ကယ်ဗင်


    ကယ်ဗင်သည် စာကျက်ရတာ ပျင်းလာသောကြောင့် သူ၏ လေ့ကျင့်ခန်းစာအုပ်ထဲမှ စာရွက် အလွတ်တစ်ရွက်ကိုဖြဲပြီး ပုံဆွဲဖို့လုပ်နေ၏။ ပထမဦးစွာ စက်ဝိုင်းတစ်ခုကို စဆွဲသည်။ ထို့နောက် မျက်လုံး နေရာ၊ နှာခေါင်းနေရာနှင့် ပါးစပ်နေရာတို့တွင် စက်ဝိုင်းသေးသေးတွေကို ဆက်ဆွဲသည်။ သူဆွဲသည့် မျက်နှာ ပုံလေးက နုံနုံချာချာ သနားစဖွယ်လေး ဖြစ်လို့နေသည်။ မျက်နှာတွင် လိုအပ်နေသည့် နားရွက်နှစ်ခု ကိုတပ်သည်။ ဆံပင်တွေကိုတော့ ထိုးထိုးထောင်ထောင် အချွန်အတက်တွေ ဆွဲလိုက်၏။ ထည့်နေကျအတိုင်း ပါးစပ်နေရာတွင် သွားများကို ကြောက်စရာကောင်းအောင်ဆွဲသည်။ နှှုတ်ခမ်းမွှေးများနှင့် မုတ်ဆိတ်ရှည်များအပြင် မေးစေ့နေရာတွင် မှဲ့တစ်လုံးဆွဲပြီး အမွှေးရှည်နှစ်ချောင်းပင် တပ်လိုက်သေး၏။ မျက်မှန်အမဲ တစ်လက်ကိုလည်း တပ်ပေးလိုက်သည်။ ကယ်ဗင် တစ်ယောက် ဆွဲချင်တာလေး ဆွဲလိုက်ရသဖြင့် ကျေနပ်စွာပြုံးမိသည်။ ပြုံးလို့ပင်မဝသေး အမေဖြစ်သူက သူ့ခေါင်းကို လက်ဆစ်နှင့် ဂေါက်ခနဲမြည်အောင် ခေါက်လိုက်သဖြင့် နာလွန်းသောကြောင့် “အား” ဟုပင် ရေရွတ်လိုက်သည်။
    “အရူးထတာတွေ ရပ်တန်းကရပ်တော့ ကယ်ဗင်၊ မနက်ဖြန် သိပ္ပံစာမေးပွဲအတွက် စာတွေ ပြန်နွှေးတော့” ဟု အမေက သဲသဲမဲမဲ ဆူ၏။ ကယ်ဗင်လည်း အမေဖြစ်သူကို ရူးကြောင်ကြောင်မျက်နှာပေး နှင့် ပြုံးပြလိုက်ပြီး နာသွားသောခေါင်းနေရာကို လက်ဖြင့် ပွတ်နေလေသည်။ အမေက “နင်အခုထိ အခန်း ၄ ပဲပြီးသေးတယ်၊ စာမေးပွဲက အခန်း၈အထိ မေးမှာမဟုတ်လား၊ အရူးထနေဖို့ အချိန်မရှိဘူး” ဟုဆိုပြီး သူပုံဆွဲထားသည့် စက္ကူကို ဆွဲယူလုံးချေကာ အမှိုက်ပုံးဆီပစ်လိုက်သည်။ “ပြီးတော့ အချိန်မဖြုန်းနဲ့ ကယ်ဗင်၊ နောက်ပြီး အရည်မရ အဖတ်မရတွေ လျှောက်မဆွဲနဲ့တော့၊ အဲဒီကြောင်ကိုလည်း စမနေနဲ့” လို့ အမေက ထပ်ပြောသည်။ ကယ်ဗင်က သူ့ပေါင်ပေါ် ငူတူတူမျက်နှာပေးနှင့် တက်ထိုင်နေသည့် ကြောင်လေး၏ နားရွက်ကို လက်ဖြင့် တောက်လိုက်သည်။ ထို့နောက် စိတ်ရှုပ်စွာဖြင့် ကျောင်းစာအုပ်တွေဆီ မျက်နှာပြန်ဟပ်သည်။ မဟပ်လို့လည်းမရ၊ အမေသူ့နားက ထွက်မသွားသေးဘူးဆိုတာကို သူ့မျက်လုံးထောင့်ကနေ မြင်နေရ သည်လေ။ အမေက သူ့စာကြည့်စားပွဲဘေးမှာရပ်ကြည့်နေသည်၊ အမေ့ ဆီက သူ့ကို နောက်ထပ် ဘာပြော မလဲဆိုတာကိုလည်း သူကောင်းကောင်းသိသည်။ ဘာကြောင့်လဲ ဆိုတော့ အမေက သူ့ကို ဒီစကားတွေ ပဲ နေ့တိုင်း ထပ်ခါ ထပ်ခါ ပြောနေခဲ့တာကိုး။
    “ဒီမှာ ကယ်ဗင်၊ နင်စာမေးပွဲမှာ ၉၅ မှတ်ထက် မကျော်ရင် သိတယ်မလား”
စသည့် အစချီထားသော သတိပေးသည့်စကားများကို သူအကြောက်ဆုံး။ မိဘတွေရဲ့ လုပ်နေကျထုံးစံ များဖြစ်သည့် မပြီးနိုင် မစီးနိုင်သည့် မာန်မဲ စကားများနှင့်ဆဲဆိုခြင်း၊ ခေါင်းခေါက်ခြင်း၊ လက်ဆစ်များကို ပေတံဖြင့်ခေါက်ခြင်း၊ တစ်နာရီ လောက် ထူပူနေအောင် ခံစားရသည့်နားရွက်နှစ်ဖက်ကို လိမ်ဆွဲခြင်း၊ ခြေထောက်များနှင့် တင်ပါးကို ကြိမ်တုတ် ဖြင့်ရိုက်နှက်ခြင်း၊ ရုပ်မြင်သံကြားကြည့်ခွင့်များ ရုပ်ရှင်သွားကြည့်ခွင့်များကို တစ်လတိတိ ပိတ်ပင်ခြင်း စသည့် တို့ကို သူအင်မတန် ကြောက်သည်။
    ကယ်ဗင်ဟာ အဆိုပါ ဒဏ်ပေးခြင်းများကို ဘယ်တော့မှ မခံခဲ့ရ။ အဘယ်ကြောင့်ဆိုသော် သူက စာမေးပွဲတိုင်းတွင် ၉၅ မှတ်အထက်ကို ရခဲ့သည်ချည်း။ သူအဲလိုရတိုင်းလည်း အမေက ဆုချနေကျ။ သို့သော် သူတောင်းဆိုသည့် ဆုများတော့မဟုတ်။ အမေက သူ့ကို ချောကလက်တွေ ဝယ်ကျွေးသည်၊ သူကစားဖို့ ဘာဂျာတူရိယာလေးတစ်ခုဝယ်ပေးသည်။ သို့သော် သူတောင်းဆိုသည်က ပုံပြင်စာအုပ်တွေ ဖြစ်သည်။ အမေက ပေါတောတောနှင့် ညံ့ဖျင်းသောအရေးအသား များကြောင့် ပုံပြင်တွေက မကောင်းဘူးဟုဆိုကာ ဝယ်မပေးခဲ့။ ထို့အပြင်လက်ပတ်နာရီ အသစ် တစ်လုံးနှင့် ရှုးဖိနပ်တစ်ရံ ဝယ်ပေးဖူးသည်။ သူတောင်းဆိုခဲ့တာက ဘောကန်ဖိနပ် တစ်ရံဖြစ်သည်၊ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းဖြစ်သူ ဘွန်ကီးနှင့် ဘောလုံးအတူကန်ချင်သောကြောင့်ဖြစ်၏။ သူခွင့်တောင်း တိုင်း အမေက ငြင်းလေ့ရှိသည်။ ခွင့်မပြုနိုင်ခြင်းအကြောင်း နှစ်ချက်ရှိသည်။ ပထမအချက်မှာ ဘောလုံး အားကစားသည် ကြမ်းတမ်းသော အားကစားဖြစ်သောကြောင့်၊ ဒုတိယအချက်မှာ ကစားဖော် ဘွန်ကီးက တွန်းလားထိုးလားလုပ်ပြီး ကယ်ဗင့်အပေါ် အနိုင်ကျင့်မည် ဆိုးသောကြောင့် ဟု ဆိုလေသည်။
    အမေက ကယ်ဗင်၏ လစဉ်အမှတ်စာရင်းနှင့် ကျောင်းကရသည့် အဖြေလွှာတစ်ခုချင်းစီတိုင်းကို
ကို ပြုစုကာ ဖိုင်လေးတစ်ဖိုင်ဖြင့် သိမ်းထားလေ့ရှိသည်။ ထို့နောက် အဖြေလွှာများကို ပြန်စစ်၍ မည်သည့် နေရာတွင် မည်သို့မှားသောကြောင့် သူ့သားအမှတ်လျော့ရသည်ကိုလည်း ရှာဖွေလေ့ရှိသည်။ ဂရုမစိုက်မိ၍ မှားသည့် အမှားများပါလျှင် ထိုအမှားများကို ပြန်ကူးစေ၏၊ စာလုံးပေါင်းများ၊ ပုဒ်ဖြတ် ပုဒ်ရပ်များတို့ကို ရှာဖွေ ပြီး ထိုနေရာများသာ မှန်ကန်ခဲ့လျှင် ကယ်ဗင် ဘယ်နှမှတ် ထပ်တိုးမည်ကိုလည်း ခေါင်းတခါခါ ၊ သက်ပြင်းချ ကာဖြင့် ငြီးငြူ ပြောလေ့ရှိသည်။
    “နင်ဘာလို့ အဲလောက်တောင် နမော်နမဲ့ နိုင်ရတာလဲ သား” ဟု စိုးရိမ်သည့် အသံဖြင့် မေးလေ့ရှိ၏။ “နင် နမော်နမဲ့ မဖြေဘူးဆိုရင် ၉၆ မှတ်အစား ၉၈ မှတ်တောင်ရမှာ” ဟုလည်း ဆိုလေ၏။
    ကယ်ဗင်မှားခဲ့သော အမှားများမှာ ဂရုမစိုက်မိ၍ မှားရသည့် အမှားများထက် နားမလည်၍ မှားရသော အမှားများသာများသည်။ ဒါကို အမေက သည်းမခံနိုင်။ သားဖြစ်သူနှင့်အတူ စာကြည့်စားပွဲထိုင်ပြီး သင်ခန်းစာများကို ဖြည်းဖြည်းနားလည်သဘောပေါက်အောင် စေ့စေ့စပ်စပ် ရှင်းပြတတ်သည်။ တရုတ် ဘာသာ စကား ဘာသာရပ်မှာတော့ သူမ မကူညီနိုင်။ ထိုအခါ တရုတ်စာ ဆရာတစ်ယောက်ကို ငှားသင်လေ သည်။ ကယ်ဗင်ကိုလည်း အိမ်စာတွေ များစွာပေးခြင်းဖြင့် နောင်လာမည့် စာမေးပွဲများတွင် အမှားနည်း အောင်အားထုတ်စေ၏။
    ကယ်ဗင်တစ်ယောက် အမှတ်အများကြီးနှင့် အိမ်ပြန်လာတိုင်း၊ သူ့အဖြေလွှာစာရွက်ပေါ်တွင် ဆရာ မ၏ ဘောပင်အနီရောင်နှင့် ရေးထားသည့် အလွန်တော် ဟူသော မှတ်ချက်ကို မြင်ရတိုင်း အမေက ကျေကျေနပ်နပ် ပြုံးနေကျ။ သို့သော် သူ့သားအမှတ်ဟာ အတန်းထဲက ကျောင်းသားအားလုံးထက်များရော များရဲ့လား ဆိုသည်ကိုလည်း စိတ်ပူရသည်ကို တားမရ။ သူ့သားဆီက အဖြေလွှာရတိုင်း အဖြေလွှာ ညာဘက်ထိပ်သို့ ကြည့်ရင်း နင့်အမှတ်က အများဆုံးလား၊ နင့်သူငယ်ချင်း တန် တို့ ရာဗင်ဒရန် တို့ရော ဘယ်လောက်ရလဲ မေးလေ့ရှိသည်။ ထိုနှစ်ယောက်ကတော့ ကယ်ဗင်၏ ပြိုင်ဘက်များ ဖြစ်သည်။ သချာၤဘာသာရပ်မှာ တန်က အမှတ် ၁၀၀ ရပြီး ကယ်ဗင်က ၉၅ မှတ်သာရလျှင် အမေက မကျေနပ်နိုင်၊ အထူးသဖြင့် မေးခွန်းသေချာမဖတ်၍ မှားယွင်းသော အမှားများဆိုလျှင်ကား ဆိုဖွယ်ရာမရှိတော့ပေ။
    “သားမမြင်လို့ပါအမေ၊ တကယ်ပါ သားမမြင်ခဲ့လို့ပါ” လို့လည်း ကယ်ဗင်က မျက်ရည်စက်လက် ဆို၏။ “နောက်တစ်ခါ မေးခွန်းကို သေချာဖတ်၊ စေ့စေ့စပ်စပ်ဖြေ ကြားလား” ဟုလည်း အမေက ဒေါသသံနှင့် မာန်မဲသည်။ “ကြည့်စမ်း ဘာမဟုတ်တာလေးနဲ့ ၅ မှတ်လျော့သွားပြီ။ တန်က နင့်ထက်အမှတ်များသွားပြီ၊ အမှတ်အားလုံးပေါင်းလိုက်ရင် ရာဗင်ဒရန်လည်း နင့်ထက်များအုံးမယ်၊ အဲအတိုင်းသာဆို အတန်းထဲမှာ နင် ၁ ရမှာမဟုတ်တော့ဘူး။ အဆင့် ၂၊ ၃ ဒါမှမဟုတ် အဆင့် ၄ ပဲ နင်ရတော့မှာ” ဟု စိတ်ပျက်ခြင်းကြီးစွာဖြင့် ဆိုလေသည်။ တကယ်တော့ သူမတွင် အစာအိမ် အနာရောဂါ ရှိသည်။ ဒီရောဂါက သူမကို စိတ်အနှောက်ယှက် ပေးလို့နေ၏။
    ဒါပေမယ့် ကယ်ဗင် အတန်းထဲတွင် အဆင့် ၁ ရသောအခါ ကျေနပ်ဝမ်းသာစွာဖြင့် Stars War ရုပ်ရှင် လိုက်ပြသည်။ ကယ်ဗင်က ညနေပိုင်း ဘောလုံးပွဲတစ်ပွဲလောက် ကြည့်ခွင့်ရဖို့ တောင်းဆိုသည်။ ဘာကြောင့်လဲဆိုတော့ မနက်ကျောင်းရောက်ရင် ဘွန်ကီးက ညကဘောလုံးပွဲဟာ ဘယ်လောက် ရင်ခုန် ရကြောင်းကို အာပေါင်အားရင်းသန်သန်နှင့် ပြောတတ်သည်လေ။ ဒါပေမယ့် အမေက ခွင့်မပြုပါဘူး။ “မကြည့်ရပါဘူး။ ဒီနေ့တင် နင်တော်တော် ကစားပြီးပြီ။ ညကျ စောစော အိပ်ရမယ်။ နင်မနက်ဖြန် ရေကူး လေ့ကျင့်ရေးရှိသေးတယ်၊ မစ္စတာ ဒီဆော့ဇာက နင်ကူးတာသိပ်ကောင်းလို့ နွေရာသီ ကွာလာလမ်ပူ ရေကူး ပြိုင်ပွဲကို ဝင်ပြိုင်ခွင့်ပြုမယ်လို့ပြောနေတယ်။ သူပြောတာတော့ သားက သူတို့ထဲမှာ အတော်ဆုံးဆိုပဲ” ။ အမေက ဂုဏ်ယူရွှင်ပြုံးစွာဆိုသော်လည်း သားဖြစ်သူ ကယ်ဗင်ခဗျာ မပျော်နိုင်၊ သူ့ဆန္ဒက ဘောလုံးပွဲကြည့်ချင်တာ မဟုတ်လား။ အခုတော့ တနင်္လာနေ့မနက်မှ ဘွန်ကီးပြောတာတွေပဲ နားထောင်ရတော့မယ် ဟုသာ တွေးနေ တော့သည်။
    ကယ်ဗင်တစ်ယောက် မျက်ခွံတွေလေးလံလာလို့ သူ့ရှေ့က သိပ္ပံစာအုပ်ပေါ် ခေါင်းငိုက်စိုက်ကျ သည်။ ဒါပေမယ့် ငိုက်တာကိုသိသိချင်း ချက်ချင်းပြန်ထသည်။ ထို့နောက် သူ့မျက်နှာချင်းဆိုင်မှာ သူ့ကို စိုက်ကြည့်နေသည့် အမေ့ကို အရူးတစ်ယောက်လို ပြုံးပြလိုက်လေသည်။
    “နင်သွားအိပ်လိုက်တာ ပိုကောင်းမယ်” လို့အမေက သက်ပြင်းချရင်းပြောသည်။ “အိပ်ငိုက်နေရင်း စာကြည့်လည်း ထူးမှာမဟုတ်ဘူး။ ဒါပေမယ့် နင်မနက်စောစောထပြီး စာတွေ ပြန်နွှေးရမယ်။ ရေမှာပေါက်တဲ့ အပင်တွေကို မမေ့နဲ့နော်၊ အမိုးနီးယား(Ammonia)ကို ‘m'  နှစ်လုံးနဲ့ ပေါင်းတာနော်၊ နောက်ဆုံးတစ်ခေါက်က နင်မှားခဲ့တာကို မှတ်မိတယ်မလား၊   ဆရာမက တစ်မှတ်လျှော့တယ်လေ” ဟုလည်း ဆိုသည်။
    ကယ်ဗင်က “ကောင်းသောညပါ အမေ” လို့ အိပ်ချင်မူးတူးအသံနှင့် နှုတ်ဆက်သည်။ အမေက သူ့ကို အနမ်းနှင့် နှုတ်ဆက်ပြီး အသက်ကြီး၍ မေ့တတ်သောအိမ်အကူ အဒေါ်ကြီးကို မနက်ရောက်ရင် သူ့သားရဲ့ မနက်စာအတွက် အမဲသား ဖျော်ရည် တစ်ခွက်နှင့် ကြက်ဥပြုတ်နှစ်လုံး ပြင်ထားပေးဖို့ သတိပေးသည်။
    ကယ်ဗင်အတွက် ပထမဆုံးသောအကြောက်ဆုံးနေ့ဟာလည်း ရောက်လို့လာ၏။ အတန်းပိုင် ဆရာမ မစ္စလင်းသည် အမှတ်များအား မကြေညာမီ ကယ်ဗင်အား စိုက်ကြည့်နေသည်။ ခေါင်းကို ရမ်းပြ လိုက်ပြီး မသက်မသာ ပြုံးပြသည်ကို သူတွေ့လိုက်ရသည်။ “ကယ်ဗင်လီကမ်းဆန်၊ တန်နဲ့ ရာဗင်ဒရန် တို့နှစ်ယောက်ဟာ ဒီတစ်ခေါက် နင့်ကိုကျော်တက်သွားပြီ” လို့ ဆို၏။ ဒါပေမယ့် သူ ၉၅ မှတ်အထက်တော့ ရမယ်လို့လည်း ထင်နေ၏။ဆရာမဟာ အမှတ်အများဆုံး ကျောင်းသားကနေ အစဉ်လိုက် အော်လျက်ရှိပြီး အဆင့် ၆ အရောက်မှ သူ့အမှတ်ကို ကြားရသည်။ ကယ်ဗင်ရသည်က ၈၂ မှတ်တည်းသာ။
    ကယ်ဗင်ခဗျာ မျက်နှာလေး ဖြူဖတ်ဖြူရော်လေး ဖြစ်သွားရသည်။ ပါးစပ်အဟောင်းသားနှင့် သူ့ကိုယ်သူပင် မယုံနိုင်။ သူဒုက္ခတော့ ရောက်ပြီလို့လည်း တွေးမိသည်။ ဒါပေမယ့် မျက်ရည်မကျအောင် တော့ထိမ်းနိုင်လိုက်သည်။ ကျောင်းဆင်းခေါင်းလောင်းထိုးချိန်မှာ တော့ မသယ်ချင်တော့သည့် ခြေထောက် များဖြင့် အိမ်သို့ လေးလံစွာ လမ်းလျှောက်ပြန်လာ၏။ လွယ်အိတ်ထဲက လေးလံလှသော စာအုပ်များက သူ့ကို ဆွဲထားသည်မှာ သိသာလာသလို သူလည်း ငိုချလိုက်သည်။ “မငိုပါနဲ့ ကယ်ဗင်ရာ” လို့ ကစားဖော် ကစားဖက်ဖြစ်သူ ဘွန်ကီးက အားပေးရှာ၏။ ကယ်ဗင်က နှာရှုံ့သည်၊ မနက်တိုင်း အမေကိုယ်တိုင် ထည့်ပေးသည့် သူ့ဘောင်းဘီရှည်အိတ်ကပ်ထဲက တစ်ရှှုးကိုယူသုံးဖို့တောင် သတိမရပဲ အကျီ ၤလက်နှင့် သာသုတ်လိုက်၏။
    “အမေက ငါ့ကို ရိုက်တော့မှာကွ” လို့ ကယ်ဗင်က ရှိုက်၍ဆိုသည်။ “ငါတစ်ခါမှ ၉၅ မှတ်အောက် မရောက်ဖူးဘူး၊ အမေတော့စိတ်ဆိုးတော့မှာပဲ”လို့ ပြောပြီး လမ်းဘေးက သစ်ပင်အောက်ကို ဝင်လိုက်၏။ အိမ်ကိုလည်း မပြန်ချင်။ အိမ်မှာ စိတ်ဆိုးမာန်ဆိုးနှင့် အပြစ်ပေးခံရတော့မည့် အရေးက စောင့်ကြိုနေသည် မဟုတ်ပါလား။
    “မင်းကလည်းကွာ မင်းအမေကို မင်း အမှတ် ၁၀၀ ရတယ်လို့ တပတ်ရိုက်လိုက်ပေါ့” လို့ ဘွန်ကီး က အကြံပေးသည်။ ကယ်ဗင်က ဘွန်ကီးကို မဲ့ရွဲ့စွာကြည့်လိုက်ပြီး “မင်းက မင်းကိုယ်မင်း တော်လှပြီထင် လား၊ ငါ့အမေက အဖြေလွှာတိုင်းကို ယူကြည့်တာကွ၊ ငါလှည့်လို့မရဘူး” ဟု ပြန်ပြောလေသည်။ အကြံအိုက်သွားသည့် ဘွန်ကီးလည်း သူ့သူငယ်ချင်းကို ဘယ်လို လုပ်ခိုင်းရင်ကောင်းမလဲ တွေးနေ၏။ “ငါသိပြီ၊ မစ္စလင်း အဖြေလွှာတွေပေးတဲ့အခါကျ ၈၂ မှတ်ကို ၁၀၀ လို့ပြင်လိုက်ပေါ့။ ငါလုပ်ပေးမယ်၊ ငါ့မှာ ဆရာမသုံးနေကျ ဘောပင်ရှိတယ်” ဟု အကြံပေးပြန်သည်။ ကယ်ဗင်လည်း ဘွန်ကီးကို စိတ်ပျက်စွာ ကြည့်လိုက်ရင်း “မင်းဘာလို့ ဒီလောက်တောင်တုံးရတာလဲ၊ အမေက အမှားတွေအားလုံးပါ လိုက်စစ်တာ ကွ၊ တပတ်ရိုက်လို့ရမှာ မဟုတ်ဘူး” ဟုပြန်ပြော၏။
    သူငယ်ချင်းနှစ်ယောက်လည်း ဘာဆက်ပြောရမှန်းမသိအောင် တိတ်ဆိတ်လို့သွားသည်။ ကယ်ဗင် ကတော့ အပင်ကို မှီရင်း ကျောက်စရစ်ခဲလေးများကို ရေမြောင်းဆီ ရောက်တက်ရာရာ ပစ်လို့နေ၏။ တစ်ဖန် အိတ်ကပ်ထဲက ပီကေဘူးကိုလည်း စမ်းမိသည်။ ထိုပီကေဘူးကို ဘွန်ကီးအားချက်ချင်းပေးလိုက်သည်။ သူ့အမေက သူပီကေဝါးတာကို မကြိုက်ဘူးလေ။ ထို့နောက် ကျောက်ခဲလေးများကို ကောက်ကာ ဆက်ပစ် နေလိုက်၏။
    “ငါသွားတော့မယ်၊ မင်းအမေမင်းကိုမရိုက်ပါစေနဲ့လို့ ငါဆုတောင်းပါတယ်” လို့ပြောရင်း ဘွန်ကီး ကပြောလျက် ထွက်ခွာသွားတော့သည်။  ကယ်ဗင်လည်း ဘွန်ကီးကို နှုတ်ဆက်ရင်း လွယ်အိတ်လွယ်ကာ အိမ်သို့ ကြောက်စိတ်အပြည့်နှင့် ပြန်လာသည်။ ခြံတံခါးကို ဖြည်းငြင်းစွာ တွန်းဖွင့်ရင်း အိမ်ထဲသို့ သာသာ ဖွဖွ လမ်းလျှောက်လို့လာသည်။
    အမေ အိမ်မှာ မရှိဘူးဆိုသည်ကို သိရတော့ စိတ်သက်သာရာရသည်။ အိမ်အကူ အဒေါ်ကြီးက သူဆီသို့ ပြေးလာပြီး “ကယ်ဗင် သားအမေ ဆေးရုံတက်နေတယ်၊ သူ့မှာ အစာအိမ်အနာ ရောဂါရှိတယ်လေ၊ မနက်က အရမ်းဆိုးလာလို့ ဆေးရုံကို ပြေးရတာ” ဟု အမောတကော ဆို၏။ ကယ်ဗင်ဟာ ထိတ်ထိတ်ပြာပြာ ဖြစ်သွားရသည်။ မျက်နှာတွင် မျက်ရည်စီးကြောင်းများထင်နေသော အိမ်အကူ အဒေါ်ကြီးက ကယ်ဗင် ဘယ်လိုဖြစ်ပျက်သွားမလဲဆိုတာ စိတ်ပူစွာ စောင့်ကြည့်နေ၏။
    “သားအမေ ဆေးရုံမှာလေ” ဟု တစ်ခါထပ်ပြောသည်။ “သူအဲလိုဖြစ်တာ ဘယ်လောက်ကြာပြီလဲ” ဟု ကယ်ဗင်က မေး၏။ “သေချာမသိဘူး။ ဆေးရုံ တစ်ပါတ်တက်ရမယ်ထင်တယ်၊ သူတော်တော်နေမကောင်းဖြစ် နေတာ” ဟု ရတက်မအေးစွာဆို၏။
    သူ၏ကိုယ်ပိုင်အခန်းလေးထဲကို ရောက်သည့်အခါ ကယ်ဗင်တစ်ယောက် အိပ်ယာပေါ် ပစ်လှဲလိုက် သည်။ ခေါင်းအုံးကိုလည်း ဆက်တိုက် ထိုးနှက်၏။ အိပ်ယာပေါ် ကျွမ်းထိုးလိုက်တော့ ကြမ်းပြင်ပေါ်သို့ ကျသည်။ ထို့နောက် စာအုပ်များကို လွှင့်ပစ်လိုက်သည်။ မျက်လုံးအရောင်တွေကလည်း တလက်လက်၊ ပါးပြင်ကလည်း နီရဲလို့နေသည်။
    “ကောင်လေးရေ မင်းတော့ တစ်ပတ်အချိန်ရပြီ” ဟု သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး တစ်ပတ်လုံး ပျော်ရမည့် အရေးကို တွေးလို့ ပျော်နေသည်။ ဘွန်ကီးနှင့်လည်း ကစားလို့ရပြီ ရုပ်မြင်သံကြားလည်း စိတ်ကြိုက် ကြည့်ခွင့်ရပြီလေ။ ပျော်နေရင်းက အမှတ်စာရင်းအားဖွင့်ပြောရမှာကို သတိရမိသေး၏။ အမှတ် မကောင်းတာကိုလည်း ပြရမည်၊ အပြစ်ပေးတာကိုလည်း ခံရမည်ဆိုတာကိုတော့ ကောင်းကောင်းသဘော ပေါက်သည်။ သို့ပေမဲ့ အခုတော့ ပျော်ပျော်ကြီးကို နေလိုက်အုံးတော့မည်။ ပျော်လွန်းအားကြီးသောကြောင့် ကျွမ်းတစ်ခေါက် ထပ်ထိုးလိုက်ပြန်သည်။ ကြောင်လေးဟာလည်း ကယ်ဗင်၏ ထူးဆန်းသော အပြုအမူကို တွေ့လိုက်ရသဖြင့် အိမ်ရှေ့ခြံထဲသို့ ပြေးထွက်သွား၏။ ထိုမြင်ကွင်းကို မြင်လိုက်ရသူ ကယ်ဗင်လည်း ဟက်ဟက်ပက်ပက် အော်ရယ်လိုက်လေသည်။
                                            မောင်တင်
(Catherine Lim ၏ Kevin အား ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
   


Comments

Popular posts from this blog

ကိတ်ဝင်းစလက်၏ အနုပညာခရီး

အာနာပါနကမ္မဌာန်းရှုမှတ်နည်း

မဂ္ဂင် ၈ ပါး