ကမ္ဘာကျော်ဆေးကျောင်း တစ်ကျောင်း၏ ရာဇဝင်
ကမ္ဘာကျော်ဆေးကျောင်း တစ်ကျောင်း၏ ရာဇဝင်
သမိုင်းတစ်ခုစတင်မွေးဖွားခြင်း
ဟားဗတ်ဆေးကျောင်း (Harvard Medical School) ကို ခရစ်သက္ကရာဇ် ၁၇၈၂ ခုနှစ်တွင် ဌာနကြီး (၃)ခုနဲ့အတူ ကျောင်းသားအနည်းငယ်နဲ့ စတင်ဖွင့်လှစ်ခဲ့ ပါတယ်။ ပထမဆုံး တန်းခွဲများကို Cambridge ရဲ့ ဟားဗတ်ခန်းမမှာ စတင်သင်ကြားခဲ့ရပါတယ်။ အဲဒီနောက် ကျောင်းရဲ့ ပြယုဂ်ဖြစ်တဲ့ အဆောက်ဦးကို ဘော့စတွန်မှာ ဆောက်လုပ်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ဆယ်စုနှစ်တစ်ခု အကြာမှာတော့ ကျောင်းရဲ့ ဌာနတွေ၊ သင်ကြားပေးသူများအနေနဲ့ အသိပညာလွှမ်းမိုးမှုအားကောင်းလာတဲ့အခါ ဆေးပညာရဲ့ အရေးပါမှုဟာ ပိုမိုကျယ်ပြန့်လာခဲ့ပါတယ်။
(၁၈)ရာစုအတွင်း ဆေးပညာသင်ကြားရေးမှာ semester တစ်ခု ဒါမှမဟုတ် နှစ်ခု နဲ့ သတ်မှတ်ထားသော ပါရဂူလက်အောက်မှာ ပူးပေါင်းလုပ်ဆောင်ရတဲ့ အလုပ်သင် ဆရာဝန်ကာလတို့ ပါဝင်ခဲ့ ပါတယ်။ (အဲဒီခေတ်အခါက အလုပ်သင်ဆရာဝန်ကာလဆိုတာ သီးခြားသတ်မှတ် ထားတာမရှိခဲ့ပါဘူး။ နာမည်ရ ပါရဂူဆရာဝန်ရဲ့ လက်အောက်မှာ သွားရောက် လေ့လာသင်ယူလုပ်ကိုင် ရခြင်းပဲ ဖြစ်ပါတယ်)။ တက္ကသိုလ်သင်ကြားရေးစနစ်လည်း မထွန်းကားသေး သလို ရေးဖြေစာမေးပွဲစနစ်လည်း မရှိသေးပါဘူး။ ကျောင်းသားများ အနေနဲ့ ပညာသင်စရိတ်အဖြစ် သင်ခန်းစာချိန် တစ်ချိန်ချင်းစီ အတွက် လက်မှတ်များကို ဝယ်ယူရတဲ့ စနစ်သာ ပေါ်ထွန်း ခဲ့ပါတယ်။ ဒါ့အပြင် သင်ကြားရေးဆေးရုံများလည်း မရှိသေး တာကြောင့် ဆေးလက်တွေ့သင်ခန်းစာများ သင်ကြားမှုဟာ အတော့်ကို နည်းပါးခဲ့ရပါတယ်။
အစောဆုံးတည်ထောင်ခဲ့တဲ့ ဌာနကြီး (၃)ခုမှာတော့ သီအိုရီနဲ့ အသုံးချ ရူပဗေဒသင်ကြားရေးဌာနတွင် ပါမေက္ခ ဘန်ဂျမင် ဝါးတားဟောက်စ် (Benjamin Waterhouse) ကလည်းကောင်း၊ ခန္ဓာဗေဒ နဲ့ ခွဲစိတ်ကုဌာနတွင် ပါမေက္ခ ဂျွန်ဝါးရန်း (John Warren) ကလည်းကောင်း၊ ဓာတုဗေဒနဲ့ ဆေးဝါးဗေဒဌာတွင် ပါမေက္ခ အာရွန် ဒက်စ်တာ(Aaron Dextor) ကလည်းကောင်း အသီးသီး တာဝန်ယူ ဆောင်ရွက်ခဲ့ကြပါတယ်။
ပါမေက္ခဒေါက်တာ ဝါးတားဟောက်စ်ဟာ ဥရောပတစ်ခွင်ရှိ တက္ကသိုလ်များနဲ့ ဆေးရုံများမှာ ပညာဆည်းပူးခဲ့သူတစ်ဦးဖြစ်ပါတယ်။ ၁၇၉၈ ခုနှစ်မှာ ကျောက်ကြီးရောဂါ(ရေကျောက်) ကာကွယ်ဆေးကို အောင်မြင်စွာ စမ်းသပ်တီထွင်နိုင်ခဲ့သူ အက်ဝါ့ ဂျင်နာ (Edward Jenner) ဆီမှ သုတေသနစာတမ်း ပုံနှိပ်မူရင်းကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ သမိုင်းတွင်ခဲ့သူ ဒေါက်တာ ဂျင်နာရဲ့ အကြံဉာဏ်များ ကို အမေရိကန်ဆေးကောင်စီသို့ စတင်မိတ်ဆက်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ မိသားစုဝင်များကို အဆိုပါ ကာကွယ်ဆေးအား ပထမဆုံးစမ်းသပ် အသုံးပြုပြခဲ့သူလည်း ဖြစ်ပါတယ်။
ပါမေက္ခဒေါက်တာ ဝါးရန်းကတော့ ခွဲစိတ်ဆရာဝန်တစ်ဦး ဖြစ်ပြီး သင်ကြားပို့ချရာမှာလည်း ကျွမ်းကျင်သူ တစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် အတွင်းလူနာများ၊ တပ်ဆေးရုံများနဲ့ ရေတပ်ဆေးရုံ များမှ လူနာများနဲ့ ပိုမိုထိတွေ့ဆက်ဆံရေး၊ ဆေးလက်တွေ့သင်ခန်းစာ များ သင်ကြားနိုင်ရေးအတွက် ဟားဗတ်ဆေးကျောင်းကို ဘော့စတွန်ကို ရွှေ့ပြောင်းရေးနဲ့ လက်တွေ့လုပ်ငန်းများ ကျယ်ပြန့်စွာ ပေါ်ပေါက်လာရေးမှာ အရေးပါခဲ့သူလည်း ဖြစ်ခဲ့ပါတယ်။
ဟားဗတ်ဆေးကျောင်းကို Cambridge မှ ဘော့စတွန်သို့ ၁၈၁၀ ခုနှစ်မှာ ရွှေ့ပြောင်းခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ ဒေါက်တာဝါးရန်း ရဲ့ သားဖြစ်သူ ဂျွန်ကော်လင်စ် ဝါးရန်း နဲ့ ဂျိန်းဂျက်ဆန် တို့ဟာ မန်ချူးဆက်အထွေထွေရောဂါကု ဆေးရံ(MGH) ကို ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉ ရာစုအတွင်းမှာတော့ MGH လို ဆေးရုံ အများအပြား ပေါ်ပေါက်လာခဲ့ပါတယ်။ ရည်ရွယ်ချက်များက အထူးကောင်းမွန်ပါတယ်။ ဆင်းရဲတဲ့ လူနာတွေကို စောင့်ရှောက်ပေး နိုင်ရေးနဲ့ အိမ်တိုင်ရာရောက် ဆေးကုသရေး စနစ် ထွန်းကားစေရေးအတွက် ဖြစ်ပါတယ်။
ခရစ်သက္ကရာဇစ် ၁၈၁၀ ခုနှစ်မှ ၁၈၆၄ ခုနှစ်ထိ ဟားဗတ်ဆေးကျောင်းဟာ မာဆွန်လမ်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ မန်ချူးဆက်ပြည်နယ် တရားသူကြီး လှူဒါန်းထားခဲ့တာဖြစ်တဲ့ အတွက် Massachusetts Medical College of Harvard University လို့လည်း ခေါ်ဝေါ်ခဲ့ကြပါတယ်။ ၁၈၄၇ ခုနှစ်မှာတော့ နော့ဂရု လမ်းကို ပြောင်းရွှေ့ခဲ့ကြပါတယ်။ MGH ဆေးရုံနဲ့ ပိုနီးနဲ့ နေရာကိုပေါ့။ တစ်ဖန် ၁၈၈၃ ခုနှစ်မှာ ယခု ဘောစတွန် ပြည်သူ့စာကြည့်တိုက်တည်နေရာဖြစ်တဲ့ ဘွိုင်းစတွန်း လမ်းကို ပြောင်းရွှေ့ခဲ့ပြန်ပါတယ်။
ဟားဗတ်တက္ကသိုလ်ရဲ့ (၂၁)ယောက်မြောက် အဓိပတိ ဖြစ်သူ Charles William Eliot ရဲ့ လက်ထက်မှာတော့ အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ Charles ဟာ ဟားဗတ်ဆေးကျောင်းအတွက် သင်ကြားရေးလမ်းညွှန်အသစ် တစ်ခုကို ၁၈၆၀ ခုနှစ်မှာ ရေးဆွဲခဲ့ပါတယ်။ သင်ကြားသင်ယူမှု အဆင့်အတန်းများ မြှင့်တင့်ရန်၊ အဆင့်သတ်မှတ်ချက်များထုတ်ပြန်ရန်နဲ့ ရေးဖြေစာမေးပွဲများ လိုအပ်တဲ့အတွက် အခြေခံသိပ္ပံပညာ သင်ကြားရေးဌာနများနဲ့ ဆေးလက်တွေ့ဘာသာရပ်များ သင်ကြား ရေးဌာနများကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီအတွက် (၃)နှစ်စာ သင်ကြားရေးစနစ်နဲ့ လက်တွေ့သင်ကြားရေးစနစ် တစ်ခုကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ ဟားဗတ်ဆေးကျောင်းဟာ ဟားဗတ်တက္ကသိုလ်ရဲ့ အသက်မွေးဝမ်းကြောင်းပညာသင်ကြား နိုင်သော ကျောင်းတစ်ခုဖြစ်လာခဲ့ပြီး အမေရိကန်ပြည်ထောင်စုရဲ့ ဆေးပညာသင်ကြားရေးအဖွဲ့အစည်းတစ်ခုအဖြစ်လည်း အရေးပါ ခဲ့ပါတယ်။
ခရစ်သက္ကရာဇ် ၁၉၀၆ ခုနှစ်ကို ရောက်တဲ့အခါမှာတော့ ဟားဗတ်ဆေးကျောင်းကို လောင်းဝု လမ်းမကြီးဘက်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ သင်ကြားရေး စာသင်ခန်းတွေ၊ သုတေသန လုပ်ငန်းများ လုပ်ကိုင်ရာ စာကြည့်တိုက်များ နဲ့ အုပ်ချုပ်မှုဆိုင်ရာ ရုံးခန်းများ ပါဝင်ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ ဟားဗတ်ဆေးကျောင်းကြီးရဲ့ ဘေးတစ်ဝိုက်မှာ မြေနေရာလွတ်တွေရှိတဲ့အတွက် ဆေးရုံများ ဆောက်လုပ်နိုင်ရေးအတွက် လုပ်ငန်းရှင်များကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဟားဗတ် ဆေးကျောင်း အဆောက်ဦး အသစ်နဲ့အတူ ဆေးရုံအသစ်များလည်း ကျောင်းတစ်ဝိုက် မှာဖွင့်လှစ်နိုင်ခဲ့တဲ့ အတွက် ယနေ့အခါမှာတော့ Longwood Medical Area အဖြစ် ထင်ရှားကျော်ကြားပါတယ်။ (၁၈ ရာစု အစောပိုင်း က ဌာန ၃ ခု၊ ကျောင်းသား အနည်းငယ်နဲ့သာ စတင်တည်ထောင်ခဲ့တဲ့ ဟားဗတ်ဆေးကျောင်းဟာ ယနေ့ အခါမှာတော့ အထင်ကရ ကျောင်းတစ်ကျောင်းအဖြစ် အောင်မြင်ကျော်ကြားလို့ နေပါပြီ။ ဒါဟာ ပညာရေး စနစ်ဖွံ့ဖြိုးတိုးတက်ခြင်းရဲ့ ပြယုဂ်ဖြစ်သလို၊ သုတေသနလုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်ခဲ့မှု၊ သင်ကြားမှု သင်ယူမှု အဆင့်အတန်းမြင့်မားရေးအတွက် တက်ညီလက်ညီ အားထုတ်ကြိုးပမ်းမှု စသည်တို့ ကြောင့်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်တို့က သူတို့နဲ့ ယှဉ်ရင် များစွာ နောက်ကျလို့ ကျန်နေ ခဲ့ပါပြီ။ ဆေးကျောင်းများမှာ ဆေးပညာ သင်ကြား သင်ယူမှု ဖွံ့ဖြိုးတိုးတက်ရေး၊ သုတေသနလုပ်ငန်းများ လည်း တွင်တွင်ကျယ်ကျယ် ပေါင်းစပ် လုပ်ဆောင်နိုင်ရေး စတာတွေနဲ့ဆေးကျောင်းများသာမက အခြား သော ကျောင်းများမှာလည်း ပညာရပ်ပိုင်းဆိုင်ရာ ဖွံဖြိုးတိုးတက်ရေးတို့ကို ယခုထက်ပိုမို အင်တိုက်အားတိုက်လုပ်ဆောင်သင့်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုပါသည်။)
မောင်တင်
Comments
Post a Comment