သောကစေရာ တစ်နေ့တာ
ကျွန်တော်တို့ အိပ်ယာထဲ၌ရှိနေစဉ် ပြတင်းပေါက်ပိတ်ရန် ဝင်လာသော သားငယ်၏နေမကောင်း ဖြစ်နေသည့် ပုံကို တွေ့လိုက်ရသည်။ ဖြူ ဖတ်ဖြူ ရော်မျက်နှာထားနှင့် တုန်ရီနှေးကွေးစွာ လမ်းလျှောက်လာသော သူ့ကိုကြည့်ရသည်မှာ မသက်သာလှ။ "ဘာဖြစ်လို့လဲ ရှ(ဇ်)" ဟု ကျွန်တော်မေးတော့ "ကျွန်တော် ခေါင်းကိုက်နေတယ်" ဟု ပြန်ဖြေ၏။
"အိပ်ယာထဲသွားနားနေတာ ကောင်းလိမ့်မယ်"
"ရတယ် ဒီအတိုင်းအဆင်ပြေပါတယ်"
"အိပ်ယာထဲသွားပါ သား၊အဖေအဝတ်စားလဲပြီးလိုက်လာခဲ့မယ်"
ဒါပေမယ့် ကျွန်တော်အောက်ထပ်ကိုရောက်တော့ အနွေးထည်ဝတ်ပြီး မီးဖိုနားမှာထိုင်နေသည့် သူ့ကို တွေ့ရ၏။ ၉နှစ်အရွယ် သားငယ်၏ အရွယ်နှင့်မလိုက်အောင် နာမကျန်း ဖြစ်နေသည့် ဟန်ပန်ကို မြင်ရသည်မှာ စိတ်မသက်မသာဖြစ်ရသည်။ သူ့နဖူးပေါ် လက်တင် စမ်းကြည့်သည့်အခါ ဖျားနေကြောင်းကို သိရ၏။ "အိပ်ယာထဲသွားတော့သား၊ မင်းဖျားနေပြီ" ဟုကျွန်တော်ထပ်ပြောတော့ "သားအဆင်ပြေပါတယ်အဖေ"ဟုဆိုသည်။
ဆရာဝန်ရောက်လာပြီး သား၏ကိုယ်အပူချိန်ကို တိုင်းသည့်အခါ ၁၀၂ ဒီဂရီရှိသည်ဟု ပြောသည်။ အောက်ထပ်ကိုရောက်တော့ ဆရာဝန်က သောက်ဆေးသုံးမျိုး ပေး၏။ ဆေးတွေက အရောင်စုံရှိပြီး မည်သည့်အချိန်တွင် တိုက်ရမည် ဖြစ်ကြောင်းကိုလည်း ရှင်းပြသည်။ ပထမတစ်လုံးက အဖျားကျဖို့အတွက်၊ ဒုတိယတစ်လုံးက ဝမ်းနုတ်ဆေးနှင့် နောက်တတိယတစ်မျိုး က အက်ဆစ်တွေကိုတားဖို့ဟု ဆို၏။ တုပ်ကွေးရောဂါပိုးများက အက်ဆစ်ဒြပ်ရှိသည့်အခြေနေတွင်သာ နေနိုင်ကြောင်းကိုလည်း ဆရာဝန်က ရှင်းပြသည်။ သူ့ကြည့်ရသည်မှာ တုပ်ကွေးရောဂါပိုး အာလုံးအကြောင်းကို သိနေပုံရပြီး ကိုယ်အပူချိန် ၁၀၄ ထက်မကျော်မချင်း စိုးရိမ်စရာမရှိကြောင်းကိုလည်း ထပ်လောင်းပြောပြသွား၏။ သားဖြစ်သည်မှာ သာမန်ကူးစက်ပျံ့နှံ့တတ်သည့် တုပ်ကွေးရောဂါသာဖြစ်ပြီး အဆုပ်ရောင်ခြင်းမဖြစ်လျှင် အန္တရာယ်မရှိနိုင်ဟု ဆိုသည်။ အခန်းထဲကို ပြန်ရောက်တော့ သား၏ ကိုယ်အပူချိန်နှင့် ဆေးတိုက်ရမည့် အချိန်များကို ရေးမှတ်ထားလိုက်သည်။
"စာဖတ်ပြရအုံးမလား သား" ဟု ကျွန်တော်မေးတော့ "အဖေအဆင်ပြေရင် ဖတ်ပြပါ" ဟုဆို၏။ သားငယ်၏မျက်နှာမှာ ဖြူ လျ နေသလို မျက်ကွင်းများလည်း ညိုမဲနေသည်။ ကျွန်တော်က ဟောင်းဝါ့ပိုင်းလီ ၏ ပင်လယ်ဓားပြများ စာအုပ်ကို အသံကျယ်ကျယ်နှင့်ဖတ်ပြသည်။ သို့သော် ကျွန်တော်ဖတ်နေသည်ကို သူလိုက်နားမစိုက်နိုင်ကြောင်းကိုလည်း သတိထားမိ၏။
"ဘယ်လိုနေသေးလဲ သား”
"ဒီတိုင်းပဲအဖေ"
ကျွန်တော်လည်း အိပ်ယာခြေရင်းမှာ စာထိုင်ဖတ်ပြီး နောက်တစ်ခေါက်ဆေးတိုက်ချိန်ကို စောင့်နေလိုက်သည်။ ကျွန်တော့်စိတ်ထဲတော့ သားကို သူ့ဘာသာ အိပ်ပျော်သွားပါစေလို့ပဲ တွေးနေမိသည်။ သို့သော် သားငယ်မှာ ယခုတိုင် အိပ်မပျော်သေးဘဲ အိပ်ယာခြေရင်းကိုသာ စိမ်းစိမ်းကြီး ကြည့်နေလေ၏။ "ဘာလို့ မအိပ်တာလဲသား၊ ဆေးသောက်ချိန်ကျ အဖေနှိုးမှာပေါ့" ဟု ကျွန်တော်ပြောလိုက်သည်။
သူက "မအိပ်ချင်ဘူးအဖေ"ဟုပြန်ပြော၏။
အချိန်အနည်းငယ်ကြာသည့်အခါ "သားအနားမှာနေရတာ ပျင်းရင် မစောင့်ပါနဲ့ အဖေ" ဟုပြောလာသည်။ "စောင့်ရတာ မပျင်းပါဘူးသားရဲ့" "မဟုတ်ဘူးအဖေ သားဆိုလိုတာက သားအနားမှာ စောင့် စရာမလိုပါဘူးလို့ပြောတာပါ" ဟု ရှင်းပြ၏။ သူခေါင်းကိုက်တာ နည်းနည်းသက်သာလာပြီလို့ ထင်တာကြောင့် မနက် ၁၁ နာရီတွင် သောက်ရမည်ဆေးများကို တိုက်ခဲ့ပြီး ကျွန်တော်လည်း ထွက်လာခဲ့သည်။
ရာသီဥတုကတော့ ကြည်ကြည်လင်လင်၊ အေးအေးချမ်းချမ်း ရှိသည်။ မြေပြင်ကတော့ မိုးနှင်းများကြောင့် အေးခဲနေပြီး နှင်းခဲများက သစ်ပင်များနှင့် ခြုံ ပုပ်များပါ် ဖုံးလွှမ်းလို့ နေ၏။ အိုင်းရစ်မျိုးနွယ် အနီရောင် အမဲလိုက်ခွေးလေးကိုခေါ်ခဲ့ပြီး ချောင်းစွယ်တလျောက် လမ်းလျှောက်လာခဲ့သည်။ ပြောင်ချောနေသည့် မြေမျက်နှာပြင်ကြောင့် လျှောက်ရသည်မှာ မလွယ်ကူလှချေ။ နှစ်ကြိမ်တိုင် ချော်လဲရသလို ကျွန်တော်ကိုင်ဆောင်လာခဲ့သည့် သေနတ်လည်း လွတ်ထွက်သွားသည်က ရှိသေး၏။ ခဲရာခဲဆစ် ပစ်ရာမှဆောင်းခိုငှက် နှစ်ကောင်ဖမ်းမိသည်နှင့် အိမ်ပြန်လာခဲ့လိုက်သည်။
အိမ်ကိုရောက်တော့ သားက သူ့အခန်းထဲ ဘယ်သူမှအဝင်မခံကြောင်းကို အိမ်သားတွေကဝိုင်းပြောကြသည်။ "အဖေဝင်မလာနဲ့" လို့ သားက အော်ပြော၏။ "အဖေဘာပါလာလဲ သားမကြည့်တော့ဘူးလား" ဟုပြောရင်း သူ့အခန်းထဲကို ဝင်လိုက်သည်။ သားကတော့ ကျွန်တော်ထွက်သွားစဉ်ကအတိုင်း ပုံစံမပျက်လဲှနေ၏။ မျက်နှာကဖြူ ဖတ်ဖြူ ရော်ဖြစ်တုန်း၊ ပါးနှစ်ဖက်ကတော့ အဖျားသွေး ကြောင့်နီရဲလို့နေပြီးအိပ်ယာခြေရင်းကိုသာငေးကြည့်လို့နေသည်။
ကျွန်တော်လည်း သား၏ ကိုယ်အပူချိန်အား တိုင်းကြည့်လိုက်ရာ "ဘယ်လောက်လဲ အဖေ"ဟုသူမေးတော့ "၁၀၀ လောက်ပါပဲသား" ဟုကျွန်တော်ပြောလိုက်၏။ တကယ်တော့ သူ့အပူချိန်က ၁၀၂ဒသမ၄လောက်ရှိသည်။
"၁၀၂ ဒီဂရီ မဟုတ်လား အဖေ"
"သားကိုဘယ်သူပြောလဲ"
"ဆရာဝန်လေ"
"သားအပူချိန်ကကောင်းပါတယ်၊စိုးရိမ်စရာမဟုတ်ပါဘူး"
"မစိုးရိမ်ပါဘူးအဖေ ၊ဒါပေမယ့်သားမတွေးပဲလည်းမနေနိုင်ဘူး"
"မတွေးနဲ့သား၊ စိတ်အေးအေးထား"
"သားလည်း အေးဆေးအောင်ထားနေပါတယ်" ဟုဆို၏။ သူ့စိတ်ထဲမှာ တစ်ခုခုကို မတင်မကျဖြစ်နေပုံရသည်။
ကျွန်တော်လည်း "ဒါလေးကို ရေနဲ့သောက်လိုက်အုံးသား" ဟုပြောရင်း ဆေးတိုက်လိုက်သည်။
"ကောင်းသွားမှာပါနော်"
"ဒါပေါ့သား၊ ကောင်းသွားမှာ"
ကျွန်တော်သူ့ကို ပင်လယ်ဓားပြများစာအုပ်ကို ဖတ်ပြနေလိုက်၏။ ထိုသို့ဖတ်ပြနေသော်လည်း သူလိုက်ပြီး အာရုံမစိုက်ကြောင်းကို မြင်နေရသည်။ သူက "သား ဘယ်အချိန် သေမလဲ အဖေသိလား" ဟု ကောက်ခါငင်ကာ မေးလေသည်။
"ဘာပြောတာလဲသား"
"သားဘယ်အချိန်ထိ နေရအုံးမလဲ"
"သားက သေခါနီးမဟုတ်ပါဘူး။ ဘာမှားနေလို့လဲသား”
သူ့နုတ်ဖျားက အဖျားသွေး ၁၀၂ ဒီဂရီဟု ရွတ်လိုက်သည်ကို ကြားရ၏။
"လူတွေက ကိုယ်အပူချိန် ၁၀၂ လောက်နဲ့ မသေနိုင်ဘူးသား၊ ရူးကြောင်ကြောင်စကားတွေပါသားရယ်" "သားသိတယ် အဖေ၊ ပြင်သစ်ကျောင်းမှာဆို သူငယ်ချင်းတွေက လူတွေ အဖျားသွေး ၄၄ ဒီဂရီဆို သေကြမှာလို့ပြောကြတယ်၊ သားကအခု ၁၀၂ တောင်ရှိတယ်လေ"
သားလေးခဗျာ မနက် ၉နာရီကတည်းက တနေကုန်တိုင်အောင် သူသေတော့မည် ဆိုသည့် အတွေးနှင့် စောင့်နေရရှာသည်။
"မဟုတ်တာ သားရယ်၊ အဲဒါက မိုင်နဲ့ ကီလိုမီတာ ကွာခြားသလိုမျိုးပဲသား၊ သားမသေနိုင်ပါဘူး၊ ဒီဟာက အတိုင်းအတာ တစ်မျိုးလေ။ သားပြောတဲ့ သာမိုမီတာမှာ ၃၇ ဒီဂရီဟာ ပုံမှန်ဆိုပေမယ့် ဒီဟာမှာကျ ၉၈ ဒီဂရီက ပုံမှန်ပဲသား"
"သေချာလား အဖေ"
"လုံးဝသေချာတာပေါ့သားရယ်၊ မိုင်နဲ့ ကီလိုမီတာ ကွဲပြားသလိုမျိုးလေ၊ အဖေတို့ကားမှာ ၇၀ မိုင်နှုန်း နဲ့မောင်းရင် ကီလိုမီတာ ဘယ်လောက်ရောက်တယ်ဆိုတာ သားသိသလိုမျိုးပေါ့"
သူ့အိပ်ယာခြေရင်းကိုသာ တွေတွေလေး ငေးမောနေသော သားငယ်ဟာ အခုမှ စိတ်သက်သာရာ ရသွားပုံပါပဲ။ သူ့စိတ်ထဲတွင် တနေကုန် မတင်မကျဖြစ်နေသမျှများသည်လည်း လျော့ပါးသွားလေ၏။ သူခံစားရသမျှကို မည်သူ့ကိုမှမပြောဘဲ ဘာမှမဖြစ်သလို ဟန်ဆောင်နေခဲ့သည် မဟုတ်လား။
အဖြစ်မှန်ကို သိပြီးနောက်ပိုင်းကာလများတွင် သားငယ်သည် အကြောင်းအရာတခုခုအား သူ့စိတ်ထဲတွင်သာ ထိန်းမထားတော့ဘဲ ဘာမျှ မည်မည်ရရ မဟုတ်သည်ကိုပင် အငိုလွယ်တတ်လာလေသည်။
မောင်တင်
(Ernest Hemingway ၏ A Day’s Wait ကို ဆီလျော်အောင် ဘာသာပြန်သည်)
Comments
Post a Comment