(၃၇)ယောက်မြောက် ဝန်ကြီးချုပ်

(၃၇)ယောက်မြောက် ဝန်ကြီးချုပ်
          
       ဆူရှေးကိုင်ရာလာ(Sushil Koirala) ဟာ နီပေါလူမျိုး နိုင်ငံရေးသမားတစ် ယောက်ဖြစ်ပြီး ဝန်ကြီးချုပ်တစ်ဦးအဖြစ်လည်း ၂၀၁၄ ဖေဖော်ဝါရီလမှ ၂၀၁၅ အောက်တိုဘာလအထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ကိုင်ရာလာ မိသားစုရဲ့ ထူးခြားချက်ကတော့ မျိုးရိုးစဉ်ဆက် နိုင်ငံရေးသမားများ ဖြစ်ခဲ့ကြပြီး ဝန်ကြီးချုပ်တာဝန်များကိုလည်း ထမ်းဆောင်ခဲ့ကြသူများ ဖြစ်ပါတယ်။ တကယ်တော့ ဆူရှေးကိုင်ရာလာဟာ နီပေါနိုင်ငံရေးကို ၁၉၅၄ ခုနှစ်ကတည်းက တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့သူဖြစ် ပါတယ်။ ၁၉၆၀ ခုနှစ်၊ အာဏာသိမ်းပွဲနောက်ပိုင်းမှာတော့ ဆူရှေးဟာ အိန္ဒိယမှာ နယ်နှင်ဒဏ် (၁၆)နှစ် ကျခံနေရဆဲဖြစ်ပါတယ်။ ဆူရှေးကိုင်ရာလာဟာ နီပေါကွန်ဂရက်ပါတီ အတွင်းမှာ အထွေထွေအတွင်းရေးမှူး၊ ဒုတိယ ဥက္ကဌ နှင့် နောက်ဆုံး ဥက္ကဌတာဝန်များကို သေသည်အထိ ထမ်းဆောင်ခဲ့ပါတယ်။
     
     ဆူရှေးကိုင်ရာလာကို ၁၉၃၉ခုနှစ်၊ သြဂုတ်လ (၁၂)ရက်နေ့တွင် နီပေါနိုင်ငံ ဘိုင်ရက်နာဂါမြို့မှာမွေးဖွားခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ် ၁၉၅၄ ခုနှစ်ကတည်းက နီပေါကွန်ဂရက် ပါတီသို့ဝင်ရောက်ခဲ့ပါတယ်။ ဝမ်းကွဲအစ်ကိုများမှာလည်း  ပါတီအကြီးအကဲများ ဖြစ်ကြပါတယ်။ ပါတီဝင်ဖြစ်ပြီးတဲ့နောက်ပိုင်း ပါတီရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဒီမိုကရက်တစ်ရွေးကောက်ပွဲ အောင်နိုင်ရေးလုပ်ငန်းများကိုလည်း တက်ကြွစွာပါဝင်ဆောင်ရွက် ခဲ့ပါတယ်။ ၁၉၅၉ ခုနှစ်မှာ နီပေါနိုင်ငံရဲ့ ပထမဆုံး ဒီမိုကရက်တစ်ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ကြပြီး ဆူရှေးရဲ့ ဝမ်းကွဲအစ်ကိုဖြစ်သူကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခဲ့ကြပါတယ်။ ဒါပေမယ့် ဘုရင် မာဟန်ဒရာက ၁၉၆၀ ဒီဇင်ဘာမှာ အာဏာသိမ်းခဲ့ ပါတယ်။ ထို့နောက် ဆူရှေးကိုင်ရာလာ အပါအဝင် ကွန်ဂရက်ပါတီဝင်ပေါင်းများစွာကို ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။ ဒါကြောင့် ဆူရှေးဟာ ၁၉၆၀ နှင့် ၁၉၇၀ ဝန်းကျင် နှစ်များအတွင်း ဘုရင်ခေါင်းဆောင်တဲ့ အစိုးရဆန့်ကျင်ရေးကို လုပ်ဆောင်ခဲ့ပါတယ်။ အိန္ဒိယမှာ ပြည်နှင်ဒဏ်ပေးခံရတာ ၁၆ နှစ်ကြာမြင့်ခဲ့ပြီး ပါတီပြန်လည်ထူထောင်ရေးကို ကြိုးစားလုပ်ဆောင် ခဲ့ပါတယ်။   ၁၉၇၃ ခုနှစ် လေယာဉ်ပြန်ပေးဆွဲ မှုမှာပါဝင်ပတ်သက်ခဲ့တဲ့ ဆူရှေးကို အိန္ဒိယအစိုးရက ထောင်ဒဏ် (၃)နှစ်ကျခံစေခဲ့ပါတယ်။ ၁၉၇၉ ခုနှစ်မှာ နီပေါနိုင်ငံသို့ ပြန်လာခဲ့ ပါတယ်။ အဲဒီနောက် ကွန်ဂရက်ပါတီမှာ ဗဟိုအလုပ်မှုဆောင် အဖြစ် လုပ်ဆောင်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာ အထွေထွေအတွင်း ရေးမှူးအဖြစ် တာဝန်ယူခဲ့ပါတယ်။ နောင် (၂)နှစ်အကြာမှာတော့ ဒုတိယ ဥက္ကဌတာဝန်ကို လွှဲပြောင်းရယူခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ ပါတီ ဥက္ကဌရာထူးကို တင်မြှာက်ခြင်းခံခဲ့ရပါတယ်။
      
    ဆူရှေးကိုင်ရာလာရဲ့ ဦးစီးဆောင်ရွက်မှုများကြောင့် ကွန်ဂရက်ပါတီဟာ ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲမှာ အင်အားအကြီး ဆုံးပါတီအဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။ ၂၀၁၄ ဖေဖော်ဝါရီလမှာ ဝန်ကြီးချုပ်ရာထူးကို အောင်မြင်စွာ ရရှိခဲ့ပါတယ်။ ဆူရှေးကိုင်ရာလာ ရဲ့ အစိုးရတာဝန်ယူ ဆောင်ရွက်စဉ်အတော အတွင်း ပြသနာပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဆူရှေးကိုင်ရာလာဟာ နိုင်ငံအုပ်ချုပ်ရေးနယ်ပယ်မှာ ထူးချွန်ပြောင် မြောက်သူမဟုတ်ပါဘူး။ တကယ်တမ်းသူ့ကို လေးစားအသိမှတ်ပြု ချင်စရာကတော့ မတော်လောဘမရှိခြင်းနှင့် ဘဝကိုရိုးသားစွာ ဖြတ်သန်းနေထိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဆူရှေးကိုင်ရာလာ ဟာ အိမ်ထောင်မရှိတဲ့ လူလွတ်တစ်ယောက်ဖြစ်ပြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပေမယ့်လည်း သူပိုင်ဆိုင်တာဆိုလို့ မိုဘိုင်းဖုန်း (၃)လုံးသာ ရှိခဲ့ပါတယ်။ သူ့ကို ချစ်ခင်သူတွေက ‘Sushil daa’ လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။ ဆူရှေးကိုင်ရာလာဟာ ဆေးလိပ်အလွန်သောက်သူဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ လျှာကင်ဆာနှင့် ၂၀၁၄ နှစ်မှာ အဆုတ်ကင်ဆာ ရောဂါဝေဒနာများကို ခံစားခဲ့ရသူ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဘဝမှ အနားယူပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ (၁၀) ရက်နေ့တွင် နီပေါနိုင်ငံ ကတာမဒူမြို့မှာ အဆုတ်နာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
                                                                                                မောင်တင်

Comments

Popular posts from this blog

ကိတ်ဝင်းစလက်၏ အနုပညာခရီး

အာနာပါနကမ္မဌာန်းရှုမှတ်နည်း

မဂ္ဂင် ၈ ပါး