လွတ်မြောက်ခြင်းပုံပြင်
နှလုံးရောဂါသည် မစ္စမောလာ့ ကို သူမရဲ့ ယောကျာ်းသေဆုံးသွားပြီဆိုတဲ့ အကြောင်းကိုအသိပေးဖို့ အင်မတန် သတိထားပြီးပြောဆိုခဲ့ရပါတယ်။ အဲဒီသတင်းဆိုးကို သယ်ဆောင်လာသူကတော့ တခြားသူမဟုတ်ပါဘူး။ သူမရဲ့ ညီမဖြစ်သူ ဂျိုးဆက်ဖင်း ကိုယ်တိုင်ပါပဲ။ မစ္စတာမောလာ့ရဲ့ သူငယ်ချင်းဖြစ်သူ ရစ်ချက်လည်း သူမအနားမှာရှိပါတယ်။ ရစ်ချက်ဟာ သတင်းစာတိုက်တစ်ခုမှာ အလုပ်လုပ်နေသူ တစ်ဦးဖြစ်ပြီး ရထားတိမ်းမှောက်တဲ့ မတော်တဆမှု ရဲ့ သေဆုံးစာရင်းမှာ မစ္စတာမောလာ့နာမည်ကို တွေ့ရလို့ လာရောက်ပြောပြသူဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ကြေးနန်းကို သေချာဖတ်လိုက်တာမဟုတ်ပဲ အလျင်စလို သတင်းပေးလိုက်တာဖြစ်ပါတယ်။
ယောကျာ်းဖြစ်သူရဲ့နာရေးသတင်းကို ကြားရချိန်မှာ မစ္စမောလာ့ကတော့ တခြားအမျိုးသမီးတွေလို သတိလစ် မေ့မျောသွားလောက်အောင် ဝမ်းနည်းပက်လက် မခံစားရပါဘူး။ သူ့ညီမရဲ့ လက်မောင်းပေါ် မှာ ရုတ်တရက် ခနတဖြုတ်သာ ငိုကြွေးခဲ့ပါတယ်။ ပူဆွေးသောကတွေကနေ သက်သာရာရချိန်မှာတော့ သူမ အခန်းရှိရာကို တစ်ယောက်တည်း ထွက်သွားပါတော့တယ်။
ပက်လက်ကုလားထိုင်လေးနဲ့ သက်တောင့်သက်သာ ဖြစ်စေတဲ့ သူမရဲ့ ကိုယ်ပိုင်အခန်းထဲ ကိုရောက်တဲ့အခါ ဖွင့်လျက်သားရှိတဲ့ ပြတင်းပေါက်ကို မျက်နှာမူပြီး ရပ်လိုက်ပါတယ်။ ရင်ထဲက မွန်းကြပ်မှုတွေကတော့ ပေါက်ကွဲလုမတတ်ပေါ့။
ပြတင်းပေါက်ကတဆင့် ဖြည်းငြင်းစွာလှုပ်ခတ်နေတဲ့ အိမ်ဘေးက သစ်ပင်တွေရဲ့ ထိပ်ဖျားကို မြင်နေရပြီး မိုးသက်လေနံ့ကို ရနေပါတယ်။ တစ်ဆက်တည်းမှာပဲ တစ်ယောက်တည်းသာ ရှေ့ဆက်ရတော့ မယ့် တစ်နည်းအားဖြင့် ဘဝသစ်တစ်ခုကို စရတော့မယ်ဆိုတဲ့ ခံစားချက်လည်း ဖြစ်ပေါ်လို့နေပါတယ်။ လမ်းထဲမှာတော့ လက်တွန်းလှည်းနဲ့ ဈေးသည်တစ်ယောက်က ရောင်းထည်တွေအကြောင်းကို အော်ဟစ် လို့နေပါတယ်။ ခပ်လှမ်းလှမ်းဆီက လူတစ်ယောက်ရဲ့ သီချင်းဆိုသံကိုလည်း ကြားနေရပါတယ်။ အနောက်အရပ်က အပြာရောင်ကောင်းကင်ကြီးမှာတော့ အဖြူရောင်တိမ်တွေ အဆုပ်လိုက်အခဲလိုက် ပြန့်ကျဲသွားလိုက် ပေါင်းစည်း သွားလိုက်နဲ့ပေါ့။
ကုလားထိုင်ခေါင်းမှီပေါ် နောက်မှီချလိုက်တဲ့အခါမှာတော့ ငိုရလွန်းလို့ ရှိုက်သံသဲ့သဲ့ ထွက်နေတုန်းပါပဲ။ ငိုယိုပြီးအိပ်ပျော်သွားတဲ့ကလေးတစ်ယောက် အိပ်မက်ထဲထိဆက်ငိုနေသလိုမျိုးပေါ့။
မစ္စမောလာ့ဟာ ငယ်ရွယ်ပြီး ရုပ်ရည်ပြေပျစ်သူတစ်ဦးဖြစ်သလို အရာရာကို ချုပ်တည်းထားရတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ဒါပေမယ့်အခုတော့သူမရဲ့ မျက်လုံးအိမ်ဟာ ထိုင်းထိုင်းမှိုင်းမှိုင်းနဲ့ ကောင်းကင်ပြာပြာ ကြီးကိုပဲ ငေးစိုက်ကြည့်လို့နေပါတယ်။
သူမအချိန်အတော်ကြာ ကြောက်လန့်ကြီးစွာနဲ့ စောင့်မျှော်နေရတဲ့ တစ်စုံတစ်ခုဟာ ရောက်လာပြီမဟုတ်လား။ ဘာကိုမျှော်လင့်နေတာလဲဆိုတာကတော့ သူမကိုယ်တိုင်လည်း တိတိကျကျ ရေရေရာရာမသိပါဘူး။ ဒါပေမယ့် သူမခံစားနေရတာကတော့ အဲဒီအရာဟာ ကောင်းကင်ပြာကို ဖောက်ထွက်ပြီး သူမဆီတည့်မတ်စွာလာနေတာ၊ အသံတွေ၊ ရနံ့တွေနဲ့ အရောင်တွေပေါင်းစုံလို့ပေါ့။ စိတ်လှုပ်ရှားမှုကြောင့်သူမရဲ့ ရင်အစုံဟာ နိမ့်ချီ မြင့်ချီနဲ့ အသက်မနည်းရှုနေရပါတယ်။
စိတ်ကို တည်ငြိမ်အောင် ဆောက်တည်လို့အပြီးမှာတော့ သူမရဲ့ နှုတ်ခမ်းအစုံက စကားလုံးတစ်ခု ကိုတိုးတိုးလေးရေရွတ်လို့နေပါတယ်။ “ငါလွတ်လပ်ပြီ လွတ်လပ်ပြီ. . . လွတ်လပ်ပြီ” တဲ့။ စိတ်အားငယ်ခြင်း ထိတ်လန့်ကြောက်ရွံ့ခြင်းများဟာ အဝေးဆီလွှင့်ထွက်သွားပြီး စိတ်ဓတ်တက်ကြွလို့လာပါတယ်။ နှလုံးခုန်နှု န်းတွေဟာလည်း မြန်ဆန်လာပြီး တစ်ကိုယ်လုံးသက်တောင့်သက်သာဖြစ်လာပါတယ်။
သေဆုံးသွားတဲ့ အမျိုးသားရဲ့ မျက်နှာကိုမြင်ယောက်ပြီး ထပ်ငိုပါလေတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ခါးသီးခဲ့ရတဲ့ ကာလတွေကိုလည်း တွေးနေမိတယ်လေ။
နောင်ဆို သူမတစ်ယောက်တည်း ရပ်တည်ရတော့မယ်။ ဘယ်သူ့ ဘယ်သူမှ သူမကို ချုပ်ခြယ်ခွင့် မရှိတော့ဘူး မဟုတ်လား။
ပြန်တွေးကြည့်တော့ သူမဟာ မစ္စတာမောလာ့အပေါ် တစ်ခါတလေ ချစ်စိတ်ဝင်ခဲ့တာကို သတိထားမိ တယ်။ အမြဲတမ်းတော့ မဟုတ်ပါဘူး။ ဒါဘာအရေးလဲ။ အချစ်ဆိုတာကရော ဘာလဲ။ သူမကို လိုသလို ချုပ်ကိုင်နိုင်တဲ့အရာပဲလေ။
“အခုတော့ ကိုယ်ရောစိတ်ပါ လွတ်လပ်ရပြီ” လို့ သူမ ရေရွတ်လိုက်ပါတယ်။
ညီမဖြစ်သူ ဂျိုးဆက်ဖင်းဟာ ပိတ်ထားတဲ့ အခန်းတံခါးရှေ့ကို ရောက်လာပြီး “လူစီရယ် တံခါးဖွင့်ပါအုံး။ ကိုယ့်စိတ်ကိုကိုယ် ဒုက္ခမပေးပါနဲ့” လို့ အော်ပြောပါတယ်။ “ဘာလုပ်နေတာလဲ လူစီ၊ တံခါးဖွင့်ပေးနော်” လို့ ထပ်မံပြောဆိုလိုက်ပါတယ်။
“ထွက်သွားပါ။ ငါ ဒုက္ခအကြောင်းတွေမတွေးပါဘူး” လို့ မစ္စမောလော့ကပြန်ပြောပါတယ်။ အခုဆို သူမရဲ့ ဘဝသစ်ဟာ စောင့်ကြိုလို့နေပြီလေ..။ ရှေ့ဆက်ပြီး နေ့သစ်တွေကို သူမကသာ အပြည့် အဝပိုင်ဆိုင်ရတော့မယ်။ မနေ့ကထိ စိတ်ပင်ပန်းခဲ့ရတဲ့ ဘဝဟာ အခုတော့ ပြောင်းလဲသွားပြီမဟုတ်လား။
အခန်းတံခါးကို ဖွင့်ပေးလိုက်ပြီး ညီမဖြစ်သူကို စိတ်လှုပ်ရှားတဲ့ အကြည့်နဲ့ ကြည့်တယ်။ အနိုင်ရတဲ့ ဘုရင်မတစ်ဦးနဲ့ မျက်နှာထားမျိုးနဲ့ပေါ့။ ညီမရဲ့ လက်ကို တင်းတင်းဆုပ်ကိုင်ပြီး ညီအစ်မနှစ်ယောက် အောက်ထပ်ကို ဆင်းလာကြတယ်။ အောက်ထပ်မှာ ရစ်ချက်ရှိသေးတယ်မဟုတ်လား။
အဲဒီအချိန်မှာပဲ တစ်စုံတစ်ယောက်ဟာ အိမ်တံခါးမကြီးကို တွန်းဖွင့်ပြီးဝင်လာပါတယ်။ အဲဒီလူကတော့ မစ္စတာ မောလာ့ ပါပဲ။ ခရီးကပြန်ရောက်လာတဲ့ပုံစံနဲ့ လက်ထဲမှာလည်း အိတ်တစ်လုံးနဲ့ ထီးကို ကိုင်လျက်ပေါ့။ သူဟာ ရထားမတော်တဆမှုဖြစ်တဲ့ နေရာနဲ့ အဝေးမှာရှိနေခဲ့ပြီး သေဆုံးစာရင်းမှာ သူ့နာမည်ပါတယ်ဆိုတာတောင် မသိခဲ့ပါဘူး။ ငိုကြွေးထားပုံပေါက်တဲ့ ဂျို့ဖင်းကို အံ့အားသင့်စွာနဲ့ ရပ်ကြည့်နေပါတယ်။ ရစ်ချက်ကတော့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ မျက်နှာတွေကို တစ်လှည့်စီကြည့်ရင်း အံ့သြခြင်းကြီးစွာ ဖြစ်လို့နေပါတယ်။
ဒါပေမယ့် ရစ်ချက် သိပ်ကို နောက်ကျသွားပါပြီ။ ဆရာဝန်တွေ ရောက်လာပြီး မစ္စမောလာ့ရဲ့ သေဆုံးခြင်းကို အတည်ပြုပေးတဲ့အခါမှာတော့ နှလုံးရပ်တန့်ပြီးသေဆုံးခြင်းပါတဲ့။ မစ္စမောလာ့တစ်ယောက် အပျော်လွန်ပြီး သေဆုံး သွားတယ်လို့ ဆိုကြပါတယ်။
မောင်တင်
Kate Chopin ၏ The Story of an Hour ကိုဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
Comments
Post a Comment