ဆရာဝန်စာရေးဆရာတစ်ယောက်၏ စာပေလက်ရာများ


ဆရာဝန်စာရေးဆရာတစ်ယောက်၏ စာပေလက်ရာများ
          ၁၈၉၆ ခုနှစ်၊ ဂျူလိုင်လ ၁၉ရက်နေ့တွင် စကော့တလန်ပြည်၊ ဒန်ဘာတွန်ရှိုင်းယား (Dumbartonshire) မြို့မှာ A.J Cronin ကို မွေးဖွားခဲ့ပါတယ်။ အမည်ရင်းမှာ Archibald Joseph Cronin ြဖြစ်ပြီး နောင်အခါ A.J Cronin ဟူသော ကလောင်ဖြင့် ထင်ရှားကျော်ကြားခဲ့ပါတယ်။ ၁၉၁၄ ခုနှစ်တွင် Glasgow University ကိုတက်ရောက်ပြီး ဆေးပညာ သင်ကြားခဲ့ပါတယ်။ ဒါပေမယ့် ပထမကမ္ဘာစစ်ကြီး ဖြစ်တဲ့အခါမှာတော့ သူ့ရဲ့ ပညာသင်ယူမှုဟာ ရပ်တန့်ခဲ့ရပြီး ဗြိတိသျှရေတပ်မှာ ဒုဗိုလ်အဆင့်ရှိ ခွဲစိတ်ဆရာဝန်အဖြစ် အမှုထမ်းခဲ့ပါတယ်။ ၁၉၁၉ ခုနှစ်မှာတော့ M.B ဘွဲ့နဲ့ Ch.B ဘွဲ့တို့ကို အမြင့်မားဆုံး ဂုဏ်ထူးများနဲ့ ရရှိခဲ့ပါတယ်။ အဲဒီနောက် ခရီသွားသဘောၤမှာ ခွဲစိတ်ဆရာဝန်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး ဆေးရုံပေါင်းများစွာသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြန်ပါတယ်။ ၁၉၂၁ ခုနှစ်မှာ အိမ်ထောင်ပြုပြီး ဝေးလ်နိုင်ငံတောင်ပိုင်းကို ပြောင်းရွှေ့ကာ ဆေးပညာလက်တွေ့ပိုင်းကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ သူရဲ့ အမျိုးသမီးဖြစ်သူ Agnes Mary နဲ့အတူ သား (၃)ယောက် ထွန်းကားခဲ့ပါတယ်။ A.J Cronin ဟာ ၁၉၂၃ ခုနှစ်တွင် Royal College မှ MRCP ဘွဲ့ကို ရရှိခဲ့ပါတယ်။ M.D ဘွဲ့ကိုတော့ ၁၉၂၅ ခုနှစ်မှာ Glasgow တက္ကသိုလ်ကပဲ ရရှိခဲ့ပြီး လန်ဒန်ကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ အဲဒီနောက် ကျောက်မီးသွေး စက်ရုံ မိုင်းတွင်းများမှာ ဖြစ်လေ့ရှိတဲ့ ရောဂါများအကြောင်းကို လေ့လာခဲ့ပါတယ်။ 

၁၉၃၁ ခုနှစ်မှာ အစာအိမ်ရောဂါနဲ့ နာမကျန်းဖြစ်ခဲ့ရပြီး စတော့တလန်မှာ သွားရောက်နားနေစဉ်အတွင်း “Hatter’s Castle” ဝတ္ထုကို ရေသားနေခဲ့ပါတယ်။ အဆိုပါ ဝတ္ထုကို ၁၉၃၁ ခုနှစ်မှာ ထုတ်ဝေဖြန့်ချီခဲ့ပြီး အရောင်းရဆုံးစာအုပ်အဖြစ် စာရင်းဝင်နိုင်ခဲ့ပါတယ်။ (ဘာသာစကားပေါင်း (၅)မျိုးအထိ ပြန်ဆို ရေးသားခဲ့ကြပြီး ၁၉၄၂ ခုနှစ်မှာ A.J Cronin’s Hatter’s Castle ဆိုပြီး ရုပ်ရှင်တစ်ကားအဖြစ် အသက်သွင်းနိုင်ခဲ့ပါတယ်။) စာရေးခြင်း ကိုစတင်လိုက်တာနဲ့ အောင်မြင်မှု ကြီးကြီးမားမားရရှိခဲ့သူ A.J Cronin ဟာ အချိန်ပြည့် စာရေးသားခြင်းအမှုကိုပဲ ပြုနေခဲ့ပါတော့တယ်။ ဒီလိုနဲ့ ၁၉၃၇ ခုနှစ် မှာတော့ သူ့ရဲ့ အကျော်ကြားဆုံးဝတ္ထုဖြစ်တဲ့ “The Citadel” ကို ရေးသားနိုင်ခဲ့ပါတယ်။ (ရုပ်ရှင်ပေါင်းများစွာ၊ ဇာတ်လမ်းတွဲပေါင်းများစွာ ရိုက်ကူးထုတ်လွှင့်ခဲ့ရပြီး အတော်လေးကို အောင်မြင်ခဲ့ပါတယ်။ မြန်မာဘာသာအဖြစ် ဆရာမောင်ထွန်းသူက “ရဲတိုက်” အမည်ဖြင့် ဘာသာပြန်ဆိုခဲ့ပြီး မြန်မာစာပေလောကမှာလည်း အောင်မြင်ခဲ့ပါတယ်။ အနောက်တိုင်းဆေးပညာ လောကကို မီးမောင်းထိုးပြသော ဝတ္ထုအဖြစ်လည်း ကျော်ကြားခဲ့ပါတယ်။) A.J Cronin ရဲ့ နောက်ထပ်အကျော်ကြားဆုံးဝတ္ထုကတော့ “Keys of the Kingdon” ပဲဖြစ်ပါတယ်။ အဆိုပါဝတ္ထုမှာ ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်ဂျပန်တို့ကြီးစိုးချိန် တရုတ်ရွာသားများကို ကူညီကယ်တင် ပေးသူ ခရစ်ယာန်ဘုန်းကြီးတစ်ယောက်အကြောင်းဖြစ်ပါတယ်။ အရောင်းရဆုံးစာအုပ်အဖြစ် ရပ်တည်နိုင်ခဲ့ပြီး “Gregory Peck, The Keys of the Kingdon” ရုပ်ရှင်အဖြစ် ၁၉၄၄ ခုနှစ်မှာ ထွက်ရှိ လာခဲ့ပါတယ်။  A.J Cronin ဟာ ၁၉၈၁ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်နေ့ သူသေဆုံးသည် အချိန်ထိ ဝတ္ထုစာအုပ်ပေါင်း ၂၃ အုပ်၊ ဝတ္ထုတို ၂ ပုဒ်၊ ပြဇာတ် ၁ ပုဒ်၊ ကိုယ်တိုင်ရေးအထုပတ္တိ ၁အုပ် ရေးသားနိုင်ခဲ့ပြီး ၂၁ ရာစု အင်္ဂလိပ် စာပေလောကမှာ အလွန်ကို ထင်ရှားကျော်ကြားခဲ့တဲ့အပြင်၊ သူရေးသားထုတ်ဝေခဲ့သော စာအုပ်များမှာ လည်း အရောင်းရဆုံး စာအုပ်များအဖြစ် ယနေ့တိုင် ထင်ရှားကျော်ကြားနေဆဲဖြစ်ပါတယ်။ စာပေဆုအဖြစ် အမေရိကန်ပြည်ထောင်စုက ပေးအပ်သော National Book Award ကို “The Citadel” စာအုပ်ဖြင့် ရရှိခဲ့ပါတယ်။  A.J Cronin ရေးသားခဲ့သော ဝတ္ထုများကို မြန်မာဘာသာအဖြစ်လည်း  ပြန်ဆိုရေးသားခဲ့ကြပါတယ်။ မြန်မာစာဖတ် ပရိတ်သတ်များအား မိတ်ဆက်ပေးခဲ့သော စာအုပ်များမှာ A.J Cronin၏ ကိုယ်တိုင်ရေးအထုပတ္တိဖြစ်သော  “Adventures in Two Worlds”  ကို ဆရာမောင်ထွန်းသူက "နှစ်လောက" ဟူသောအမည်ဖြင့်လည်းကောင်း၊ "Three Loves" ကို "အနန္တ္တမေတ္တာ" ဟူလည်းကောင်း၊ "The Stars Look Down" ကို "ကြယ်စင်များကကြည့်နေသည်" ဟူလည်းကောင်း၊ "The Citadel" ကို "ရဲတိုက် " ဟူ၍လည်းကောင်း၊ "The Keys of the Kingdon" ကို "သစ္စာရှင်" ဟူသော အမည်ဖြင့်လည်းကောင်း၊     "The Green Years" ကို "အစိမ်းရောင်နှစ်များ" ဟူ၍လည်းကောင်း ရေးသားခဲ့ပြီး၊ ဆရာမောင်ထင်လင်းက "Beyond This Place" ကို "တစ်ကျွန်းစံ၏အပြန်လမ်း" ဟူ၍လည်းကောင်း၊ "The Jadus Tree" ကို "အဆိပ်" ဟူသော အမည်ဖြင့်လည်း ကောင်း ဘာသာပြန်ဆို ရေးသားခဲ့ကြပါတယ်။
                                                                                                မောင်တင်

Comments

Popular posts from this blog

ကိတ်ဝင်းစလက်၏ အနုပညာခရီး

အာနာပါနကမ္မဌာန်းရှုမှတ်နည်း

မဂ္ဂင် ၈ ပါး