Internet နှင့် သိချင်စိတ်အကြောင်း
Internet နှင့် သိချင်စိတ်အကြောင်း
ကျွန်တော်ပြောပြချင်တဲ့ သိချင်စိတ်ဆိုတာ အတင်း၊ သတင်းနောက်ကို တကောက် ကောက်လိုက်နေခြင်း မဟုတ်ပါ။ ပညာရပ်ပိုင်းဆိုင်ရာနှင့် အခြားသိမှတ်ဖွယ်ရာ အဖြာဖြာကို သိလိုတဲ့ သိချင် သောစိတ်အကြောင်း ကိုမိတ်ဆက်ပေးခြင်းပဲဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ အင်တာနက်ကို ကျွန်တော်တို့နိုင်ငံမှာ အတော်လေးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါပြီ။ ကျွန်တော်လေ့လာ မိသလောက် Internet User တော်တော်များများဟာ အင်တာနက်အကြောင်း မသိသေးခင်မှာ အရင်ဆုံး Social Network ကပဲစသုံးကြပါတယ်။ အဲဒီနောက်ပိုင်းလည်း Social Network သုံးတာက နေမတက်တော့ပါဘူး။ ဒါဟာ တကယ့်တကယ်တွေးကြည့်ရင် မတန်ပါဘူး။
Social Network သုံးတာ အချိန်ဖြုန်းခြင်း သက်သက်ပါလို့ ကျွန်တော်ဆိုလိုတာ မဟုတ်ပါဘူး။ သူ့ဟာနဲ့သူတော့ အကျိုးကျေးဇူးများစွာရှိပါတယ်။ သို့ပေမယ့် ကျွန်တော်တို့ မြန်မာ့ လူငယ်တွေကို Social Network သုံးတာတစ်ခုတည်းနဲ့တော့ အချိန်မကုန်စေလိုပါဘူး။
Internet လိုင်းတွေ လွယ်လွယ်ကူကူရနေတဲ့အချိန်မှာ . . . ဘယ်လိုအကျိုးရှိအောင် သုံးရမလဲ . . ဒီလိုင်းတွေကိုအသုံးပြုပြီး ဘာတွေ သိနိုင် ကြားနိုင် မြင်နိုင်မလဲဆိုတာကတော့ သိပ်ကို အရေးပါ ပါတယ်။ ဒီမှာ ကျွန်တော့်ဆိုလိုရင်းကတော့ Search Engine တွေအသုံးပြုပြီး ကိုယ်သိချင်တာတွေကို အင်တာနက်ပေါ်မှာ ရှာဖွေဖို့ပါပဲ။
ဥပမာ Google ဆိုပါတော့. . .။ ကျွန်တော်တို့ဟာ အိမ်တွင်းမှာပဲ လုပ်လို့ရတဲ့ လက်လုပ်ပစ္စည်းတစ်ခုကို လုပ်ကြည့်ချင်တယ်ဆိုပါတော့။ Google Search Box မှာ How to make a handmade postcard? လို့ ရိုက်ရှာကြည့်ရပါမယ်။ ဒါနမူနာမေးပြတာပါ။ အဲဒီမှာ Google အနေနဲ့ ကျွန်တော်တို့ရဲ့ မေးခွန်းအတွက် လျော်ညီတဲ့ အဖြေတွေ . . ၊ အင်တာနက်ပေါ်တင်ထားသမျှ ကိုက်ညီတဲ့ အဖြေတွေ ကို စက္ကန့်ပိုင်းအတွင်း ရှာပေးပါတယ်။ အဲဒီမှာ ကျွန်တော်တို့က စာတွေပဲဖတ်ချင်တာလား၊ ပုံတွေကြည့်ချင်တာလား၊ ဒါမှမဟုတ် ဗွီဒီယိုလေ့ကျင့်ခန်းတွေ ကြည့်ရှုချင်တာလား စသည်ဖြင့် အမျိုး မျိုးရွေးချယ်ပြီး. . လေ့လာဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ အင်တာနက်ကတစ်ဆင့် ပညာရပ်ပိုင်းဆိုင်ရာတွေ ၊ ကျွန်တော်တို့ သိချင်တာတွေကို ကြည့်ရှုနိုင်မှာပါ။ ဒါဟာ အင်တာနက်ကို အကျိုးရှိအောင် အသုံးချနည်းတစ်မျိုးပါပဲ။ ကျွန်တော်ဒီလိုပြောလို့ အင်တာနက်မှာ တင်ထားသမျှအကုန်လုံးဟာ အမှန်တွေချည်းပါပဲလို့ မဆိုလို ပါဘူး။ မှာ၏ မှား၏ ဖြစ်နိုင်၏ မဖြစ်နိုင်၏ဆိုတာကို လက်တွေ့လုပ်ကြည့်သည်ဖြစ်စေ ဉာဏ်နဲ့ယှဉ်ပြီး စဉ်းစားသည်ဖြစ်စေ အမှားအမှန်၊ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြား သိရှိနိုင်မှာဖြစ်ပါတယ်။
မေးခွန်းတွေမေးတာနဲ့ပါတ်သက်လို့ ကျွန်တော်ဖတ်ဖူးတဲ့ နည်းပညာရှင် ဆရာ တစ်ယောက် ရေးခဲ့တဲ့ဆောင်းပါး တစ်ပုဒ်ရှိပါတယ်။ သူကဘာပြောထားလည်းဆို တော့ . .ကျွန်တော်တို့တွေ အင်တာနက်မှာ ကိုယ်သိချင်တဲ့ မေးခွန်းတွေ ရှာဖွေတဲ့အခါ How to. . .? နဲ့ ရှာလေ့ရှိပါတယ်။ ဥပမာ How to root a phone? ပေါ့။ ဒီလိုဆို ဖုန်းတစ်လုံးကို ဘယ်လို root ဖောက်ရမယ်ဆိုတာ သိနိုင်မယ်ပေါ့လေ။ ဒါပေမယ့် သူဆက်ပြောတာက ကျွန်တော်တို့တွေဟာ အဲဒီ How to? မှာပဲ ရပ်မနေပဲ What is? အထိ ဆက်လေ့လာဖို့ တိုက်တွန်းပါတယ်တဲ့။ ဥပမာ What is Rooting? ပေါ့. . ။ အဲဒီလိုပညာရပ်ပိုင်းဆိုင်ရာအထိ ထဲထဲဝင်ဝင်လေ့လာပါလို့ တိုက်တွန်းထားပါ တယ်။
ကျွန်တော်တို့အတွက် များများသိချင်လာလေလေ များများရှာဖွေလာလေ ဖြစ်ပြီး များများရှာဖွေလာ လေ များများသိရှိလေဖြစ်မှာပါ။ စာဖတ်သူများလည်း သိချင်စိတ်များများဖြစ်ပေါ်ပြီး များများရှာဖွေလာကာ များများသိရှိကြပါစေ. . .။ အင်တာနက်ကို အကျိုးရှိရှိအသုံးချနိုင်တဲ့သူတွေ ဖြစ်ကြပါစေ။
မောင်တင်

Comments
Post a Comment