နှစ် ၂၀ ကြာပြီးနောက်
ရဲဝန်ထမ်းတစ်ယောက်သည် လမ်းမကြီးတလျှောက် ရေးကြီးသုတ်ပြာ လျှောက်နေ၏။ သည်လိုပုံစံက သူအမြဲလျှောက်နေကျဟန်ဖြစ်သည်။ သူဘယ်လိုပုံပေါက်နေမလဲတောင် သူ့ကိုယ်သူ မတွေးမိ။ အချိန်ကား ညဆယ်နာရီခန့်။ ရာသီဥတုမှာ အေးနေပြီဖြစ်၏။ မိုးရေအနည်းငယ်ပါသော လေများကလည်း တဟူးဟူးတိုက်ခိုက်နေသည်။ သူလျှောက်လာခဲ့သည့် လမ်းတလျှောက်ရှိ ဆိုင်တံခါးအားလုံးရှေ့၌ ရပ်ကာ တံခါးများ အမှန်တကယ်ပိတ်ထားခြင်းရှိမရှိ စစ်ဆေးခဲ့၏။ လမ်းဘေးဝဲယာ ၊ အထက်အောက်တလျှောက်ကိုလည်း ကျီးကန်းတောင်းမှောက်ကြည့်ခဲ့သည်။ သူက ကြည့်ကောင်းတဲ့မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထားသည့် ရဲဝန်ထမ်းတစ်ယောက်ဖြစ်ပြီး လုံခြုံရေးကို စောင့်ကြပ်နေသူ ဖြစ်၏။ မြို့၏ သည်ဘက်ပိုင်းက လူတွေက စောစောအိပ်ယာဝင်သွားပြီ။ မျှော်ကြည့်လိုက်ရင်တော့ စားသောက်ဆိုင်လေးတစ်ခု သို့မဟုတ် ဆိုင်လေးတစ်ဆိုင်၏ မီးရောင်လေးကိုမြင်နိုင်၏။ သို့်သော် အခြားနေရာများကတော့ လွန်ခဲ့သောတစ်နာရီခန့်ကတည်းက ပိတ်သွားကြပြီဖြစ်သည်။
ချက်ချင်းဆိုသလို ရဲဝန်ထမ်းသည် အရှိန်လျှော့ကာ လျှောက်လိုက်သည်။ အမှောင်ရိပ်ကျနေသည့် ဆိုင်လေးတစ်ဆိုင်၏ တံခါးပေါက်နားတွင် လူတစ်ယောက် မတ်တပ်ရပ်နေသည်ကိုတွေ့ရ၏။ ရဲဝန်ထမ်းက ထိုလူထံသို့ ဦးတည်လျှောက်သွားသောအခါ လးမတ်တပ်ရပ်နေသည့်သူက ယခုကဲ့သို့ အလျင်အမြန် စကားဆိုသည်။ "အေးဆေးပါပဲ အရာရှိခင်ဗျာ။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကို စောင့်နေတာပါ။ ဒီည ဒီနေရာမှာပြန်ဆုံမယ်လို့ လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက သဘောတူထားကြတာပါ။ ကြားရတာ ထူးဆန်းမလားတော့ မသိဘူး။ အေးအေးဆေးဆေးပဲဆိုရင် အဲဒီအကြောင်းကိုပြောပြချင်ပါတယ်။ ပြီးခဲ့တဲ့ နှစ် ၂၀တုန်းက အခုဒီဆိုင်ရှိတဲ့နေရာမှာ စားသောက်ဆိုင်တစ်ဆိုင်ရှိခဲ့တယ်။ ဂျိူးဘရက်ဒီ စားသောက်ဆိုင်လို့ခေါ်တယ်။"
"လွန်ခဲ့တဲ့ ၅ နှစ်လောက်ကထိ အဲဒီဆိုင်ရှိနေပါသေးတယ်" ဟု ရဲဝန်ထမ်းကဆို၏။ တံခါးနားတွင် ရပ်နေသည့်သူမှာ လေးထောင့်ကျကျ မျက်နှာ၊ စူးရှသောမျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားပြီး ညာဘက်မျက်လုံးနားတွင် အဖြူရောင် အမာရွတ်သေးသေး တစ်ခုရှိ၏။ လည်ပင်းတွင် ဆွဲကြိုးကြီးကြီးတစ်ကုံးကိုလည်း ဆင်မြန်းထား၏။ "ပြီးခဲ့တဲ့ နှစ် ၂၀ တုန်းကပေါ့ဗျာ ကျွန်တော်က ဂျင်မီဝဲ နဲ့အတူ ဒီနေရာမှာ ညစားစားခဲ့ကြတာ။ သူက ကျွန်တော့်ရဲ့ အကောင်းဆုံးသူငယ်ချင်းနဲ့ ကမ္ဘာပေါ်က အတွယ်တာရဆုံးလူ တစ်ယောက်ပေါ့။ သူနဲ့ကျွန်တော် ငယ်ငယ်လေးကတည်းက ဒီ နယူးယော့မှာပဲ ကြီးပြင်းခဲ့တာ။ ညီအစ်ကိုအရင်းတွေလိုပဲ။ အဲတုန်းက ကျွန်တော်က အသက် ၁၈ နှစ်၊ ဂျင်မီက ၂၀ ပေါ့။ နောက်နေ့မနက်ဆို ကျွန်တော်က ကျွန်တော့်ဘဝကို စဖို့ အနောက်ဘက်ကို ခရီးထွက်တော့မယ့် အချိန်ပေါ့ဗျာ။ အလုပ်တစ်ခုရှာပြီး အောင်မြင်အောင် လုပ်မယ်ပေါ့လေ။ ဂျင်မီကိုတော့ ဘယ်လိုမှခေါ်မရဘူး။ သူက ဒီကမ္ဘာပေါ်မှာ နယူးယော့တစ်ခုပဲ နေရာစရာရှိတယ်လို့ထင်နေတဲ့သူ။ အဲဒီညတင်ပဲ ကျွန်တော်တို့ နောင် နှစ် ၂၀ ကြာရင် ဒီနေရာပဲပြန်ဆုံမယ်လို့ သဘောတူခဲ့ကြတယ်။ အဲလိုနှစ်တွေအကြာကြီးကြာရင် တို့တွေ ဘယ်လိုလူတွေများ ဖြစ်လာမလဲဆိုတာကိုလည်း တွေးခဲ့ကြတယ်။"
"အတော်လေးစိတ်ဝင်စားဖို့ကောင်းပါလားဗျ။ ခင်ဗျားတို့ပြန်ဆုံဖို့ အချိန်အကြာကြီးစောင့်လိုက်ရတာပဲ။ ခင်ဗျား အနောက်ဘက်ကို ထွက်သွားကတည်းက ခင်ဗျားသူငယ်ချင်းရဲ့ သတင်းတွေရော ကြားမိသေးလား"
"ဟုတ်ကဲ့။ အချိန်တစ်ခုထိတော့ ကျွန်တော်တို့နှစ်ယောက် စာအဆက်အသွယ်ရှိခဲ့သေးတယ်။ တစ်နှစ် နှစ်နှစ်လောက်ပါပဲဗျာ။ နောက်တော့ အဆက်သွယ်ပြတ်သွားတာပါပဲ။ အနောက်ဘက်ပိုင်ူးက အကြီးကြီးပဲလေ။ ကျွန်တော်လည်း နေရာစုံ လျှောက်သွားနေရတာ။ တစ်နေရာမှာ ကြာကြာနေရတယ်လို့ကို မရှိခဲ့ဘူး။ ဒါပေမယ့် ဂျင်မီအဆင်ပြေရင် ဒီနေရာမှာ ကျွန်တော့်ကိုလာတွေ့မယ်ဆိုတာ သိတယ်။ သူက မှန်မှန်ကန်ကန်နေတတ်တဲ့လူစားမျိုးပါ။ သူမေ့နေမှာမဟုတ်ပါဘူး။ ကျွန်တော်ဆို အခုဒီနေရာမှာရပ်ဖို့ မိုင်ပေါင်းထောင်ချီပြီးလာခဲ့ရတာ။ ဒါပေမယ့် ကျွန်တော့် ဘော်ဒါဟောင်းကြီးရောက်လာမယ်ဆို ဝမ်းသာပါတယ်"
ဟုပြောရင်းက စိန်ပွင့်သေးသေးလေးများနှင့် စီခြယ်ထားသော လက်ပတ်နာရီကို ငုံ့ကြည့်ကာ ယခုလိုပြော၏။ "ဆယ်နာရီထိုးဖို့ သုံးမိနှစ်ပဲလိုတော့တယ်။ ကျွန်တော်တို့တွေ့တဲ့ညက ဆိုင်တံခါးဝမှာ နုတ်ဆက်လက်ပြတဲ့အချိန်ကလည်း ဆယ်နာရီပဲ"
"ခင်ဗျား အနောက်ဘက်မှာ အောင်မြင်မှုတွေရခဲ့တယ်မလား"
"ဒါပေါ့ဗျာ၊ ဂျင်မီကို ကျွန်တော့်တစ်ဝက်လောက်တော့ ဖြစ်မြောက်စေချင်ပါတယ်၊ သူကအေးဆေးသမားလေ။ ကျွန်တော့်အောင်မြင်မှုအတွက် တိုက်ပွဲဝင်ခဲ့ရတယ်။ နယူးယော့မှာဆို လူတစ်ယောက်က သိပ်ဖြစ်မြောက်မှာမဟုတ်ဘူးလေ။ အနောက်ဘက်မှာတော့ ကိုယ်လိုချင်တာကို တိုက်ခိုက်ရယူနိင်တယ်ဗျာ"
ရဲဝန်ထမ်းသည် နောက်သို့ တစ်လှမ်းနှစ်လှမ်း ဆုတ်လိုက်ပြီး "ကျွန်တော်သွားတော့မယ်။ အကယ်၍ ဆယ်နာရီထိုးလို့မှ ခင်ဗျားသူငယ်ချင်း ရောက်မလာရင် ခင်ဗျားသွားတော့မှာလား"
"မသွားသေးပါဘူး။ အနည်းဆုံး နာရီဝက်လောက်တော့စောင့်အုံးမယ်။ ဂျင်မီသာ သက်ရှိထင်ရှားရှိနေသေးရင် သူဒီကို အချိန်မီရောက်လာမှာပါ။ ကောင်းသောညပါ အရာရှိခင်ဗျာ"
"ကောင်းသောညပါ" ဟုနုတ်ဆက်ရင်း ရဲဝန်ထမ်းလည်း အဝေးကိုထွက်သွားပါတော့သည်။
ရုတ်တရက် လေပြင်းများတိုက်ခတ်လာပြီး မိုးကလည်း သဲသဲမဲမဲရွာချလေ၏။ လမ်းမပေါ်က လူအနည်းစုဟာလည်း ခပ်သွက်သွက် လျှောက်နေကြသည်။ ဆိုင်လေး၏တံခါးပေါက်တွင်တော့ မိုင်ပေါင်းများစွာက ခရီးနှင်လာပြီး သူငယ်ချင်းဖြစ်သူကို စောင့်နေရှာသည့် လူတစ်ယောက်သာ ရှိလေသည်။ ဒီလို အချိန်းအချက် ဆုံတွေ့ခြင်းဟာ မသေချာလှသော်လည်း စောင့်မြဲစောင့်နေဆဲပင်ဖြစ်၏။
မိနစ်နှစ်ဆယ်ခန့် စောင့်ဆိုင်းပြီးနောက်တွင် ကုတ်အကျီ ၤအရှည်တစ်ထည်ကို ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည်လူတစ်ယောက် လမ်းမကိုဖြတ်၍ ဆိုင်လေးဆီသို့ခပ်သုတ်သုတ်လျှောက်လာသည်ကို တွေ့ရ၏။ ရပ်စောင့်နေသူထံသို့ တန်းတန်းမတ်မတ်သာ လျှောက်လို့လာလေသည်။
“ဘော့မဟုတ်လား” ဟု ရပ်စောင့်နေသူက မသဲကွဲစွာ မေးလိုက်၏။
“ဂျင်မီဝဲလား” ဟုပြန်လည်နုတ်ဆက်ရင်း အချင်းချင်း လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။ “ဘော့ရာ.. မင်းမှန်းငါသေချာသိတယ်။ မင်းအသက်ရှင်နေတုန်းပဲဆိုရင် ဒီနေရာမှာ မင်းကိုတွေ့ရမယ်ဆိုတာကို ရောပဲ။ နှစ် ၂၀ ဆိုတာ အတော်ကြာတယ်ကွာ။ အရင် စားသောက်ဆိုင် အဟောင်းလည်း မရှိတော့ဘူး ဘော့ရေ။ ဆိုင်ရှိတုန်းပဲဆိုရင် ငါတို့ ဒီမှာ ညစာပွဲလေး တစ်ခု ထပ်လုပ်လို့ရအုံးမှာ။ မင်း အနောက်ဘက်ပိုင်းမှာ အဆင်ပြေခဲ့လား”
“ငါလိုသမျှ အကုန်ရခဲ့ပါတယ်။ မင်းပြောင်းလဲသွားတယ်၊ ဂျင်မီ။ အရပ်ရှည်ထွက်လာမယ်လို့ ဘယ်တုန်းက မှ ထင်မထားဘူး။”
“ဟုတ်တယ်။ အသက် နှစ်ဆယ်ကျော်ကတည်းက ထွားလာခဲ့တာလေ။”
“မင်းနယူးယော့မှာ အဆင်ပြေလား ဂျင်မီ”
“ပြေသင့်သလောက်တော့ ပြေပါတယ်ကွာ။ မြို့အတွက်ပဲ အလုပ်လုပ်ဖြစ်တယ်။ လာပါဘော့ရာ၊ ငါတို့ ရှေးဟောင်းနှောင်းဖြစ်တွေ အေးအေးဆေးဆေးပြောလို့ရအောင် ငါသိတဲ့ နေရာတစ်နေရာရှိတယ်၊ သွားရအောင်”
ထို့နောက် သူတို့နှစ်ဦးသည် လက်မောင်းချင်းချိတ်ကာ လမ်းမတလျှောက် လမ်းလျှောက်လာခဲ့ကြသည်။ အနောက်အရပ်က ပြန်ခဲ့သူကတော့ သူ့ဘဝဇာတ်ကြောင်းကို ပြောပြလို့နေပေသည်။ ကုတ်အကျီ ၤ အရှည်ဝတ်ထားသူက တော့ စိတ်ပါဝင်စားစွာ နားထောင်ရင်း လျှောက်လို့လာသည်။ လမ်းထောင့်တစ်နေရာတွင် လျှပ်စစ်မီး အလင်းရောင်နှင့် လင်းထိန်နေသော ဆိုင်တစ်ဆိုင်ရှိ၏။ ဆိုင်အနားသို့ ရောက်လာသောအခါ တစ်ယောက် မျက်နှာတစ်ယောက်ကြည့်မိ၏။ အနောက်အရပ်မှ လာသူက ရုတ်တရက် ရပ်တန့်လိုက်ပြီး “မင်းက ဂျင်မီဝဲမဟုတ်ဘူး၊ နှစ် ၂၀ ဆိုတာ အတော်ကြာတယ်၊ ဒါပေမယ့် လူတစ်ယောက်ရဲ့ နှာတံပုံစံကို ပြောင်းလဲ ပေးနိုင်တဲ့ အချိန်ကာလတော့မဟုတ်ဘူး” ဟုပြောကာအိတ်ကပ်ထဲ၌ ဆောင်ထားသော သေနတ်ကို ဆွဲထုတ်ယူကာ တစ်ဘက်လူကို ချိန်လိုက်လေသည်။ “တစ်ခါတလေမှာတော့ အဲဒီအချိန်က လူကောင်းတစ်ယောက်ကို လူဆိုးတစ်ယောက်အဖြစ်ပြောင်းပေးနိုင်ပါတယ်။ မင်းကို ဆယ်မိနစ်လောက် ကတည်းက ဖမ်းမိလိုက်ပြီ ဘော့။ ချီကာဂိုရဲတွေက မင်းနယူးယော့ကို လာမယ်ဆိုတာ ကြိုသတင်းရထားတယ်။ သူတို့က ငါတို့ကို စောင့်ကြည့်ခိုင်းထားတယ်။ မင်းငါနဲ့ ငြိမ်ငြိမ်လေးလိုက်ရင်တော့ အဆင်ပြေမယ်။ ဒါပေမယ့် မင်းကို တစ်ခု ပေးစရာရှိတယ်။ ဟိုပြတင်းပေါက်နားမှာ ဖတ်ကြည့်လိုက်။ အဲဒါက ဂျင်မီဝဲ လို့အမည်ရတဲ့ ရဲတစ်ယောက် ပေးလိုက်တာ။”
အနောက်အရပ်မှ လာခဲ့သူလည်း သူ့လက်ထဲသို့ရောက်လာသော စာရွက်အပိုင်းလေးကို ဆွဲယူဖတ်ကြည့် လိုက်၏။ စဖတ်ဖတ်ချင်းမှာတွင်ပဲ သူ့လက်များ တုန်ယင်လို့လာလေသည်။
“ဘော့ ငါအဲဒီနေရာကို အချိန်မီရောက်ခဲ့ပါတယ်။ ချီကာဂိုရဲတပ်ဖွဲ့က အလိုရှိတဲ့ ရာဇဝတ်သားရဲ့ မျက်နှာ ကိုငါမြင်ခဲ့ရတယ်။ မင်းကို ငါကိုယ်တိုင်မဖမ်းချင်ခဲ့ဘူး။ ဒါကြောင့် မင်းကိုဖမ်းဖို့တခြားရဲတစ်ယောက်ကို လွှတ်ပြီးခိုင်းလိုက်တာပါ”ဟု
မောင်တင်
O.Henery ၏ After Twenty Years ကို ဆီလျော်အောင် ဘာသာပြန်သည်။
Comments
Post a Comment