အန်နာ (၁၉၅၂)
၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်။
ကနေဒါနိုင်ငံ၊ ဂက်တင်နျူးမြို့။
ကျွန်တော်သည် သတင်းစာတစ်စောင်ဖတ်နေရင်း စိတ်ဝင်စားစရာ ဆောင်းပါးတစ်ပုဒ်ကို သတိထားမိလိုက်၏။ ဆောင်းပါး ခေါင်းစဉ်က “ယခုနှစ်ဆောင်းတွင်းတွင် ပြုလုပ်ရန် ကိစ္စ ၄၁ ခု” တဲ့။ စိတ်ဝင်စားစရာ ကောင်းပါရဲ့လား။ ကျွန်တော်ကတော့ တခြားအချက်တွေထက် နံပါတ် ၁၂ ခုမြောက် ညွှန်းဆိုချက်ကို သဘောကျသည်။ “မြေပုံမှတစ်ဆင့် သင့်မိခင်၏ မွေးရပ်မြေကို ရှာပါ၊ ထို့နောက် သင့်အဖွား ၏ ဇာတိကိုလည်း ရှာပါ” ဟုအကြံပြုထားသည်။
တွေးကြည့်လိုက်လျှင် သေးငယ်သောတစ်ချပ်ပေါ်တွင် နိုင်ငံခြားတိုင်းပြည်တစ်ခုနှင့်အတူ ထူးဆန်းပြီး အသံထွက်ရခက်သော နာမည်များနှင့် ပြည့်နှက်နေသည်ကို တွေ့ရသည်။ မြေပုံအလယ်ပိုင်း လောက်မှာတော့ လီယူဝါဒန်ဟုခေါ်သည့် မြို့တစ်မြို့ ရှိ၏။ ထို့မြို့လေးသည်ကား ဟော်လန်နိုင်ငံ၊ မြောက်ပိုင်းတွင်တည်ရှိပြီး ကျွန်တော့်မိခင်၏ ဇာတိမြို့ ဖြစ်လေသည်။ အချိန်က ၁၉၃၃ ခုနှစ်၊ ဇန်နဝါရီလပင် ဖြစ်သည်။ ထို့အတူ ကျွန်တော့်အမေ၏ မိခင်၊ ကျွန်တော့်အဖွားလည်း နေထိုင်ခဲ့ရာ မြို့လေးဖြစ်ခဲ့၏။
သူမ၏အမည်မှာ အိုမာဂျန်တီ၏ ခေါ်ပြီး ငယ်စဉ်အခါက သူမတွင် အန်နာဒရိဟေ့ချ် ဟုခေါ်သော အကောင်းဆုံး သူငယ်ချင်းမတစ်ယောက်ရှိသည်ဆိုသည်ကို မကြာသေးခင်ကမှ သိခွင့်ရခဲ့သည်။ သိရပြန် တော့လည်း ဓါတ်ပုံဟောင်းလေး တစ်ပုံမှ ဖြစ်လေသည်။ အဆိုပါ ဓါတ်ပုံလေးထဲက အန်နာမှာ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး အုတ်ခုံလေးတစ်ခုဘေးတွင် မှီရပ်နေပြီး ဓါတ်ပုံဆရာအား နားလည်ရခက်လောက်အောင် ပြုံးပြနေသယောင် မြင်ရသည်။ ဓါတ်ပုံလေး၏ နောက်ကျောတွင် ရေးထား သည်မှာကား အန်နာ၊ ၁၉၂၅ ဟု၍ပင်ဖြစ်လေသည်။
အတိတ်ကာလက ဇာတ်လမ်းတစ်ပုဒ်
“နင်ဘာဖြစ်လို့ ငါ့ကို ဒီပုံပေးတာလဲ” ဟု အသက် ၁၉ နှစ်အရွယ် အိုမာ ကမေး၏။
“ဘာလို့လဲဆို ငါအဝေးကြီးကို ထွက်သွားတော့မှာလေ. . . “ ဟု အန်နာက ပြန်ဖြေသည်။
“နင်နဲ့ငါ ဘယ်တော့မှ မတွေ့ရလောက်တော့ဘူး” လို့လည်း ထပ်ပြောသည်။ ရက်သတ္တပါတ် အနည်းငယ် ကြာလွန်ပြီးနောက် အန်နာသည် သူမ၏ တစ်နိုင်တစ်ပိုင်ပစ္စများကို ကုန်ကားပေါ်သို့ တင်ဆောင်ခဲ့ပြီး အမ်စတာဒမ်သို့ ထွက်ခွာသွားလေတော့သည်။ ထိုမှတစ်ဆင့် ကျွန်တော်တို့ ယနေ့ခေတ် ဂျာကာတာဟု ခေါ်ကြသည့် ဘက်တဗီယာ သို့ ခရီးဆက်၍ ထွက်ခဲ့၏။ ထိုတိုင်းပြည်မှာ နောင်နှစ်များစွာကြာသောအခါ လွပ်လပ်သောနိုင်ငံအဖြစ်ရပ်တည်နိုင်ခဲ့ပြီး အင်ဒိုနီးရှားဟု ခေါ်တွင်ခဲ့လေသည်။
အန်နာမှာ ကျွန်တော့်အဖွား အိုမာဆီမှ ပေးစာများနှင့် လက်ဆောင်ပစ္စည်းများအား မဝံ့မရဲ မျှော်လင့် ခဲ့သော်လည်း ထိုသူငယ်ချင်းနှစ်ဦးမှာ တစ်ယောက်အကြောင်းတစ်ယောက် မကြားရ မသိရ အခြေနေကို ရောက်ခဲ့ရသည်။
အဖွား အိုမာက အန်နာ၏ လက်ဆောင်အဖြစ်ပေးခဲ့သော ဓါတ်ပုံလေးကို ဓါတ်ပုံအယ်လ်ဘမ်ထဲတွင် အမှတ်တရ သိမ်းထားခဲ့၏။ ၁၉၅၂ ခုနှစ်တွင် အဖွားက အဆိုပါ အယ်လ်ဘမ်အား သူမ၏ သေတ္တာလေးထဲ တွင်ထည့်ကာ မိသားစုနှင့် အတူနယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့ဆီ သယ်လာခဲ့သည်။ ထို့နောက် ကနေဒါနိုင်ငံသို့ ဆက်လက် ထွက်ခွာခဲ့ကာ အခြေချ နေထိုင်ခဲ့လေသည်။ ထိုအချိန်ကစ၍ စာအုပ်စင်တစ်နေရာတွင် သိမ်းဆည်းထားခဲ့သော အဖွား၏ အဆိုပါ အမှတ်တရ ဓါတ်ပုံအယ်လ်ဘမ်လေးမှာ ၁၉၈၃ ခုနှစ်ရောက်မှ အတိတ်ကာလသို့ ပြန်ငေးကြည့်ရန်အတွက် အကြောင်းဖန်လာခဲ့ပါသည်။ အဘယ် ကြောင့်ဆိုသော် အဖေက အဆိုပါ အယ်လ်ဘမ်လေးအား ထုတ်ကြည့်မိသောကြောင့် ဖြစ်လေ၏။
အတိတ် (သို့မဟုတ်) အရိပ်
ဘက်တဗီယာ သို့ထွက်ခွာလာခဲ့ရသော အန်နာ၏ ခရီးစဉ်ရည်ရွယ်ချက်မှာ သူမတစ်ကြိမ် တစ်ခါမှ မမြင်ဖူး မသိကျွမ်းဖူးသည့် လူတစ်ဦးနှင့် ထိမ်းမြှားလက်ထပ်ရန် ဖြစ်လေသည်။ ထိုသူမှာ ဂျွန်နက်ဂျစ်တာဖာ ဟုခေါ်တွင်ပြီး ဒတ်ချ်လူမျိုး မုဆိုးဖိုတစ်ဦးဖြစ်၏။ ဂျစ်တာဖာမှာလည်း အန်နာအား အိုမာအားပေးခဲ့သော ဓါတ်ပုံထဲက ပုံကိုသာမြင်ဖူးသူဖြစ်ကာ၊ အန်နာ၏ အစ်မဖြစ်သူနှင့် လက်ထပ်ခဲ့သူလည်းဖြစ်သည်။
အန်နာမှာကား သူမ၏ ဖူးစာဖက်ကို သဘောၤဆိပ်တွင် တွေ့ခဲ့ခြင်းဖြစ်သည်။ ဘက်တဗီယာ (အင်ဒိုနီးရှားနိုင်ငံ) ဆီမန်ရန်းဆိပ်ကမ်းတွင် သူမစတင်တွေခဲ့ရသော အမျိုးသားမှာ အရပ်ရှည်ရှည်၊ အသက် ၃၀ ခန့်ရှိပြီး သန်မာထွားကြိုင်းသော ယောကျာ်းတစ်ဦးဖြစ်ကာ အဝါရောင်ဖျော့ဖျော့ ဆံပင်၊ လုံးဝိုင်းသော မျက်မှန်တစ်လက်အောက်က ဝမ်းနည်းပုံ၊ တစ်စုံတစ်ခုကိုပြောချင်ပုံရသော မျက်လုံးတစ်စုံကို မြင်တွေ့ခဲ့ရ ပြီး ်နောက် အဆိုပါအမျိုးသားမှာ သူမ လက်ထပ်ချင်သော ယောကျာ်းဖြစ်ကြောင်း ချက်ချင်း သဘောပေါက် လိုက်မိခဲ့သည်။ လက်တွေ့ကျကျ ပြောဆိုလုပ်ကိုင်တတ်သော အန်နာမှာ ခံစားတတ်သော နှလုံးသားလည်း ရှိပေသည်။ အချိန်တစ်ခုကြာမြင့်ပြီးသည့်အခါ သူတို့နှစ်ဦးမှာ အကြင်လင်မယားအဖြစ်သို့ ရောက်ခဲ့လေ သည်။
ချမ်းသာကြွယ်ဝသော မုဆိုးဖို သူဌေးကြီး ဂျစ်တာဖာမှာ ဒတ်ချ်လူမျိုး လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် အပြင် အင်ဒိုနီးရှားနိုင်ငံ၏ ရေလုပ်ငန်းဆိုင်ရာ စည်းမျဉ်းအ၀၀ကို နှစ်သုံးရာခန့်တည်မြဲနေအောင် ထုတ်ပြန် နိုင်ခဲ့သူဖြစ်၏။ ဂျာဗားကျွန်းဆွယ်ပေါ်တွင် တည်ရှိသော မယ်လန်းမြို့တွင် အစေခံပေါင်းများစွာ၊ ဥယျဉ်လုပ်သားပေါင်းများစွာ၊ ထမင်းချက်ပေါင်းများစွာတို့နှင့် ခမ်းနားထည်ဝါစွာ နေထိုင်ခဲ့သူ တစ်ဦး ဖြစ်၏။
အများက လေးစားရသူ၊ အောင်မြင်ခဲ့သူတစ်ဦးဖြစ်သော်လည်း အန်နာနှင့် ပတ်သက်မှု တစ်စုံတစ်ရာ မပေါ်ပေါက် ခဲ့သေးပါ။ သို့သော်လည်း အန်နာ၏ ဆင်းရဲကြပ်တည်းမှုများကို နေ့စဉ်နှင့်အမျှကြားသိရသည့် အခါတွင် အန်နာအား အနားသို့ ခေါ်ခဲ့လေသည်။ အန်နာတစ်ယောက်လည်း ဟော်လန်သို့ မပြန်ဖြစ်တော့ ပဲ ဂျစ်တာဖာနှင့် ပေါင်းသင်းနေထိုင်ခဲ့ကာ သားသမီး ခြောက်ဦးထွန်းကားခဲ့၏။ ယောကျာ်းလေး ငါးဦးနှင့် မိန်းကလေး တစ်ဦးတို့ဖြစ်လေသည်။
၁၉၄၂ ခုနှစ်တွင် ဂျပန်တို့သည် ဒတ်ချ်အရှေ့ပိုင်းနယ်မြေများကို နယ်ချဲ့ ကျူးကျော်ခဲ့ကာ၊ ဒတ်ချ် အစိုးရကိုလည်း ဖြုတ်ချခဲ့၏။ ထို့နောက် မြောက်ဥရောပသွေးနှောလူမျိုးများကို နေရာတစ်ခုတည်းတွင် ပိတ်လှောင်ထားလိုက်ကြ၏။ ရက်သတ္တပါတ်အနည်းငယ်ကြာလွန်သောအခါ ဂျစ်တာဖာ၏ သတင်းမှာလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်ဆုံးသွားခဲ့လေသည်။ အန်နာလည်း အသက် ၄၄ နှစ်အရွယ်သို့ ရောက်ပြီး ဖြစ်ကာ အသက်ခြောက်နှစ်အရွယ်မှ အသက် ၁၆ နှစ်အရွယ်အထိ အရွယ်စုံပါဝင်သော သားသမီးများနှင့် အတူ ချုပ်နှောင် ခံရသည့်အထဲတွင် ပါဝင်ခဲ့၏။
ပြိုကွဲခဲ့ရသော မိသားစုလေးအား ကံကြမ္မာ၏ ရက်စက်မှုကလည်း ထပ်မံဝင်ရောက်လာခဲ့သည်။ အကြောင်းမှာ အကျဉ်းစခန်းများကို အမျိုးသား၊ အမျိုးသမီး သီးသန့်ခွဲထုတ်လိုက်ခြင်းကြောင့်ဖြစ်သည်။ သူမနှင့်အတူပါလာသူများသည်ကား သမီးလေးနှင့် အငယ်ဆုံး သားလေးနှစ်ယောက်တို့ပင် ဖြစ်လေသည်။ ကျန်သော သားသုံးဦးမှာ အသက် ၁၂ နှစ်ကျော်နေသည့်အတွက် သူမနေထိုင်ရာ စခန်းမှ ၅ ကီလိုမီတာ အကွာ အကျဉ်းစခန်းသို့ ပို့ဆောင်ခြင်းအား ခံခဲ့ရ၏။ မိသားစုဝင်အချင်းချင်းတွေ့ဆုံရပုံမှာ ရင်နှင့်စရာ ကောင်းလှသည်။ အပြင်လောက လယ်ကွင်းပြင် များတွင် လုပ်အားပေးထွက်လုပ်ရမှ နေပူပူ လေပူပူထဲတွင် လက်ပြနှုတ်ဆက်ရုံလောက်သာ ရခဲ့၏။
၁၉၄၅ ခုနှစ်၊ မဟာမိတ်တပ်များ ဝင်ရောက်မတိုက်ခိုက်မီ အန်နာမှာ အဟာရချို့တဲ့သဖြင့် အကျဉ်းစခန်းတွင်မှာပဲ ကွယ်လွန်အနိစ္စရောက်ခဲ့ရလေသည်။ အဘယ်ကြောင့်ဆိုသော် အန်နာမှာ သူမအတွက် ရရှိသော ထမင်းနဲ့ အဟာရများကို သူမ၏ သားသမီးများကိုသာ စားစေခဲ့ပြီး မိခင်စိတ်ဖြင့် အနစ်နာခံခဲ့သောကြောင့်ဖြစ်၏။ အန်နာ၏ အနစ်နာခံမှုကြောင့် သူမ၏ သားသမီးများမှာ အသက်ဆက်ခွင့် ရခဲ့လေသည်။ ထိုအထဲတွင်မှ သုံးယောက်မြောက်ယောကျာ်းလေးဖြစ်သူ အေရန်မှာ အလွန်သေးငယ် ပိန်လှီသူဖြစ်ကာ ငယ်စဉ်ကတည်းက ချူခြာခဲ့သူဖြစ်၏။ ထို့အပြင် ပန်းနာရင်ကြပ်ရောဂါပါ စွဲကပ်နေသော ကြောင့် အကျဉ်းစခန်းဆီက လူအားလုံးက အရင်ဆုံးဘဝကူးမည့်သူမှာ အေရန်ဟုပင် သတ်မှတ်ထားကြသူ ဖြစ်သည်။
သို့သော် အေရန်မှာ ရှင်သန်ခွင့်ရခဲ့၏။ စစ်ကြီးပြီးသောအခါ အန်နာ၏ ကလေးများအားလုံးသည် လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့သည်။ လှောင်အိမ်ထဲကထွက်ခွင့်ရသည့် ငှက်ငယ်များသဖွယ်အဖြစ်ပေါ့။ သူတို့အား သီရိလင်္ကာ နိုင်ငံ ဒုက္ခသည်စခန်းတွင် ခေတ္တတည်းခိုစေပြီးနောက် ဟော်လန်သို့ ပို့ဆောင် ပေးခဲ့ကြ၏။ အန်နာ၏ ကလေးများမှာ နိုင်ငံရပ်ခြားတွင် အသက်ဆက်နေထိုင်ရေးကို အာရုံစိုက်ခဲ့သလို၊ အန်နာ၏ မိသားစုဝင်များကလည်း ကူညီဖေးမခဲ့ကြသည်။ ထို့နောက်အသက် ၁၉ နှစ်အရွယ်သို့ ရောက်လာခဲ့ပြီဖြစ်သော အေရန်မှာ ဟော်လန်သို့ ရောက်ရှိပြီး လေးနှစ်အကြာတွင် အလွတ်တန်း ဓါတ်ပုံဆရာတစ်ဦးအဖြစ် ရပ်တည်နေနိုင်ပြီဖြစ်၏။
၁၉၅၂ ခုနှစ်သို့ ရောက်သောအခါ အေရန်သည် အမ်စတာဒမ်သို့ ကိစ္စတစ်ခုနှင့် သွား ဖြစ်ခဲ့သည်။ ထိုမှတစ်ဆင့် ကနေဒါနိုင်ငံ ဟယ်လီဖက်မြို့ကို ထွက်ခွာခဲ့၏။ သူ့အနေနှင့် အင်ဒိုနီးရှားသို့ ပြန်သွားလို သော်လည်း စိတ်ဒဏ်ရာများ၊ နာကြဉ်စရာများနှင့် ပြည့်နှက်နေ သောအဆိုပါနေရာသို့ ပြန်မသွားဖြစ်ခဲ့ပေ။ ဟယ်လီဖက်မှ အက်မန်တန်မြို့သို့ သူလာခဲ့ရာ လမ်းတစ်လျှောက်တွင် ဒုက္ခများစွာကိုပွေ့ပိုက်ထားသော ရွှေ့ပြောင်းလုပ်သားများစွာအား တွေ့မြင်ခဲ့ရလေသည်။ ထို့နောက် တနင်္ဂနွေနေ့မနက်တွင် ဝတ်ပြုဆုတောင်းရန် ချပ်ကျောင်း၏ နောက်ဆုံးခုံတန်း၌ ရောက်နေပြီးဖြစ်၏။
ချပ်ကျောင်းတာဝန်ခံ အမျိုးသမီးမှာ အေရန်အား ဓါတ်ပုံဆရာဟုသာ သိထားပြီး မည်သူမည်ဝါမှန်း သေချာစွာ မသိပေ။ ထိုအမျိုးသမီးမှာ ပိန်ပိန်သွယ်သွယ်ကိုယ်ခန္ဓာနှင့် ရှည်လျားသောဆံပင်များကို စည်းနှောင်းထားလေသည်။ သူမတွင် ကလေးခြောက်ဦးရှိပြီး သုံးယောက်မှာ လက်ထပ်ဖို့ သင့်တော်သော အရွယ်သို့ ရောက်နေပြီဖြစ်သည်။ ထိုအထဲမှ အကြီးဆုံးသမီးဖြစ်သူ အသက် ၂၂ နှစ်အရွယ် အယ်ဖီနာက သူမ၏ အမေအား “သူ့ကို ကော်ဖီသောက်ဖို့ မခေါ်လိုက်ဘူးလား အမေ” မေး၏။ သို့သော် သူမအနေနှင့် အေရန်အပေါ် စိတ်ဝင်စားခြင်းမရှိချေ။
ညီမငယ်ဖြစ်သူ အမ်မလီယာကား အေရန်၏ သဘောကျခြင်းကို ခံရ၏။ ထို့နောက် အသက် ၂၀ အရွယ် အမ်မလီယာနှင့် အေရွန်တို့မှာ သမီးရည်းစားအဖြစ်သို့ ရောက်ခဲ့သည့်အပြင် အထီးကျန်လျက်ရှိ သော အေရွန်၏ဘဝမှာလည်း စိုပြေလာခဲ့လေသည်။ သူတို့နှစ်ဦးကတော့ ကျွန်တော်၏ အဖေနှင့် အမေတို့ ဖြစ်လာခဲ့ပြီး သားသမီး ရှစ်ဦး ထွန်းကားခဲ့ကာ ကျွန်တော်မှာ သုံးယောက်မြောက်သားဖြစ်ခဲ့၏။
အဖေက သူ့ဇနီး၏ မိဘများအခန်းတွင် ကော်ဖီသောက်လေ့ရှိသော်လည်း အဖွားသိမ်းဆည်းထား ရာ ဓါတ်ပုံအယ်လ်ဘမ်လေးကို ဘယ်တော့မှ သတိမထားမိခဲ့ပါ။ ၁၉၈၃ ခုနှစ်အထိပေါ့။ တစ်နေ့မှာတော့ ထိုအယ်လ်ဘမ်လေးကို တစ်ရွက်ချင်းလှန်ကြည့်ရင်းက အုတ်ခုံလေးတစ်ခုကို မှီရပ်နေသော အရွယ်ငယ်ငယ် အမျိုးသမီးတစ်ဦး၏ ပုံကို တွေ့လိုက်ရသည်။ “ကြည့်ကြပါအုံး၊ ဒါငါ့အမေပါလား” လို့ အဖေက ဆို၏။ “မဟုတ်တာဟယ်” လို့ အဖွားကပြောသလို၊ အမေက ရယ်လေတော့သည်။ ထို့နောက်အဖွားက “အဲဒါ ငါ့သူငယ်ချင်း အန်နာလေ။ ၁၉၂၅ တုန်းက အင်ဒိုနီးရှားကို ထွက်သွားသူပေါ့။ သူ့သတင်းအစအနတောင် မကြားမိခဲ့ဘူး” ဟု ဆိုလေသည်။ “ဒါကျွန်တော့်အမေပါပဲ” လို့ အဖေက ထပ်ပြောပြန်သည်။
အဖွားအိုမာကတော့ ကံကြမ္မာ၏ ဆန်းကြယ်မှုကို မယုံနိုင်လောက်အောင် အံ့အားသင့်သွား၏။ ထို့နောက် သူမ၏ မျက်လုံးအိမ်ဆီမှ မျက်ရည်ဖြိုင်ဖြိုင်ကျလေတော့သည်။ သူမအနေနဲ့ သူမ၏ သူငယ်ချင်းအပေါ် အမြဲတစေ မျှော်လင့်စောင့်စားနေခဲ့ရတာ မဟုတ်လား။ သူမနည်းတူ အဖေက လည်း အံ့အားသင့်လျက်သာရှိလေသည်။ အန်နာ၏ သားမှာ အိုမာ၏ သားမက်လာဖြစ်နေရသည်လေ။ အဖွားအိုမာအနေနဲ့ကုန်လွန်ခဲ့သော အတိတ်ကာလများဆီက ငယ်ငယ်ရွယ်ရွယ် အမျိုးသမီး သူငယ်ချင်းနှစ်ဦး၏ ဆက်သွယ်မှု ခိုင်မြဲပုံကို တွေးတောရင်း ဂုဏ်ယူနေမည်ဆိုတာကတော့ အသေအချာပါပဲ။
မောင်တင်
(၂၀၀၄ ခုနှစ်၊ မတ်လထုတ် Reader’s Digest မဂ္ဂဇင်းပါ စာရေးဆရာ Michael R.Geisterfer ၏ Anna, 1925 ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)
Comments
Post a Comment