ဖြစ်ပြီး Wilhelm Conard Roentgen ရှာဖွေတွေ့ရှိခဲ့တဲ့ X-rays တွေလောက် အင်အားမများတဲ့ ယူရေနီယံလှိုင်း ( uranium rays) တွေကို ရှာဖွေတွေ့ရှိခဲ့သူ ဖြစ်ပါတယ်။

          ကျူရီရှာဖွေတွေ့ရှိခဲ့တာကတော့ ယူရေနီယံလှိုင်း တွေဘယ်ကလာသလဲ ဆိုတာကိုပါ။ အဆိုပါလှိုင်းတွေရဲ့ ရုပ်ဂုဏ်သတ္တိကို radioactivity လို့ အမည်ပေးခဲ့ပြီး အနုမြူ ရုပဗေဒရဲ့ နယ်ပယ်ကို စတင်နိုင်ခဲ့ပါတယ်။ Marie နဲ့ Pierre တို့ဟာ သမီးလေး အိုင်းရင်း (Irene) ကို ၁၈၉၇ ခုနှစ် မှာမွေးဖွားခဲ့ပါတယ်။ သူတို့ရဲ့ သုတေသနလုပ်ငန်းများက တော့ နှောင့်နှေးသွားခြင်း မရှိခဲ့ပါဘူး။

          အမျိုးသားဖြစ်သူ Pierre ရဲ့ ဖေးမကူညီမှုများနဲ့ အတူ ရေဒီယိုဂုဏ်သတ္တိရှိ ဒြပ်စင်တစ်မျိုးကို ၁၈၉၈ ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ၎င်းကို ပိုလိုနီယမ် (polonium) လို့ အမည်ပေးခဲ့ ကြပါတယ်။ မရီကျူရီရဲ့ မွေးရပ်မြေဖြစ်တဲ့ ပိုလန်ကို အစွဲပြုပြီးတော့ပေါ့။ တစ်ဖန် နောက်ထပ် ဒြပ်စင် တစ်မျိုးကိုလည်း တွေ့ရှိခဲ့ပါတယ်။ အဲဒါကိုတော့ ရေဒီယမ် (radium) လို့ အမည်ပေးခဲ့ကြပါတယ်။ ၁၉၀၂ ခုနှစ်အရောက်မှာတော့ ကျူရီတို့ ဇနီးမောင်နှံဟာ တစ်ဂရမ်ရဲ့ ဆယ်ပုံပုံ တစ်ပုံရှိတဲ့ သန့်စင်ပြီး ရေဒီယမ်ကို ပြသရင်း ကြေညာချက်ထုတ်နိုင်ခဲ့ပါတယ်။


သိပညာရဲ့ ထင်ရှားကျော်ကြားသူ
          ၁၉၀၃ ခုနှစ်အရောက်မှာတော့ မရီကျူရီ ကို ကမ္ဘာ့ ပထမဆုံး အမျိုးသမီး နိုဘယ်လ်ဆုရှင်အဖြစ် ကြေညာခဲ့ကြ ပါတယ်။ အမျိုးသားဖြစ်သူ Pierre ၊ တွဲဖက်ဖြစ်သူ Henri Becquerel တို့နဲ့အတူ များစွာသော ဂုဏ်ထူးဆောင် မှတ်တမ်းများကိုလည်း ရရှိခဲ့ကြပါတယ်။ ရရှိခဲ့တဲ့ ငွေကြေးများကို သိပ္ပံသုတေသနအတွက် ရင်းနှီးမြှပ်နှံခဲ့ကြပါတယ်။ အဲဒီနှစ်မှာပဲ နောက်ထပ် သမီးလေး Eve ကိုမွေးဖွားခဲ့ကြပါတယ်။

          ၁၉၀၆ ခုနှစ်ကတော့ ကျူရီအတွက် ကံဆိုးမိုးမှောင် ကျတဲ့နှစ်လို့ဆိုရမှာပါ။ ဘာကြောင့်လည်းဆိုတော့ အမျိုးသား ဖြစ်သူ Pierre တစ်ယောက် မြင်းလှည်းကြိတ်ပြီး သေဆုံးသွား တာကြောင့်ပဲဖြစ်ပါတယ်။ ဝမ်းနည်းကြေကွဲစွာခံစားခဲ့ပေမယ့် သုတေသနနဲ့ သင်ကြားရေးကိုပဲ အာရုံစိုက်ခဲ့ပါတယ်။ Sorbonne တက္ကသိုလ်မှာ သိပံ္ပပညာရပ်များကို ပြန်လည်ပို့ချ ခဲ့ပြီး ပထမဆုံး အမျိုးသမီး ပါမေက္ခဖြစ်လာခဲ့ပါတယ်။

          ၁၉၁၁ ခုနှစ်မှာတော့ ဒုတိယအကြိမ် နိုဘယ်လ်ဆုကို လက်ခံရရှိခဲ့ပါတယ်။ ပထမတစ်ခေါက်က ရူပဗေဒနဲ့ ရရှိခဲ့ပြီး ဒုတိယတစ်ခေါက်ကတော့ ဓာတုဗေဒနဲ့ပါ။ radium နဲ့ polonium ကိုစတင်တွေ့ရှိသူဖြစ်တဲ့အတွက် ရွေးချယ်ခံရခြင်း ဖြစ်ပြီး နိုဘယ်လ်ဆု (၂)ခုရတဲ့ ကမ္ဘာ့ပထမဆုံး သိပံ္ပပညာရှင်ဖြစ်လာခဲ့ပါတယ်။

          အဲဒီနောက် ကျူရီဟာ ထင်ရှားကျော်ကြားတဲ့ သိပံ္ပပညာရှင်များဖြစ်ကြတဲ့ Albert Einstein နဲ့ Max Planck တို့နဲ့ ဆက်သွယ်ခဲ့ပြီး ပထမအကြိမ်ကျင်းပတဲ့ ရူပဗေဒ ညီလာခံကို တက်ရောက်ခဲ့ပါတယ်။ ၁၉၁၁ ခုနှစ်မှာတော့ ကျူရီတစ်ယောက် သတင်းဆိုးတွေထွက်ခဲ့ပါတယ်။ သူမအမျိုးသားရဲ့ တပည့်ကျောင်းသား Paul Langevin နဲ့ တွဲနေတယ်ဆိုတာကို အများက သိရှိသွားလို့ပဲဖြစ်ပါတယ်။ အဆိုပါ မကောင်းသတင်းကို သတင်းမီဒီယာများက အကျယ်တဝင့်ရေးသားဖော်ပြကြပြီး ကျူရီကို တစ်ပါးသူ အိမ်ထောင်ရေးကို ဖျက်ဆီးသူဟု နှိမ်ချပြောဆိုခဲ့ကြပါတယ်။ ဒါကြောင့် ကျူရီဟာ သူစိမ်းကြောက်ရောဂါကို စတင်ခံစားခဲ့ ရပါတယ်။

          ၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ်ကြီးဖြစ်ပွားခဲ့အခါမှာတော့ မရီကျူရီတစ်ယောက် သုတေသန လုပ်ငန်းတွေနဲ့ပဲ အချိန်တွေကို အသုံးချနေခဲ့ပါတယ်။ သူမတီထွင်ခဲ့သော ယနေ့ကျွန်တော်တို့ အသုံးပြုနေကြတဲ့  X-ray machines (ဓါတ်မှန်ရိုက်စက်) များကို စတင်သုံးစွဲခဲ့ကြရပြီး အဆိုပါ စက်များကို Little Curies လို့လည်း ခေါ်ဝေါ်ခဲ့ကြပါတယ်။ (စစ်ပွဲအတွင်းမှာ ကျွန်မရဲ့ ဓါတ်မှန် ရိုက်စက်များက အသက်ပေါင်းများစွာကို ကယ်ဆယ်ပေးနိုင်ခဲ့ပါတယ် လို့ မရီကျူရီကပြောဆိုခဲ့ပါတယ်။) စစ်ပွဲကြီးပြီးဆုံးတဲ့အခါမှာလည်း သိပံ္ပသုတေသနလုပ်ငန်းများကို ပိုမိုကျယ်ပြန့်စွာလုပ်ဆောင်ခဲ့ပါတယ်။ ရေဒီယိုသတ္တိကြွသတ္ထုများနဲ့ တစ်ချိန်လုံးအလုပ်လုပ်ရတဲ့ အတွက် ရောဂါများကို စတင်ခံစားလာခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၃၄ ခုနှစ် ၊ ဇူလိုင်လ (၄)ရက်နေ့မှာ aplastic anemia ဆိုတဲ့ သွေးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
Ref; "http://www.biography.com/people/marie-curie-9263538
                                                                                                                          မောင်တင်


Comments

Popular posts from this blog

ကိတ်ဝင်းစလက်၏ အနုပညာခရီး

အာနာပါနကမ္မဌာန်းရှုမှတ်နည်း

မဂ္ဂင် ၈ ပါး