ချစ်ခြင်းတရား
တောက်ပတဲ့နေအလင်းရောင်ဟာ ညှိုးရော်နေတဲ့ ပြောင်းခင်းတွေအပေါ် ဖြန့်ကျက်နေချိန် မနေ့ကအဖေနဲ့ ကျွန်တော် မြေယာအသစ်တွေကို ခြံစည်းရိုးခတ်ဖို့ လှည့်ပတ်ကြည့်ခဲ့ကြတယ်။ ချောက်ကမ်းပါးက သစ်အယ်ပင်၊ ဝက်သစ်ချပင်တွေ အောက်ကိုဖြတ်ပြန်လာတဲ့ နွားတွေက ပြောင်းပင် နုနုတွေ အပေါ်ကိုလည်း ဖြတ်ပြေးကြသေးတာ။ သူတို့က ပြောင်းပင်အဖူးတွေကို ကိုက်ဖြတ်ရုံတင်မကဘူး၊ ရိုးပြတ်တွေဖြစ်အောင်လည်း နင်းချေကြသေးတယ်လေ။
အဖေက ပြောင်းခင်းထဲကို ဖြတ်လျှောက်သွားတယ်။ ကျွန်တော်တို့ရဲ့ ခွေးလေး ဘော့ က အဖေ့ရှေ့က လျှောက်လို့ပေါ့။ ကွင်းပြောင်ပြောင်အစွန်းက အပင်အိုတွေကြားက မြေလျှောက် ရှဉ့်တစ်ကောင်ရဲ့ အော်မြည်သံကို ကျွန်တော်တို့ကြားရတယ်။ “အဲဒီကောင်ကိုယူခဲ့လိုက်တော့ ဘော့ရေ” လို့ အဖေက ဝမ်းသာအားရတဲ့ အသံနဲ့ အော်ပြောလိုက်တယ်။ ဘော့က အမြစ်ခြောက်တွေတောင် ထွက်နေပြီဖြစ်တဲ့ ပြောင်းပင်ငယ် တစ်ပင်ကို ရိုးတံကနေဆွဲကိုက်လိုက်တယ်။ အဲဒီနေရာအောက်ဖက်မှာ စောစောက မြေလျှောက်ရှဉ့်တွေ တူးထားတဲ့ နေရာရှိတယ်လေ။ အဲဒီကောင်လေးတွေက အမြစ်နုနုလေးတွေမှာ ကပ်ကျန်ခဲ့တဲ့ ပြောင်းစေ့ချိုချိုလေးတွေ ဆိုသိပ်ကြိုက်တတ်ကြတာ။ ရာသီဥတုကလည်း နွေဦးကာလဆိုတော့ ပြောင်းပင်တွေက အညှောင့်အတက် လေးတွေလည်း ထွက်လာပြီ မဟုတ်လား။ သူတို့လေးတွေက ပြောင်းပင်တွေအောက်မှာ အတန်းလိုက် တွင်းတူးပြီး ပြောင်းစေ့တွေကို စားလေ့ရှိတယ်။ အကျိုးဆက်ကတော့ ပြောင်းပင်နုနုလေးတွေ အချိန်မကျ ခင်မှာ သေကုန်ပြီး အသစ် ပြန်ပြန်စိုက်ရတာပါပဲ။
အဖေက ဘော့ကို ရှဉ့်တွေကို ရှင်းထုတ်ဖို့ တွန်းအားပေးနေတာကို ကျွန်တော်မြင်နေရတယ်။ ဘော့က အတန်းလိုက်စိုက်ထားတဲ့ ပြောင်းခင်းတွေကြား ခုန်ထွက်သွားတယ်။ ခုနက ရှဉ့်ပြေးသွားတဲ့ နောက်ကို လိုက်တာလေ။ ကျွန်တော်လည်း ဘော့ဆီကို ခုန်ဆွခုန်ဆွ ပြေးထွက်သွားပြီး သူနဲ့အတူ ရှဉ့်လိုက် ဖမ်းတယ်။ ဖုန်မှုန့်တွေက ကျွန်တော်တို့ရဲ့ ခြေလှမ်းတွေနောက်မှာ ဝေ့ကာဝိုက်ကာနဲ့ တထောင်းထောင်း ထလို့ပေါ့။
“အနက်ရောင် မြွေကြီးဟေ့” လို့ အဖေက အလန့်တကြား ထအော်တယ်။ “သတ်လိုက် ဘော့ရေ၊ မြွေကိုသတ်လိုက်” လို့လည်း ထပ်အော်ပြောတယ်။ ဘော့က မြွေရှိတဲ့ဘက်ကို ခုန်ထွက်လိုက်ပြီး သတ်ဖို့ လုပ်တယ်။ ဒီနှစ်နွေဦးမှာတင် ဘော့က အဆိပ်ရှိတဲ့မြွေ နှစ်ဆယ့်ရှစ်ကောင်ကိုတောင် သတ်ခဲ့တာလေ။ မြွေတစ်ကောင်ကို ဘယ်လိုသတ်ရမလဲ သူကောင်းကောင်းသိတယ်။ ကသမ်းကရမ်း မလုပ်ဘူး။ အချိန်ယူ ပြီး သူ့အလုပ်ကို ပြီးအောင်လုပ်တယ်။
“မြွေကို မသတ်ပဲထားရအောင်ဘော့၊ အနက်ရောင်မြွေက အန္တရာယ်မရှိဘူး။ သူက အဆိပ်ရှိတဲ့ မြွေတွေကိုတောင် သတ်သေးတာ။ ကျွန်တော်တို့ လယ်ကွက်ထဲက ကြွက်တွေကို ကြောင်တစ်ကောင် ထက်တောင် သူက သတ်နိုင်တယ်” လို့ ကျွန်တော်ကပြောလိုက်တယ်။
အဲဒီမြွေက ကျွန်တော်တို့ခွေးကို ရန်ပြုချင်ပုံမပေါ်ဘူးဆိုတာ ကျွန်တော်သိလိုက်တယ်။ သူက အဝေးကို ထွက်သွားချင်နေပုံပဲ။ ဘော့ကတော့ မရပါဘူး။ မြွေက ဘာလို့ တောင်ကုန်းက ဒီလို နုန်းမြေပေါ် ကိုမှ လာချင်တာပါလိမ့်။ ချောက်ကပါးက ဝက်သစ်ချပင်တွေ၊ သစ်အယ်ပင်တွေအောက်ကနေ ဒီအထိ ဘာလို့ ရောက်လာလဲမသိဘူး လို့ ကျွန်တော်အံ့သြနေမိတယ်။ ဘော့က တစ်ချက်ခုန်လိုက်တော့ မြွေက ပါးပြင်းထောင်လာကို တွေ့လိုက်ရတယ်။ “မြွေက အမကြီးဗျ၊ သူ့လည်ပင်းမှာ အဖြူကွက်ကြီးနဲ့” လို့ ကျွန်တော်အော်ပြောလိုက်တယ်။
“မြွေကတော့ တို့အတွက်ရန်သူပဲ သား” လို့ အဖေကပြောတယ်။ “ငါမြွေမတွေ့ချင်ဘူး၊ သတ်လိုက် ဘော့၊ သတ်ပြီး အဝေးကို ပစ်လိုက်၊ မြွေနဲ့ ဆော့နေတာရပ်တော့” လို့လည်း ထပ်ပြောပြန်တယ်။ ဘော့က အဖေ့စကားကို နာခံပါတယ်။ သူ မြွေကို လည်ပင်းကနေ ကိုက်ပြီးယူသွားတာကို ကျွန်တော်မကြိုက်ဘူး။ မြွေကတော့ နေရောင်ထဲမှာ အရောင်တလဲ့လဲ့ တောက်လို့နေတယ်။ ပြီးတော့ ဘော့က မြွေကို မြေကြီးနဲ့ ဟိုဘက်ဒီဘက် လွှဲလွှဲပြီးရိုက်တယ်။ သူမရဲ့ လည်ပင်းကနေ သွေးတွေထွက်လို့နေတယ်။ ကျွန်တော့်ခြေထောက်ကိုလည်း လောက်စလုံးလေးတွေလို အလုံးလေးတွေ လာမှန်တယ်။ ဘော့ကတော့ မြွေကို မြေကြီးပေါ် ပစ်ချတယ်။ ကျွန်တော့်ခြေထောက်ကို လာထိတဲ့ အရာလေးတွေကို ငုံ့ကြည့်မှ မြွေဥတွေမှန်း ကျွန်တော်သိရတယ်။ ဘော့သတ်ပစ်လိုက်တဲ့ မြွေမက သဲပြင်ပေါ်မှာ ဥလာချတာဖြစ်ရမယ်။ အဲဒါမှလည်း အကောင်လေးတွေပေါက်လာပြီး နေရောင်နဲ့ နွေးစေမယ်လေ။
ဘော့က မြွေကို တရွတ်တိုက်ပြီးဆွဲသွားတော့ သွေးစတွေက အကြောင်းလိုက်ပါသွားတယ်။ မြွေမ ကတော့ နင်ကျင်လွန်းလို့ တွန့်ခေါက်နေတယ်။ ဘော့က မြွေကို မြေကြီးနဲ့ ထပ်ပြီး လွှဲရိုက်ပြန်တယ်။ သူမက အခုတော့ လေထဲလွှင့်နေတဲ့ ရှုးဖိနပ်ကြိုးလို ပျော့ပြောင်းသွားပြီ။ တစ်ခါဘော့က သူမကို မြေပေါ် ပြန်ချတယ်။ ဒီတစ်ခါတော့ သူမက သစ်ရွက်တစ်ရွက်လို ငြိမ်သွားပြီ၊ နည်းနည်းလေးတောင် မလှုပ်နိုင်တော့ဘူး။ သွေးတွေကလည်း မြေပေါ်မှာ ဟိုနားတစ်ကွက် ဒီနားတစ်ကွက် ပြန့်ကျဲလို့ပေါ့။
“မြွေဥတွေကို တွေ့လား” လို့ အဖေကမေးတယ်။ ကျွန်တော်တို့ ရေကြည့်တော့ အားလုံးပေါင်း သုံးဆယ့်ခုနှစ်ဥတောင်ရှိတယ်။ အဲအထဲက တစ်လုံးကို ကောက်လိုက်ပြီး ကျွန်တော်လက်ပေါ် တင်ကြည့်တယ်။ ဒါလေးထဲမှာ လွန်ခဲ့တဲ့ တစ်မိနစ်လောက်က သက်ရှိတစ်ကောင် ရှိခဲ့တယ်။ ကြည့်ရတာ အစေ့နုနုလေးလိုပဲ။ အခုတော့ အကောင်မပေါက်နိုင်တော့ဘူး။ ကျွန်တော့်လက်ထဲက ဥက ငုံးဥလောက်ပဲ ရှိတယ်။ အခွံက ပါးပါးလေးနဲ့ နေရောင်ခံပြီးကြည့်ရင် ရေတွေထည့်ထားသလိုမျိုးမြင်ရတယ်။
“အခုတော့ မြွေကဘာကြောင့်ရန်မပြုသလဲဆိုတာ တွေ့ပြီလား ဘော့” လို့ ကျွန်တော်ပြောလိုက် တယ်။ “ဒါဟာ အသက်တစ်ချောင်းပဲ၊ လူတွေက အားကြီးတယ်ဆိုပြီး အားငယ်သူတွေကို အနိုင်ကျင့်ကြ တယ်။ ခွေးကမြွေကိုသတ်တယ်၊ မြွေက ငှက်တွေကို သတ်တယ်၊ ငှက်တွေက လိပ်ပြာလေးတွေကို သတ်တယ်၊ လူတွေကတော့ အကုန်လုံးကိုသတ်ပစ်တယ်။ လူတွေလည်းဒီအတိုင်းပဲ အမဲလိုက်ကာ သတ်ဖြတ်နေကြတယ်။”
ဘော့လည်း မောဟိုက်လို့နေတယ်။ သူက ကျွန်တော်တို့ရှေ့ကနေလျှောက်ပြီး ကျွန်တော်တို့ အိမ်ပြန်လာခဲ့ကြတယ်။ ဘော့လည်း မောလွန်းလို့ လျှာတောင်ထွက်နေတယ်။ သူပင်ပန်းသွားပြီလေ။ အမွှေးတဖွားဖွားနဲ့ ဘော့က တရှုးရှုးမြည်နေပြီး ဒေါသထွက်နေတဲ့ပုံပေါက်နေတယ်။ အပြန်လမ်းမှာတော့ အဖေရော ကျွန်တော်ပါ စကားတစ်ခွန်းမှ မဟဖြစ်ခဲ့ကြဘူး။ ကျွန်တော်ကတော့ သေသွားတဲ့ မြွေမ အကြောင်းကို တွေးနေခဲ့တယ်။ နေလုံးကြီးက သစ်အယ်ပင်အစွန်းဖျားဆီ ကျလို့နေပြီ။ ဘီလုံးငှက်တစ်ကောင်ကတော့ သီချင်းဆိုနေတယ်။ ညနေခင်းမို့ အနီရောင်တောက်နေတဲ့ တိမ်တွေက စားကျက်တောင်ကုန်းပေါ်က ထင်းရှုးပင်ထိပ်ဖျားမှာ မြောလွင့်နေတာကို မြင်နေရတယ်။ အဖေက လမ်းဘေးမှာ မတ်တပ်ရပ်ပြီ နေလုံးကြီးရှိတဲ့ဘက်ကို မျက်နှာမူထားတယ်။ အဖေ့ရဲ့ အနက်ရောင်ဆံပင်တွေ က လေထဲမှာ လွင့်လို့နေတယ်။
“အဖေမြွေကို ဘာကြောင့်မုန်းတာလဲ” လို့ ကျွန်တော်တွေးမိတယ်။ မချိတင်ကဲ ဝေဒနာကို ခံစားပြီး မီးဖွားရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ခံစားချက်ကိုလည်း စဉ်းစားမိတယ်။ သူတို့တွေ ဘာကြောင့် သူတို့ သားသမီးတွေအတွက် စွန့်လွှတ်တိုက်ပွဲဝင်ကြသလဲဆိုတာကိုရောပေါ့။ တစ်ခါ မြွေမကြီးအကြောင်းလည်း ခေါင်းထဲပြန်ရောက်လာတယ်။ ဒီအတွေးတွေက ရူးကြောင်ကြောင်နိုင်တယ်လို့လည်း ထင်မိတယ်။
ဒီမနက်မှာတော့ အဖေရောကျွန်တော်ပါ ကြက်တွန်သံနဲ့အတူ နိုးလာခဲ့တယ်။ အဖေကတော့ ပြောပါတယ်၊ နေ့တစ်နေ့ရဲ့ အလုပ်တွေကို စတင်လုပ်ဆောင်ဖို့ ကြက်တွန်တာနဲ့ တန်းထရမယ်တဲ့။ ကျွန်တော်တို့ တရွင်းတွေ၊ ပုဆိန်တွေ၊ ပေါက်ပြားတွေယူပြီးထွက်လာခဲ့ကြတယ်။ နောက်ပြီး လယ်ကွက်တွေ ကိုစရှင်းဖို့လုပ်တယ်။ ဘော့ကတော့ ဒီနေ့ပါမလာဘူး။
နှင်းစက်လေးတွေက ပြောင်းပင်တွေပေါ် တွဲလဲခိုနေတယ်။ အဖေက ပေါက်ပြားကို ပုခုံးပေါ်ထမ်း ပြီး လမ်းလျှောက်နေတယ်။ ကျွန်တော်က အဖေ့ရှေ့က လျှောက်တယ်။ လေကလည်း တဖြူးဖြူးတိုက်နေတယ်။ သာယာတဲ့ မနက်ခင်းတစ်ခုဖြစ်ပြီး အသက်ရှုရတာ ကောင်းတယ်။
မနေ့နေ့လည်က ရောက်ခဲ့တဲ့ ပြောင်းခင်းအတန်းဘက် ကျွန်တော်လျှောက်လာတော့ ထူးဆန်းတာ တစ်ခုမြင်ရတယ်။ အဲဒီဟာက ရွေ့နေသလိုပဲ။ ဝန်ချီစက်တွေမှာချည်နှောင်တဲ့ ကြိုးအနက်ကြီး တစ်ချောင်းနဲ့ တူတယ်။ “ငြိမ်ငြိမ်လေးနေ အဖေ၊ ဒီမှာမြွေကြီးတစ်ကောင်” လို့ ကျွန်တော်ပြောလိုက်တယ်။ အဖေက ကျွန်တော့်ဘေး ခြေတစ်လှမ်းအကွာလောက်မှာ လာရပ်ပြီး ကြည့်တယ်။ ပြီးတော့ “သားဘယ်လိုသိတာလဲ” လို့မေးတယ်။ “မြွေကြီးအဖေရေ၊ ကြည့်ပါအုံး၊ မနေ့က မြွေအသေဘေးမှာ လှဲနေတယ်၊ မြွေထီးဖြစ်လောက်မယ်၊ သူ့မိန်းမဆီလာတာ၊ မနေ့ကလာသွားတဲ့ ယက်ကြောင်းတွေလည်း တွေ့တယ်” လို့ကျွန်တော်ပြောလိုက်တယ်။
မြွေအထီးက သူ့ချစ်သူရဲ့ ကံကြမ္မာဆိုးကို မနေ့ညက လရောင်၊ ကြယ်ရောင်တွေအောက်မှာ ယက်ကြောင်းတွေအတိုင်း လိုက်လာတာဖြစ်ရမယ်။ အသက်မဲ့နေတဲ့ သူ့ချစ်သူဘေးမှာ ရစ်ခွေလို့နေတာကို တွေ့ရတယ်။
ကျွန်တော်တို့နှစ်ယောက် မြွေအသေရဲ့ ပတ်ပတ်လည်ကို လှည့်လျှောက်တော့ မြွေအထီးက ခေါင်းထောင်လာပြီး ရန်မူတယ်။ သူ့ကြည့်ရတာ ကျွန်တော်တို့ သားအဖနှစ်ယောက်ကို အသေခံပြီးချမယ့်ပုံ။ ဘော့ပါလာရင် ဘော့ကိုတောင် သေအောင်ကိုက်လောက်တယ်။ “တုတ်တစ်ချောင်းနဲ့ ယူပြီးတောင်စောင်းကနေ ပစ်ချလိုက်တော့သား၊ ဘော့တွေ့လို့ မဖြစ်ဘူး” လို့အဖေက ပြောတော့ ကျွန်တော်လည်း တုတ်တစ်ချောင်းနဲ့ မြွေကို သယ်ပြီး ချောက်ကမ်းပါးအစွန်းက နေပစ်ချ လိုက်ပါ တော့ တယ်။
မောင်တင်
Jesse Stuart ၏ Love ကိုဆီလျော်အောင် ဘာသာပြန်သည်။
Comments
Post a Comment