ရှားလော့ဟုမ်းအား မွေးဖွားသူ
ရှားလော့ဟုမ်းအား မွေးဖွားသူ
ငယ်ဘဝ
အာသာအက်(ဂ်)နေးရှပ် ကော်နမ်ဒွိုင်းကို ၁၈၅၉ ခုနှစ်၊ မေလ ၂၂ ရက်နေ့တွင် စကော့တလန်ပြည်၊ အီဒင်ဘာ့မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူ ချားလက်စ်အာ့တမန့်ဒွိုင်း (Charles Altamont Doyle)ဟာ အရက်စွဲနေတဲ့ ပန်းချီဆရာတစ်ယောက်ဖြစ် ပြီး မိခင် မာရီဒွိုင်း(Mary Doyle) ကတော့ သွက်လက်ချက်ချာတဲ့ ပညာတတ် အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ မာရီဒွိုင်းဟာ ပုံပြင်ပြောတဲ့နေရာမှာ အလွန်တော်ပြီး သူမရဲ့ စာအုပ်စာပေချစ်မြတ်နိုး မှုကိုတော့ သားဖြစ်သူကို အမွေပေးနိုင်ခဲ့ပါတယ်။ ကော်နမ်ဒွိုင်းတို့ မိသားစုဟာ နွမ်းပါးတဲ့အတွက် သူ အသက် ၉ နှစ်အရောက်မှာ မိသားစုထဲက ချမ်းသာတဲ့ အမျိုးတွေက သူ့ကိုကျောင်းထားပေးဖို့ အင်္ဂလန်ကိုပို့လိုက်ပါတယ်။ ကျောင်းတက်ရတာ မပျော်တဲ့ ကော်ဒန်ဒွိုင်းဟာ သူ့အမေလိုပဲ ပုံပြင်(ဇာတ်လမ်း) ပြောတဲ့နေရာမှာ ထုူးချွန်တယ်ဆိုတာပါပဲ။ အဲဒီနောက်မှာတော့ နောင်တစ်ချိန် ကမ္ဘာကျော် စာရေးဆရာဖြစ်လာမယ့် ကော်နမ်ဒွိုင်းလေးရဲ့ အနားမှာ သူပြောပြတဲ့ ဇာတ်လမ်းပုံပြင်တွေကို စိတ်ဝင်တစားနားထောင်ကြသူတွေ ဝိုင်းလာခဲ့ပါတယ်။
ဆရာဝန် စာရေးဆရာ
ကော်နမ်ဒွိုင်းဟာ အသက် ၁၇ နှစ်အရွယ်၊ ၁၈၇၆ ခုနှစ်မှာ ကျောင်းပြီးခဲ့ပါတယ်။ သူ့ကိုယ်သူလည်း အတော်အသင့် ယုံကြည်မှုတွေ တည်ဆောက်နိုင်ခဲ့ပါတယ်။ လောကကြီးကို ရင်ဆိုင်ဖို့ အသင့်ပေါ့။ ကျောင်းကနေ အိမ်ကိုပြန်ရောက်တဲ့အခါ ရူးသွပ်ခြင်းဝေဒနာကို ခံစားနေရတဲ့ ဖခင်ကို တွေ့ခဲ့ ရပြီး အတော်လေးကို စိတ်ထိခိုင် ကြေကွဲခဲ့ရပါတယ်။ ဒီအကြောင်းကို ၁၈၈၀ မှာ ထွက်ရှိခဲ့တဲ့ သူ့စာအုပ် “The Surgeon of Gaster Fell” ထဲမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ မိသားစုက ပန်းချီဆရာလုပ်ခိုင်းသော် လည်း ဆေးပညာကို သင်ယူမယ်လို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒီလိုနဲ့ အီဒင်ဘာ့ တက္ကသိုလ်မှာ ဆေးပညာ တက်ရောက်သင်ယူခဲ့ပါတယ်။ ကော်နမ်ဒွိုင်းရဲ့ အပေါ် လွှမ်းမိုးနိုင်ဆုံး ပုဂိ္ဂုလ်ကတော့ သူ့ဆရာဖြစ်တဲ့ ဒေါက်တာ ဂျိုးဇက်ဘဲ(လ်) (Dr.Joseph Bell) ဖြစ်ပါတယ်။ အဆိုပါ ဆရာဟာ စူးစမ်းဆင်ခြင်ခြင်း၊ တွေးခေါ်မျှော်မြင်ခြင်း၊ ကျိုးကြောင်းဆင်ခြင်ခြင်းနဲ့ ကောက်ချက်ချခြင်းတို့မှာ သူမတူအောင် ထူးချွန်တဲ့ ပုဂိ္ဂုလ်တစ်ဦးဖြစ်ပါတယ်။ အဆိုပါ စွမ်းရည်များနဲ့ ပါတ်သက်လို့ နောင်သူရေးသားခဲ့တဲ့ ရှားလော့ဟုမ်း ရဲ့ စုံထောက်စွမ်းရည်များမှာ ထည့်သွင်းဖော်ပြခဲ့ပါ တယ်။ (အဆိုပါဆရာနဲ့ တွေ့ခဲ့လို့ ရှားလော့ဟုမ်းကို ဖန်တီးဖြစ်တာလို့လည်း ဆိုနိုင်ပါတယ်။)
တက္ကသိုလ်ရောက်လို့ ၂ နှစ်ခန့်အကြာမှာ တော့ ဇာတ်လမ်းတစ်ပုဒ်လောက် ရေးဖို့ စိတ်ကူးရခဲ့ပါတယ်။ ဇာတ်လမ်းနာမည်ကို “The Mystery of Sasassa Valley” လို့ ပေးခဲ့ပြီး အီဒင်ဘာ့ မဂ္ဂဇင်းမှာ ပါဝင်လာခဲ့ပါတယ်။ ကျောင်းကိုတင်သွင်းရတဲ့ စာတမ်းကတော့ ၁၈၇၉ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်နေ့ထုတ် British Medical Jorunal မှာ “Gelsemium as a Poison” ဟူသော အမည်နဲ့ဖော်ပြခွင့်ရခဲ့ပြီး ၂၁ ရာစုရဲ့ လူသတ်မှုစုံစမ်းစစ်ဆေးရေးမှာ အရေးပါတဲ့ စာတမ်းလို့ Daily Telegraph ကဖော်ပြခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ သူ့ရဲ့ ဒုတိယမြောက် ဝတ္ထုတိုဖြစ်တဲ့ “The American Tale” ကို Landon Society ကတစ်ဆင့် ဖြန့်ချီခဲ့ပါတယ်။ ဆေးကျောင်းကနေ ၁၈၈၁ ခုနှစ်မှာ "Bachelor of Medicine and Master of Surgery degree” ဘွဲ့ကို ရရှိခဲ့ပါတယ်။
ရှားလော့ဟုမ်းအားမွေးဖွားခြင်း
ငယ်စဉ်ကတည်းက စာအုပ်စာပေနဲ့ပါတ်သက်လို့ ဗီဇကလည်းပါ၊ ဝါသနာလည်း ကြီးခဲ့သူ ကော်နမ်ဒွိုင်းဟာ အလုပ်ထဲကိုရောက်တဲ့အခါမှာတော့ ဆရာဝန်ကောင်းတစ်ယောက်ဖြစ်အောင်လုပ်မှာလား၊ စာရေးဆရာတစ်ယောက် အဖြစ် ဆက်လက်ရှင်သန်မှာလားဆိုတာ ဝေခွဲမရဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ ၁၈၈၆ ခုနှစ် မတ်လမှာတော့ ဝတ္ထုရေးခြင်း ကိုစတင်လုပ်ဆောင်ခဲ့ပြီး (၂)နှစ်အကြာမှာတော့ “A Study in Scarlet” လို့အမည်ပေးထားတဲ့ ဝတ္ထုမှာ ရှားလော့ဟုမ်း နဲ့ ဒေါက်တာ ဝက်ဆန်တို့ကို မိတ်ဆက်ပေးခဲ့ပါတယ်။ အဆိုပါဝတ္ထုကို Beeton’s Christmas Annual မှာ ဖော်ပြခဲ့ပြီး အဓိကဇာတ်ကောင်ဖြစ်တဲ့ ရှားလော့ဟုမ်းဟာလည်း ကမ္ဘာတစ်ဝန်း ပျံ့နှံ့ကျော်ကြားလာခဲ့ပါတယ်။ အဲဒီခေတ်ကာလက ကော်နမ်ဒွိုင်းဟာ အင်္ဂလန်ပြည်ထက် အမေရိကန်ပြည်ထောင်စုဘက်မှာ ပိုမိုကျော်ကြားခဲ့ပါတယ်။ ရှားလော့ဟုမ်းပါဝင်တဲ့ နောက်ထပ် ဝတ္ထုတိုတစ်ပုဒ်ကိုတော့ ၁၈၉၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလမှာ ဖော်ပြခဲ့ပါတယ်။ အဲဒီ ဝတ္ထုတိုအမည်ကတော့ “The Signs of Four” ဖြစ်ပါတယ်။
စာပေနယ်ရော ဆေးပညာနယ်ဘက်မှာပါ အောင်မြင်လာခဲ့တဲ့ ကော်နမ်ဒွိုင်းဟာ Portsmouth ကနေ Vienna ကို မျက်စိပညာ အထူူးပြုလေ့လာလိုတဲ့အတွက် ပြောင်းရွှေ့ခဲ့ပါတယ်။ ၁၈၉၁ ခုနှစ်၊ မေလမှာတော့ ရှားလော့ဟုမ်း ဝတ္ထုတိုများရေးသားလျက်ရှိတဲ့ ကော်နမ်ဒွိုင်းဟာ အဖျားရောဂါကို ပြင်းထန်စွာ ခံစားခဲ့ရပြီး သေမလိုတောင် ဖြစ်ခဲ့ရပါတယ်။ အဲဒီနောက် ဆေးပညာသင်ကြားမှုကို သူစွန့်လွှတ်လိုက်ပါတယ်။ ဒီလိုနဲ့ သူဖန်တီးခဲ့တဲ့ ဇာတ်ကောင် ရှားလော့ဟုမ်းကိုလည်း အဆုံးသတ်တော့မယ်လို့ စိတ်ကူးခဲ့ရင်း ၁၈၉၃ ခုနှစ်၊ ဒီဇင်ဘာလမှာ ထွက်ရှိခဲ့တဲ့ “The Final Problem” ဆိုတဲ့ စာအုပ်မှာ ရှားလော့ဟုမ်းနဲ့ ဗီလိန်ဖြစ်တဲ့ မိုရီရာတီတို့ Reichenbach ရေတံခွန်ကနေ ပြုတ်ကျရင်း သေဆုံးသွားပြီဟု ရေးသားအဆုံးသတ်ခဲ့ပါတယ်။ အဲဒီအခါမှာတော့ သူ့ရဲ့ စာဖတ်ပရိတ်သတ် နှစ်သောင်းခန့်က Strand Magazine ကို ဆန္ဒပြခဲ့ကြပါတယ်။ သူတို့က ရှားလော့ဟုမ်းကို အဆုံးမသတ်စေချင်ခဲ့ကြတာပါ။
၁၈၉၄ ခုနှစ်မှာ ကော်နမ်ဒွိုင်းဟာ နယူးယော့ခ်ကိုထွက်ခွာလာခဲ့ပြီး ဟောပြောပွဲတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါ တယ်။ သူ့ရဲ့ ဟောပြောပွဲတွေဟာလည်း အတော်လေးကို အောင်မြင်ခဲ့ပြန်ပါတယ်။ ၁၈၉၆ ခုနှစ်မှာတော့ ဇနီးသည်နဲ့ အတူ အီဂျစ်ပြည်ကို သွားရင်း နောက်ထပ် ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ “The Tragedy of the Korosko” ကို ရေးသား နိုင်ခဲ့ပါတယ်။ သူ့ရဲ့ ဝတ္ထုများကို ပြဇာတ်အဖြစ် ၁၉၀၁ ခုနှစ်မှာ ရုံတင်ခဲ့ပါတယ်။ ကြီးမားတဲ့ အောင်မြင်မှုကိုရရှိခဲ့ ပြန်ပါတယ်။ အဲဒီနောက် Boer စစ်ပွဲအတွင်းမှာ ဘော်လန်ဒီယာအဖြစ် စစ်မှုထမ်းခဲ့ပါသေးတယ်။ တောင်းဆိုတဲ့ပရိတ်သတ်တွေအတွက် The Strand Magazine ဟာ ၁၉၀၁ ခုနှစ်၊ သြဂုတ်လမှာ ရှားလော့ဟုမ်းဝတ္ထု “The Hound of the Baskervilles ကို ဖော်ပြခဲ့ပါတယ်။ တစ်နှစ်ခန့်အကြာမှာတော့ ဘုရင်ကြီး Edward VII ဟာ ကော်နမ်ဒွိုင်းကို ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး ရှားလော့ဟုမ်းဝတ္ထုများပြန်လည်ရေးသားဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီလိုနဲ့ ဘုရင်ကြီး အပြင် စာဖတ်ပရိတ်သတ်ပေါင်းများစွာရဲ့ တောင်းဆိုမှုများကြောင့် ၁၉၀၃ ခုနှစ်၊ The Strand Magazine မှာ “The Return of Sherlock Holmes” ကို ထပ်မံရေးသား ဖော်ပြခဲ့ရပါတယ်။ ၁၉၁၂ ခုနှစ်မှာ “The Case of Oscar Slater” ၊ ၁၉၁၄ ခုနှစ်တွင် “The Lost World” နဲ့ “The Valley of Fear” ၊ ၁၉၁၄ နှောင်းပိုင်းတွင် “His Last Bow” ၊ ၁၉၂၂ ခုနှစ်တွင် “The Coming of Fairies” ၊၁၉၂၈ ခုနှစ်တွင် “The Casebook of Sherlock Holmes” စသည်တို့ကို ထပ်မံ ရေးသားနိုင်ခဲ့ပါတယ်။
ဘဝနိဂုံး
ဆာအာသာကော်နမ်ဒွိုင်းဟာ ၁၉၃၀ ခုနှစ်၊ ဂျူလိုင်လ ၇ ရက်၊ တနလာၤနေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ ( သူမွေးဖွား ဖန်တီးခဲ့တဲ့ ရှားလော့ဟုမ်း ဝတ္ထု(ဇာတ်လမ်း)များကတော့ ယနေ့တိုင် ထွက်ရှိနေဆဲ ဖြစ်ပါတယ်။ သူ့ရဲ့ တွေးတောသုံးသပ်ပုံ၊ ဇာတ်လမ်းဇာတ်ကွက်များကို အခြေခံပြီး ခေတ်သစ်စာရေးဆရာများက ဇာတ်ညွှန်းရေးသားပြီး ရိုက်ကူးထုတ်လုပ်တဲ့ ရှားလော့ဟုမ်း ဇာတ်လမ်းတွဲ စီးရီးများဟာလည်း ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလအထိ Series 4 , Episode 1 အထိထွက်ရှိ နေခဲ့ပြီဖြစ်ပါတယ်။ ရုပ်ရှင်အသိုင်းဝိုင်းရော၊ စာပေအသိုင်းဝိုင်းမှာပါ ပျံ့နှံ့ကျော်ကြားနေဆဲလည်းဖြစ်ပါတယ်။ မြန်မာဘာသာပြန် စာရေးဆရာများဖြစ်ကြ တဲ့ ဆရာကြီးမြသန်းတင့်ကတော့ ရှားလော့ဟုမ်းဝတ္ထုအချို့ကို မြန်မာပြန်ရေးသားခဲ့ပြီး၊ ဆရာကြီးရွှေဥဒေါင်းကတော့ ရှားလော့ဟုမ်း နေရာမှာ စုံထောက်မောင်စံရှားဟု အမည်ခေါ်တွင်ကာ မြန်မာမှုပြု ပြန်လည်ရေးသားခဲ့ပါတယ်။)
မောင်တင်
Comments
Post a Comment