လူငယ်မှော်ဆရာလေး ဟယ်ရီပေါ်တာကို ဖန်တီးသူ

လူငယ်မှော်ဆရာလေး ဟယ်ရီပေါ်တာကို ဖန်တီးသူ
ဘဝအကျဉ်း
          ၁၉၆၅ ခုနှစ်၊ ဇူလိုင် ၃၁ရက်နေ့တွင် အင်္ဂလန်နိုင်ငံ၊ ရိတ်မြို့မှာ မွေးဖွားခဲ့တဲ့ ဂျေ ကေ ရိုလင် (J.K. Rowling) ဟာ Harry Potter and the Sorcerer’s Stone ဝတ္ထုနဲ့ စတင်နာမည်ကျော်ခဲ့သူဖြစ်ပါတယ်။ သူမဆက်လက် ရေးသားထုတ်ဝေခဲ့တဲ့ ဟယ်ရီပေါ်တာ ဇာတ်လမ်းများဟာ နိုင်ငံတကာမှာ ထင်ရှားကျော်ကြားခဲ့ပြီး အားလုံးပေါင်း (၇)အုပ် ရေးသား ခဲ့ကာ  အုပ်ရေ သန်းပေါင်းရာချီပြီး ရောင်းချခဲ့ရပါတယ်။ ရုပ်ရှင်များအဖြစ် ပြန်လည်ရိုက်ကူးဖန်တီးတဲ့အခါမှာလည်း ဝက်ဝက်ကွဲအောင်မြင်မှုများကို ရရှိခဲ့ပါတယ်။

ဘဝနိဒါန်း
          ဂျေ ကေ ရိုလင်လို့ နာမည်ကျော်တဲ့ ဂျိုအန် ရိုလင် (Joanne Rowling) ကို ၁၉၆၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် အင်္ဂလန်နိုင်ငံ၊ ရိတ်မြို့မှာမွေးဖွားခဲ့ပါတယ်။ ကလောင်အမည်ဖြစ်တဲ့ ဂျေ ကေ ကိုတော့ သူမရဲ့အဖွားအမည် ကနေ ယူထားတာဖြစ်ပါတယ်။ တကယ်တော့ ရိုလင် မှာ အလယ် နာမည် မရှိခဲ့ပါဘူး။
          အဖေမဖော်ပြတဲ့ ကလေးတစ်ယောက်အမေအဖြစ် ရပ်တည်လာ တဲ့ သူမဟာ စကော့တလန်နိုင်ငံ၊ အီဒင်ဘာ့မြို့မှာနေထိုင်ရင်း ၁၉၉၉ ခုနှစ်မှာ နိုင်ငံတကာ စာပေအသိုင်းဝိုင်းကြားမှာ သည်းသည်းလှုပ်အောင် အောင်မြင်စပြုလာခဲ့ပါတယ်။ အဲဒီအချိန်ကတော့ နယူးယောက်တိုင်း(စ်) သတင်းစာရဲ့ အရောင်းရဆုံး စာအုပ်ရင်းမှာသူမရေးသားခဲ့သော့ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲများ ပါဝင်လာပြီး မွေးရပ်ဖြစ်တဲ့ အင်္ဂလန်မှာ လည်း အောင်မြင်မှု အထိုင်အလျောက်ရရှိနေချိန်ဖြစ်ပါတယ်။ ၂၀၀၀ပြည့်နှစ်၊ ဇူလိုင်လမှာတော့ လေးအုပ်မြောက် စာအုပ် ဖြစ်တဲ့ “Harry Potter and the Goblet of Fire” ထွက်ရှိခဲ့ပြီး ရိုလင်ရဲ့ အောင်မြင်မှုဟာ အထွတ်အထိပ်ကို ရောက်ခဲ့ပါတယ်။ သမိုင်းမှာ အမြန်ဆုံးရောင်းရတဲ့ စာအုပ်အဖြစ်လည်း မှတ်တမ်းတင်ခဲ့ကြပါတယ်။
          Exeter တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တဲ့ ရိုလင်ဟာ ၁၉၉၀ မှာ  ပေါ်တူဂီကို အင်္ဂလိပ်စာသင်ကြားဖို့ ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီမှာပဲ ပေါ်တူဂီ လူမျိုး ဂျာနယ်လစ်ဖြစ်တဲ့ ဂျော့အားရန့်(စ်) (Jorge Arantes) နဲ့ လက်ထပ် ခဲ့ပါတယ်။ သူတို့ နှစ်ဦးရဲ့ သမီးလေးဖြစ်တဲ့ ဂျက်စီကာ (Jessica) ကို ၁၉၉၃ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ဒါပေမယ့် အမျိုးသားဖြစ်သူနဲ့ ကွာရှင်း ပြတ်စဲပြီးနောက်မှာတော့ သမီးလေးနဲ့အတူ အီဒင်ဘာ့မှာ ပြန်လည် နေထိုင် ခဲ့ပါတယ်။ သူမအတွက်နဲ့ သမီးဖြစ်သူအတွက် ကြိုးစားရုန်းကန်နေ ရချိန်များမှာတော့ ၁၉၉၀ ခုနှစ်တုန်းက မန်ချက်စတာမှ လန်ဒန်အသွား ရထားပေါ်မှာ တွေးမိတဲ့ အတွေးတစ်ခုကို ပြန်လည်အစပြုပြီး စာအုပ်တစ်အုပ်ရေးဖို့ စတင်ခဲ့ပါတယ်။ များစွာသော ငြင်းပယ်ခံရမှုများကို ခံခဲ့ရပြီးနောက်ဆုံးမှာတော့ သူမရဲ့ ပထမဆုံးစာအုပ်ကို ရောင်းချနိုင်ခဲ့ ပါတယ်။ အဲဒါကတော့ “Harry Potter and the Philosopher’s Stone” ဖြစ်ပါတယ်။ (အမေရိကကို စာအုပ်ဖြန့်ချီတဲ့အခါမှာတော့ Philosopher ဆိုတဲ့ စကားလုံးအစား Sorcerer လို့ပြောင်းလဲ ခဲ့ရပါတယ်။) သူမဆက်လက် ရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်များမှာတော့ လူငယ်မှော်ဆရာလေး ဟယ်ရီပေါ်တာနဲ့ သူ့အပေါင်းအပါတစ်သိုက်တို့ စုန်းကဝေနဲ့ မှော်အတတ်ပညာကျောင်းဖြစ်တဲ့ Hogwarts School မှာ ကြုံတွေ့ရဲ့ ဘဝဇာတ်ကြောင်းတွေပါဝင်ပါတယ်။

ကျော်ကြားမှုနှင့် အခွင့်အလမ်း
          ၂၀၀၀ ပြည့်နှစ် နွေရာသီအရောက်မှာတော့ ဟယ်ရီပေါ်တာ အကြောင်းရေးသားထားတဲ့ ပထမဆုံး ၃ အုပ်ဖြစ်တဲ့ “Harry Potter and the Sorcerer’s Stone”၊ “Harry Potter and the Chamber of Secrets” နဲ့ “Harry Potter and the Prisoner of Azkabaan” တို့ကနေ ဒေါ်လာ သန်း ၄၈၀ ခန့်ကို ရရှိခဲ့ပါတယ်။ အုပ်ရေ ၃၅ သန်းကျော် ပုံနှိပ်ရောင်းချ ခဲ့ရပြီး ဘာသာပေါင်း ၃၅ မျိုးနဲ့ ပြန်ဆိုထုတ်ဝေခဲ့ကြရပါတယ်။ ၂၀၀၀ ပြည့်နှစ်၊ ဇူလိုင်လ မှာတော့ ၄ အုပ်မြောက်ဖြစ်တဲ့ “Harry Potter and the Goblet of Fire” ဟာ အုပ်ရေ ၅ ဒသမ ၃ သန်းကျော် ပုံနှိပ်ရောင်းချခဲ့ရပြီး စာအုပ်မှာယူမှုပေါင်း ၁ ဒသမ ၈ သန်းကို လက်ခံရရှိခဲ့ပါတယ်။ ၅ အုပ်မြောက် ဖြစ်တဲ့ “Harry Potter and the Order of the Phoenix” ကို ၂၀၀၃ ခုနှစ်၊ ဇွန်လမှာ ဖြန့်ချီခဲ့ပါတယ်။ ၆ အုပ်မြောက် “Harry Potter and the Half-Blood Prince” ဟာ အမေရိကန်နိုင်ငံမှာ စတင်ရောင်းချချိန်မှ ၂၄ နာရီအတွင်း ၆ ဒသမ ၉ သန်းကျော် ရောင်းထွက်ခဲ့ပါတယ်။ ထုတ်ေ၀ ရေးသမိုင်းမှာ အကြီးမားဆုံး အဖွင့်ရောင်းထွက်မှု အဖြစ် ရပ်တည်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် ဂျူလိုင်လအစောပိုင်းမှာ ထွက်ရှိတဲ့ ၇ အုပ်မြောက်လည်းဖြစ် နောက်ဆုံး စာအုပ်လည်းဖြစ်တဲ့ “Harry Potter and the Deathly Hallows” ဟာ Barnes and Noble and Borders bookstores နဲ့ Amazon.com မှာ ကြိုတင်မှာယူမှုအများဆုံးအဖြစ် သမိုင်းမှတ်တမ်း တင်နိုင်ခဲ့ပါတယ်။
          အင်္ဂလန်နိုင်ငံရဲ့ ဘုရင်မကြီးထက်တောင် ချမ်းသာတယ်လို့ ပြောကြတဲ့ ဗြိတန်အချမ်းသာဆုံးထဲက ၁၃ ယောက်မြောက်ဖြစ်လာသူ ရိုလင်ဟာ နောက်ထပ် ဘယ်ဇာတ်လမ်းတွဲကိုမှ ရေးသားဖို့ အစီစဉ်မရှိတော့ ဘူးလို့ ဆိုပါတယ်။
          ဟယ်ရီပေါ်တာ စာအုပ်များအား ၂၀၀၁ ခုနှစ်မှစ ရုပ်ရှင်များအဖြစ်လည်း ဖန်တီးခဲ့ ကြပြီး ရုပ်ရှင်သရုပ်ဆောင်များဖြစ်ကြတဲ့ ဒန်နီရယ် ရက်ကလစ်၊ အမ်မာစတုန်း၊ ရူပတ်ဂရင့်တို့ အဓိကပါဝင် သရုပ် ဆောင်ခဲ့ကြပါတယ်။ ရုပ်ရှင်တစ်ကားထွက်တိုင်းလည်း အမြတ်ငွေ ဒေါ်လာ သန်းချီရခဲ့ကာ မှတ်တမ်းသစ်များလည်း ရေးထိုးနိုင်ခဲ့ကြပါတယ်။

ဟယ်ရီပေါ်တာ အလွန်
          ဂျေ ကေ ရိုလင်ဟာ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲများ ပြီးသွားတဲ့ နောက်မှာတော့ နောက်ထပ် တခြားစာအုပ်များလည်း ရေးသားဖို့ အားထုတ် ခဲ့ပါတယ်။ အဲဒီနောက် ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲများ ရေးသားခဲ့စဉ်က ဖော်ပြခဲ့တဲ့ ဒဏ္ဍာရီ ၅ ခုကိုစုစည်းထားတဲ့ “The Tales of Beedle the Bard” ကို ၂၀၀၈ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့မှာ ထွက်ရှိခဲ့ ပါတယ်။ စာအုပ်မှ ရရှိငွေ အားလုံးကို ရိုလင်ပူးတွဲ တည်ထောင်ထားသည်အရှေ့ဥရောပရှိ ကလေးများအတွက့် ပရဟိတအဖွဲ့ (နောင်အခါ Lumos ဟု အမည်ပေးခဲ့တဲ့ ကလေးသူငယ်ဖွံ့ ဖြိုးတိုးတက်ရေးအဖွဲ့) ထံသို့ လှူဒါန်းခဲ့ပါတယ်။ လေးစားလောက်ဖွယ်ပါပဲ။
          ကလေးစာပေများ ရေးသားပြီးနောက်မှာတော့ ရိုလင်ရဲ့ ပထမဆုံး လူကြီးများအတွက် ရည်ရွယ်ရေးသားတဲ့ စာအုပ်ဖြစ်တဲ့ “The Casual Vacancy” ကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလမှာ ဖြန့်ချီခဲ့ပါတယ်။ အင်္ဂလိပ်မြို့လေးတစ်မြို့ရဲ့ ရွေးကောက်ပွဲအကြောင်းရေးသားထားတာ ဖြစ်ပြီး ကောင်း၏ ဆိုး၏ ဝေဖန်မှုများစွာကို ရရှိခဲ့ပါတယ်။ နယူးယောက်တိုင်း(စ်) ကတော့ စိတ်ရှုပ်ဖွယ်ရာ ဝတ္ထုလို့ သတ်မှတ်ခဲ့ကြပြီး တယ်လီဂရပ်ရဲ့ ဝေဖန်မှုမှာတော့ ကြယ် ၅ ခုမှာ ၃ ခုပေးရမယ့် ဝတ္ထုလို့ ဝေဖန်သုံးသပ်ခဲ့ပြန်ပါတယ်။
          ၂၀၁၃ ခုနှစ်ရောက်တဲ့အခါမှာတော့ မှုခင်းနောက်ခံ စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးခဲ့ပါတယ်။ လျှို့ဝှက်ဆန်းကြယ် ဝတ္ထုလို့ ပြောရင်ပိုမှန်ပါလိမ့်မယ်။ အဆိုပါဝတ္ထု “Cuckoo Calling that April” ကို ကလောင်ခွဲ ရောဘတ် ဂဲဘရိန့် (Robert Galbraith) အမည်နဲ့ ရေးသားခဲ့ပါတယ်။ စတင်ဖြန့်ဝေပြီး လအနည်းငယ်အကြာမှာ အသင့်အတင့်သာ ရောင်းထွက်ခဲ့ပြီး အပြုသဘောဆောင်တဲ့ ဝေဖန်ချက် တွေကို လက်ခံရရှိခဲ့ပါတယ်။ ဂျေကေ ရိုလင် ရေးသားမှန်း သိသွားကြတဲ့ အခါမှာတော့ စာအုပ်ရောင်းအားဟာ သိသိသာသာမြင့်တက်ခဲ့ပါတယ်။ Bloomberg News မှာတော့ ရိုလင်က အခုလိုပြောပါတယ်။ “ကျွန်မ ဒီ လျှို့ဝှက်ချက်လေးကို အချိန်တော်ကြာအောင် ထိန်းထားချင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရော့ဘတ် ဂဲဘရန့် အမည်နဲ့ စာရေးရတာ စာပေ နယ်မှာ အတွေ့အကြုံရစေလို့ပါ။ ကျော်ကြားမှု ထင်ရှားမှုမရှိပဲ ရေးသား ထုတ်ဝေရတဲ့ အရသာဟာ တကယ့်ကို အံ့အားသင့်စရာပါပဲ။ မတူကွဲပြားတဲ့ ဝေဖန်အကြံပြုချက်တွေကို ရရှိတဲ့အတွက်လည်း ပျော်ရွှင်ရပါတယ်” လို့ ပြောသွားခဲ့ပါတယ်။
          ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ ရိုလင်ဟာ ရုပ်ရှင်ဇာတ်ညွှန်းရေးသား ခြင်းအလုပ်ကို စတင်ခဲ့ပါတယ်။ သူမရဲ့ Hogwarts textbook ကို အခြေခံပြီး “Fantastic Beasts and Where to Find Them” ကို ဇာတ်ညွှန်း ရေးသားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဟယ်ရီပေါ်တာနဲ့ ဆက်စပ်စာအုပ်များရေးသားဖို့ အားထုတ်နေခဲ့ပြန်ပါတယ်။ သူမရဲ့ ကိုယ်ပိုင် website မှာကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။ အဲဒါကတော့ “an encyclopedia of Harry’s world” အမည်ရ စာအုပ်တစ်အုပ်ကို ရေး သားမည်ဟု ပါရှိပြီး ရရှိငွေကို ပရိဟိတလုပ်ငန်းအတွက် လှူဒါန်းမည်ဟု ဖော်ပြထားပါတယ်။
          ၂၀၁၄ ခုနှစ်မှာ ဟယ်ရီပေါ်တာနဲ့ Hogwarts school တို့ ပြန်လည်ပေါင်းစည်းမှုကို ဖော်ပြထားတဲ့ ဝတ္ထုတိုဖြစ်တဲ့ “Pottermore” ကို ဖြန့်ချီခဲ့ပါတယ်။ သူမရဲ့ website စတင်ချိန်ကစလို့ ဟယ်ရီပေါ်တာနဲ့ ပတ်သက်သမျှ အကြောင်းအရာ၊ ဇာတ်လမ်းများနဲ့ သတင်းများကို တင်ပေးနိုင်ခဲ့ပါတယ်။
          ရိုလင်ရဲ့ ဇာတ်လမ်းကို အခြေခံပြီး Jack Thorne နဲ့ ဒါရိုက်တာ John Tiffany တို့ နှစ်ဦး ပူးပေါင်းဇာ်ညွှန်းရေးသားခဲ့တဲ့ “Harry Potter and the Cursed Child” ကို လန်ဒန်မှာ ဖြန့်ချီခဲ့ပါတယ်။ “Harry Potter and the Deathly Hallows” ကို နောက်ဆုံး ၇ အုပ်မြောက် အဖြစ် သူမက သတ်မှတ်ခဲ့သော်လည်း ယခုဇာတ်ညွှန်းမှာ အရွယ်ရောက်လာတဲ့ ဟယ်ရီပေါ် တာရဲ့ အကြောင်းအရာများဟုဖော်ပြကာ ၈ အုပ်မြောက် အဖြစ် ဆွဲဆောင်ခဲ့ပါတယ်။ အဆိုပါ ဇာတ်ညွှန်းဟာ မူရင်း ရုပ်ရှင်များနဲ့ မတူ ကွဲပြားခဲ့ပါတယ်။
                                                                                      မောင်တင်
Ref; www.biography.com
                                                                  

Comments

Popular posts from this blog

ကိတ်ဝင်းစလက်၏ အနုပညာခရီး

အာနာပါနကမ္မဌာန်းရှုမှတ်နည်း

မဂ္ဂင် ၈ ပါး