အာရှတိုက်၏ အထင်ကရ စာကြည့်တိုက်များ
အာရှတိုက်၏ အထင်ကရ စာကြည့်တိုက်များ
၁။ David Sassoon Library, India
၁၈၇၀ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့တဲ့ David Sassoon Library ဟာ အိန္ဒိယအစိုးရရဲ့ တရားဝင်ထုတ်ပြန်ထားတဲ့ ရှေးဟောင်းအမွေနှစ် ၁၄၅ ခုထဲက တစ်ခုဖြစ်ပြီး၊ မွန်ဘိုင်းမြို့ရဲ့ ရှေးကျဆုံးသော စာကြည့်တိုက်ဖြစ်ပါတယ်။ အဆိုပါ စာကြည့်တိုက်ရဲ့ ထင်ရှားချက်တွေထဲက တစ်ခုကတော့ စာကြည့်တိုက် အနောက်ဘက်ပိုင်းမှာ လှပတဲ့ ဥယျာဉ်တစ်ခု ထည့်သွင်းဆောက်လုပ်ထားခြင်းပဲဖြစ်ပါတယ်။ စာကြည့်တိုက်နဲ့ စာဖတ်ခန်းများကို စက်မှုပညာ၊ သိပံ္ပပညာနဲ့ နည်းပညာ ဘာသာရပ်များအတွက် အဓိကလေ့လာနိုင်အောင် ဆောက်လုပ် ထားပါတယ်။ ဒါပေမယ့် ဘဏ္ဍာရေး ထောက်ပံ့မှုကတော့ မကောင်းလှပါဘူး။ အစောပိုင်းကာလက Sassoon Mechanic’s Institute ကို David Sassoon Library အဖြစ်ပြောင်းလဲ သတ်မှတ်ခဲ့တာဖြစ်ပြီး ကနဦး အလှူရှင်လည်းဖြစ်ပါတယ်။
၂။ Raza Library, India
၁၉၀၄ ခုနှစ်မှာ ဆောက်လုပ်ခဲ့တာဖြစ်ပြီး၊ ဟိုအရင်က တော့ နန်းတော်ကြီးတစ်ခုပါ။ တော်ဝင်မိသားစုများ မရှိတော့သည့် နောက်ပိုင်း အိန္ဒိယအစိုးရကပဲ ထိန်းသိမ်းဆောင်ရွက်ခဲ့တာဖြစ် ပါတယ်။ ရှားပါးမူရင်းစာအုပ်ပေါင်း ၁၇၀၀၀၊ လက်ရေးမူ ၂၀၅ ခုနဲ့ အသေးစားပန်းချီကားပေါင်း ၅၀၀၀ ကျော် ထားရှိခဲ့ပါတယ်။
၃။ The National Library of China
အကယ်၍သင်ဟာ တရုတ်ပြည်ရဲ့ ရှေးဟောင်းအမွေနှစ် တွေကို လေ့လာချင်တယ်ဆိုရင်တော့ တရုတ်အမျိုးသား စာကြည့်တိုက် (The National Library of China) ကနေ စတင်လေ့လာရမယ်လို့ဆိုပါတယ်။ သမိုင်းဝင် မှတ်တမ်းများ၊ ရှေးဟောင်းစာအုပ်များနဲ့ မူရင်းစာအုပ်များကို သိမ်းဆည်းပေးထားတဲ့ စာကြည့်တိုက်ကြီးတစ်ခုလည်း ဖြစ် ပါ တယ်။ တရုတ်ရိုးရာ ဆောက်လုပ်ပုံစံ အတိုင်း တည်ဆောက်ထား ခဲ့ခြင်းဖြစ်ပြီး ၁၉၈၇ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။
၄။ The Tianyi Pavilion Library, China
တရုတ်လူမျိုးတို့ရဲ့ ဗိသုကာလက်ရာတွေကို လေ့လာချင် တဲ့သူများအတွက် ဘေဂျင်းကနေ နင်ဘိုမြို့အထိ ခရီးဆက်ရင် The Tianyi Pavilion Library ကိုလေ့လာနိုင်ပါတယ်။ ၁၅၆၀ ခုနှစ်၊ တရုတ်အင်ပါယာရဲ့ အကြီးအမှူးဖြစ်သူ Tianyi Pavilion တည်ထောင်ခဲ့ခြင်းဖြစ်ပြီး တတိယမြောက် ကမ္ဘာ့ ရှေးအကျဆုံး စာကြည့်တိုက်ကြီးဖြစ်ပါတယ်။ အဆိုပါစာကြည့်တိုက်မှာ ထိန်းသိမ်းထားတဲ့ စာအုပ်စာရင်းကတော့ အံ့သြစရာပါပဲ။ သစ်သားပြားပေါ်မှာ ထွင်းဖောက်ရေးသားထားတဲ့ ရှေးဟောင်း စာအုပ်ပေါင်း ၃၀၀၀၀၀ ကျော်နဲ့ လက်ရေးမူပေါင်း များစွာထားရှိပါတယ်။
၅။ National Library of Bhutan
၁၉၈၄ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့ပြီး ဗုဒ္ဓဘုရားကျောင်း အဆောက်အုံတစ်ခုလည်းဖြစ်ပါတယ်။ ဘာသာရေးဆိုင်ရာ စာအုပ်များကို စုစည်းပေးထားပါတယ်။ အဆောက်အုံပိုင်း ဖွဲ့စည်းမှုကိုတော့ ဗုဒ္ဓရဲ့ ကဏ္ဍသုံးခုကို ဖော်ညွှန်းတည်ဆောက် ထားတယ်လို့ဆိုပါတယ်။ ရုပ်ပိုင်းဆိုင်ရာကို ရည်ညွှန်းပြီး ရုပ်ပွားတော်များ၊ နံရံဆေးရေးပန်းချီများနဲ့ အလှဆင်ထားပါတယ်။ ပြောစကားကို ရည်ညွှန်းတဲ့အနေနဲ့ စာအုပ်ပေါင်းများစွာနဲ့ သရုပ်ဖော်ပန်းချီများကို ထားရှိပါတယ်။ နှလုံးသားကို ရည်ညွှန်းတဲ့အနေနဲ့ မဂင် ၈ ပါး ကို ဖော်ညွှန်းထား ပါတယ်။ ဘူတန်ဘာသာနဲ့ ရေးသားထားတဲ့ ၆၁၀၀ ကျော်သော စာအုပ်များနဲ့ ပန်းချီကားပေါင်း ၉၀၀၀ ကျော်တို့ကို စုစည်းပေး ထားပါတယ်။ ကမ္ဘာ့ အကြီးဆုံး ဗုဒ္ဓစာပေစုစည်းရာလို့တောင် သတ်မှတ်ထားကြပါတယ်။
၆။ Grand People’s Study House, North Korea
၁၉၈၂ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့ပြီး Kim II-Sung ရဲ့ ၇၀ ပြည့်နှစ်မွေးနေ့ အထိမ်းမှတ်အဖြစ်ဆောက်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အခန်းပေါင်း ၆၀၀ ကျော်နဲ့ စာအုပ်ပေါင်း သန်း ၃၀ ကျော်ထားရှိတာကတော့ အံ့သြဖွယ်ရာပါ။ ဒါပေမယ့် နိုင်ငံခြား စာအုပ်များကိုတော့ အထူးခွင့်ပြုချက်ရမှသာ ဖတ်ရှုနိုင်ပါမယ်။
၇။ Nakanoshima Library, Japan
အိုဆာကာမြို့မှာတည်ရှိပြီး ၁၉၀၄ ခုနှစ်မှာ ဆောက်လုပ် ခဲ့တာဖြစ်ပါတယ်။ ကျောက်သားနံရံများနဲ့ တည်ဆောက်ထားရှိပြီး ရိုးရှင်းတဲ့ ဗိသုကာလက်ရာများနဲ့ အလှဆင်ထားပါတယ်။
၈။ Beitou Library, Taiwan
ခေတ်မီနည်းပညာနဲ့ ဗိသုကာလက်ရာများကို ပေါင်းစပ်ဆောက်လုပ်ထားတဲ့ စာကြည့်တိုက် ဖြစ်ပါတယ်။ စာကြည့်တိုက်အမိုးဟာ မိုးရေတွေကို စုပ်ယူပေးထားပြီး နားနေခန်းများနဲ့ ဥယျာဉ်များဆီ ပြန်လည် အသုံးပြုခွင့်ပေးတယ် လို့ဆိုပါတယ်။ ဆိုလာစနစ်နဲ့လည်ပတ်ထားပြီး စွမ်းအင် အသုံးပြု မှုကိုလျှော့ချထားပါတယ်။
(မှတ်ချက်။ ။မူရင်းဆောင်းပါးရှင်က “ကျွန်တော်တို့ မဖော်ပြနိုင်သော အထင်ကရ စာကြည့်တိုက် များစွာ ကျန်ပါသေးတယ်” လို့ဆိုထားပါတယ်။)
မောင်တင်
Ref: http://mentalfloss.com/article/30982/8-incredible-libraries-asia
Comments
Post a Comment