တံတားပေါ်က အဘိုးအို
စတီးကိုင်းမျက်မှန်တစ်လက်ကို တပ်ဆင်လျက် အလွန် ညစ်ပေနေသော အဝတ်တို့ကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ယောက် သည် လမ်းဘေးတစ်နေရာတွင် ထိုင်နေ၏။ ယာယီပြုလုပ်ထားသော မြစ်ဖြတ် ဆိပ်ခံဗောကြီး တစ်ခုပေါ်တွင် ယောကျာ်း၊မိန်းမ ကလေးသူငယ် ပေါင်းစုံသည် လှည်းများ၊ ကုန်တင်ကားများဖြင့် တရွေ့ရွေ့ ဖြတ်သန်းသွားလာလျက်ရှိသည်။ လားလှည်းများသည်လည်း တံတားအစွန်းမှ မတ်စောက်သော ကုန်းတက်ကို ဒယီးဒယိုင် ကျားကန် တက်လျက်ရှိသလို စစ်သားများကလည်း လှည်းဘီးများကို တွန်းတင်ပေးလျက်ရှိ၏။ ရွာသားများက မြေပြင်ပေါ်ရပ်နားထားသည့် ကုန်ကားကြီးများ၏ ဆန့်ကျင်ဘက်ဆီသို့ ခြေကျင်းဝတ်ထိမြှုပ်အောင် ဖုန်ထူထပ်သော လမ်းမပေါ်တွင် ဖြေးညင်းစွာ လျှောက်နေလျက်ရှိသည်။ သို့သော် အဘိုးအိုသည်ကား မူလထိုင်နေသည့် နေရာမှ တစ်ဖဝါးမျှ မရွှေ့ချေ။ သူ့ကြည့်ရသည်မှာ မသွားနိုင်လောက်အောင် ပင်ပန်းနေပုံရ၏။
ကျွန်တော့်တာဝန်က တံတားကိုဖြတ်ကူးပြီး ရန်သူများကျူးကျော်လာသည့် တစ်ဘက်ကမ်းက နေရာများကို ရှာဖွေရှင်းလင်းရန်ဖြစ်၏။ တာဝန်များပြီးဆုံးသည်ကြောင့် အပြန်ခရီးတွင် တံတားပေါ် တစ်ခါ ဖြတ်ရခြင်း ဖြစ်သည်။ လှည်းများနှင့် လူများ နည်းပါးသွားချိန်အထိ အဘိုးအိုမှာ မူလနေရာတွင်သာ ရှိသေး၏။
ကျွန်တော်က “အဘိုး ဘယ်ကလာတာလဲ” ဟုမေးလိုက်၏။
သူက “ဆန်ကားလော့ ကပါ” ဟု ပြုံးလျက်ဖြေ၏။
အဘိုးမှာ သူ့ဇာတိမြေကို ထုတ်ဖော်ပြောဆိုရသည့်အတွက် ဝမ်းသာပီတိဖြစ်နေသည့်ပုံ ပေါက်သည်။
ထို့နောက် “ကျွန်တော်က တိရစ္ဆာန်လေးတွေကို စောင့်ရှောက်နေခဲ့တာ” ဟု ပြောလေ၏။
ကျွန်တော်က အဘိုးပြောသည်ကို သိပ်နားမလည်။
အဘိုးအိုက “ခင်ဗျားမြင်သလိုပဲ ကျွန်တော်က တိရစ္ဆာန်လေးတွေကို စောင့်ရှောက်နေတာလေ။ ဆန်ကားလော့ မြို့ကထွက်ခွာရမယ့် နောက်ဆုံး တစ်ယောက်ပေါ့” ဟု ပြော၏။
ဖုန်များနှင့်ပေကျံနေသည့် အမည်းရောင် ဝတ်စုံ၊ ဖုန်ထူထူ မီးခိုးရောင်မျက်နှာ၊ သံကိုင်းတပ် မျက်မှန် တစ်လက် တို့နှင့် ထိုအဘိုးအိုမှာ သိုးထိန်းတစ်ယောက်နှင့်လည်း မတူသလို၊ မွေးမြူရေးလုပ်ငန်း လုပ်သူ တစ်ဦးနှင့်လည်း မတူပေ။ ထို့ကြောင့် ကျွန်တော်က “အဘိုးက ဘယ်တိရစ္ဆာန်တွေကို ထိန်းရတာလဲ” ဟု မေးလိုက်သည်။
ထိုအခါ အဘိုးအိုက “အစုံပါပဲ၊ အခုတော့ကျွန်တော်သူတို့ကို ထားခဲ့ရပါပြီ” ဟု ခေါင်းကို ယမ်းလျက် ဆိုပြန်သည်။
တံတားဘက်ကို စောင့်ကြည့်ရင်း အာဖရိက ဒေသပုံပေါက်နေသည့် အက်ဘရိုမြစ်ဝကျွန်းပေါ် အကြောင်းကို တွေးနေမိသည်။ ဒီနေရာ ဒီဒေသများက စစ်ကြီးမဖြစ်ခင် ဘယ်ကာလကတည်းက တည်ရှိနေတာပါလိမ့်။ အရင်က အေးချမ်းခဲ့တဲ့ ဒီနေရာဟာ ထင်မထားတဲ့ အရာတွေဖြစ်လာရပြီလေ။ ဒါပေမယ့် အဘိုးအိုကတော့ ဒီနေရာမှာ ထိုင်နေဆဲပါပဲ။
“ဘာကောင်တွေလဲအဘိုး”
“ဆိတ်နှစ်ကောင်၊ ကြောင်တစ်ကောင်နဲ့ ပင်ကွင်းလေးစုံပါ”
“အခု အကုန်လုံးကို ထားခဲ့တာလား”
“ဟုတ်ပါတယ်။ အမြောက်တပ်ကြောင့်ပေါ့၊ အမြောက်တွေနဲ့ ပစ်တော့မယ်၊ သွားတော့ လို့ ဗိုလ်ကြီးက ပြောတယ်။”
“အဘိုးမှာ မိသားစုမရှိဘူးလား” ဟု ကျွန်တော်မေးလိုက်၏။ ဒီဘက်တံတားအစွန်းမှာတော့ ဆင်ခြေလျောကုန်းကို ဆင်းနေသည့် လှည်းအနည်းသာ ရှိတော့သည်ကိုလည်း မြင်နေရသည်။
“မရှိဘူး။ ကျွန်တော့်မှာ အဲဒီတိရစ္ဆာန်လေးတွေပဲရှိတာ။ ကြောင်လေးအတွက်တော့ အဆင်ပြေနိုင် လောက်ပါတယ်။ သူက သူ့ဘာသာ သွား၊ ရှာစားနိုင်တယ်၊ ကျန်တဲ့အကောင်တွေအတွက် စိတ်ပူတယ်။”
“အဘိုးက နိုင်ငံရေးလုပ်လား”
“မလုပ်ပါဘူး၊ ကျွန်တော်က နိုင်ငံရေးကင်းရှင်းပါတယ်။ ကျွန်တော်က အသက် ခုနှစ်ဆယ့် ခြောက်နှစ်ရှိပါပြီ၊ ဒီနေရာထိကို ဆယ်နှစ် ကီလိုမီတာ လမ်းလျှောက်လာခဲ့ရတာ၊ ကျွန်တော် ဆက်မသွားနိုင် တော့ဘူး”
“ဒီနေရာမှာ နားလို့ အဆင်မပြေဘူးအဘိုး၊ လမ်းပေါ်မှာ ကုန်ကားတွေရှိသေးတယ်။ တော်တိုဆာ မြို့ လမ်းဆုံအထိတော့ ရောက်မှာပါ”
“ကျွန်တော်ခနစောင့်အုံးမယ်၊ ပြီးမှ ဆက်သွားမယ်၊ ကားတွေက ဘယ်ထိသွားကြမှာလဲ”
“ဘာစီလိုနာအထိပါ”
“အဲဒီမှာ ကျွန်တော်တစ်ယောက်မှ မသိဘူး၊ ဒါပေမယ့် ကျေးဇူးတင်ပါတယ်၊ ကျေးဇူးသိပ်တင် ပါတယ်ဗျာ”
အဘိုးအိုက ကျွန်တော့်ကို မောဟိုက်နွမ်းလျစွာ ကြည့်လို့နေ၏။ သူ့သောကကိုလည်း မျှဝေချင် သည့်ပုံ။ ထို့နောက်“ကြောင်လေးကတော့ အဆင်ပြေလောက်ပါတယ်။ ကျန်တဲ့ အကောင်တွေအတွက် ဘယ်လို လုပ်ရမလဲဟင်” ဟု မေးပြန်၏။
“သူတို့ အဆင်ပြေမှာပါ”
“အဲလိုထင်တာလား”
“ဘာလို့မထင်ရမှာလဲ”
“အမြောက်ဆံတွေကြားမှာ သူတို့ ဘယ်လိုအဆင်ပြေနိုင်ပါ့မလဲဗျာ”
“လှောင်အိမ်တွေကို ဖွင့်ခဲ့တယ်မလား အဘိုး”
“ဟုတ်တယ်၊ ဖွင့်ခဲ့တယ်”
“ဒါဆို ငှက်တွေကတော့ သေချာပေါက် ပျံထွက်သွားမှာပေါ့။ ဒါပေမယ့် တခြားအကောင်တွေ အတွက်တော့… အင်း….သူတို့အတွက် မတွေးတာ ပိုကောင်းပါတယ်။”
“အဘိုးဒီမှာပဲ နားနေမယ်ဆိုရင် ကျွန်တော် သွားတော့မယ် ၊ လုပ်ပါ၊ ထပြီး လမ်းလျှောက်စမ်းပါ” ဟု ကျွန်တော်က တိုက် တွန်းလိုက်သည်။
“ကျေးဇူးပါပဲ” ဟု အဘိုးအိုက ပြောရင်း မတ်တပ်ထရပ်သည်။ သို့သော် ဘယ်ညာ ယိမ်းယိုင်ပြီး ဖုန်တောထဲ နောက်ပြန် ထိုင်ချပြန်၏။
“ကျွန်တော့် ကောင်လေးတွေကို စောင့်ရှောက်ရအုံးမယ်၊ သူတို့ ကိုစောင့်ရှောက်ဖို့ ကျွန်တော်တစ်ယောက်ပဲရှိတော့တာ” ဟု နာကျင်စွာဆို၏။ ကျွန်တော်လည်း ထပ်မစောင့်နိုင်တော့ချေ။
အဘိုးအိုအတွက် ဘာမျှမလုပ်ပေးနိုင်ခဲ့ပါဘူး။ ထိုနေ့သည် အီစတာပွဲတော် တနင်္ဂနွေနေ့ ဖြစ်ပြီး ဖက်ဆစ်တပ်များဟာလည်း အက်ဘရို မြစ်ဆီနယ်ချဲ့လို့လာနေပြီ ဖြစ်သည်။ တိမ်ထူထပ်သော နေ့တစ်နေ့ ဖြစ်သောကြောင့် သူတို့၏ တိုက်လေယာဉ်များ ပျံဝဲနေခြင်းကို မတွေ့ခဲ့ရပါ။ ဒါဟာလည်း အဘိုးအို၏ ကြောင်လေးများအတွက် အဘိုးအိုစောင့်ရှောက်ခဲ့စဉ်ကကဲ့သို့ သူတို့အစွမ်းအစနှင့် သူတို့ရှင်သန်နိုင်မည့် အကြောင်းရင်း တစ်ချက်ပင် ဖြစ်တော့သည်။
မောင်တင်
(Ernest Hemingway ၏ Old Man at the Bridge ကို ဆီလျော်အောင် ဘာသာပြန်သည်)

Comments
Post a Comment