ပေးကမ်းခြင်း၏ အနှစ်သာရ
ဆယ်နှစ်အရွယ် ကလေးမလေး ရိုင်လေခရစ်စတန်ဆမ် နဲ့ အမေဖြစ်သူ လင်း တို့ နှစ်ဦးဟာ သူတို့အိမ်က ကွန်ပျူတာရှေ့မှာ ထိုင်နေကြရင်း အကြောင်းအရာတစ်ခုကို တီးတိုးတိုင်ပင် လို့နေပါတယ်။ ကွန်ပျူတာမျက်နှာပြင်ပေါ်မှာကတော့ စက်ဘီး အမျိုးစား များနဲ့ ဈေးနှုန်းများက ဖော်ပြလို့နေပါတယ်။ “သမီးအဖေရဲ့ မွေးနေ့အတွက် တို့နှစ်ယောက် စက်ဘီးတစ်စီးလောက် ရွေးရအောင်” လို့ ခရစ်စတန်ဆမ်က သူ့သမီးကို ပြောပါတယ်။
သူတို့မြို့ဖြစ်တဲ့ စိန့်ချားလ်က စက်ဘီးဆိုင် Bike Rack ရဲ့ အင်တာနက် ပင်မစာမျက်နှာမှာ ဖော်ပြထားတဲ့ စက်ဘီးပုံတွေကြည့်နေရင်း ခရစ်စတန်ဆမ် တစ်ယောက် ဗီဒီယိုတစ်ခုကို သွားတွေ့ပါတယ်။ စိတ်ဝင်တစားရှိတာနဲ့ ဖွင့်ကြည့်လိုက်တဲ့အခါ စက်ဘီးဆိုင်ရဲ့ တွဲဖက်ပိုင်ရှင် ဟဲလ်ဟန်နီမန်းက ကိုယ်လက်အင်္ဂါမသန်စွမ်းကြတဲ့ သူတွေအတွက် ထောက်ပံ့ ပေးနိုင်ဖို့ အထူးတီထွင်ပြုလုပ် ထားတဲ့ စက်ဘီးများလှူဒါန်းရေး အဖွဲ့စည်း အကြောင်း ဖြစ်ပါတယ်။ စိတ်ဝင်စားစရာပါပဲ။
ဗီဒီယိုဖိုင်လေးထဲက မသန်စွမ်းဖြစ်ကြသူတွေအထဲမှာ မတော်တဆမှုကြောင့် မသန်စွမ်း ဖြစ်ကြရသူတွေ၊ ဒဏ်ရာအနာတရ ရကြသူတွေ၊ ကလေးငယ်လေးတွေပါဝင်တဲ့အပြင် ဟန်းနီးမန်းရဲ့ သားလေးဖြစ်တဲ့ မွေးရာပါ ဦးနှောက်ဖွံ့ဖြိုးမှု နှေးကွေးတဲ့ရောဂါ ခံစားနေရသူ လေးလည်း ပါဝင်ပါတယ်။ သူတို့အားလုံးဟာ သူတို့အတွက် အထူးပြုလုပ်ထားတဲ့ စက်ဘီးလေးတွေကို စီးနင်းနေကြတာကို တွေ့ရသလို သူတို့ရဲ့ မျက်နှာတွေမှာလည်း အပြုံးပန်းတွေ ဝေလျက်ပါပဲ။
“သမီး အဲဒီကလေးတွေအတွက် စက်ဘီးတစ်စီးလောက် လှူချင်တယ် အမေ” လို့ ရိုင်လေက သူမရဲ့ အမေကို ပြောပါတယ်။ နောက်နှစ်ရက်အကြာမှာတော့ လှူဒါန်းချင်ကြောင်း သူမ ကိုယ်တိုင်ရေးသားထားတဲ့ စာတစ်စောင်ကို အမေဖြစ်သူထံပြပါတယ်။ စာထဲမှာက “လမ်းမလျှောက်နိုင်တဲ့ လူတွေအတွက် အခုလို စက်ဘီးတွေ ပြုလုပ်ပေးသူဟာ သမီးအတွက်တော့ အံ့သြဖွယ်ရာ ပါပဲ။ ကောင်လေးတစ်ယောက် စက်ဘီးလေးရလို့ ပျော်ရွှင်နေတာကို တွေ့ခဲ့ရပါတယ်။ သမီးလည်း လှူဒါန်းချင်တဲ့အတွက် အခုလို အကူညီ တောင်းရတာပါ” လို့ ရိုင်လေကဆိုထားပါတယ်။
ခရစ်စတန်ဆမ်ဟာ သမီးလေးရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးချင်ပေမယ့်လည်း အမြန်ဆုံးဆပ်ရမယ့် အကြွေးတွေကလည်း ရှိနေပါသေးတယ်။ စက်ဘီးတစ်စီးရဲ့ တန်ဖိုးကလည်း မသေးဖူးလေ။ တစ်စီးကို ဒေါ်လာ ၄၀၀၀ လောက်တောင်ရှိတာမဟုတ်လား။ ရိုင်လေဟာ ပိုက်ဆံသည်လောက်များများကို တစ်ခါမှ မတောင်းဆိုဖူးပါဘူး။ မည်သို့ပင်ဆိုစေ ရိုင်လေရဲ့ အကူညီတောင်းခံလွှာကတော့ သူတို့ရဲ့ ဆွေမျိုးတွေနဲ့ မိတ်ဆွေပေါင်း ၇၅ ယောက်ဆီ ပျံ့နှံ့သွားပါပြီ။ အကျိုးထိရောက်ပုံများကတော့ သုံးရက်အတွင်းမှာ ချက်လက်မှတ်တွေနဲ့ ငွေသားတွေ အလှူခံရရှိခဲ့ပါတယ်။ ရိုင်လေ ကမ်ပိန်းလို့တောင် အမည်တပ်ခဲ့ကြပြီး ခရစ်စမတ် ကာလနီးလာတာနဲ့အမျှ အလှူငွေတွေဟာလည်း တိုးလို့သာ လာခဲ့ပါတယ်။ ဒီလိုနဲ့ ရိုင်လေဟာ ဒေါ်လာပေါင်း ၁၂၀၀၀ ကျော်ကို အလှူခံရရှိခဲ့ပါတယ်။ ဒီလောက်ပမာဏနဲ့ဆို စက်ဘီးပေါင်း ၇ စီးလောက်ဝယ်လို့ရနိုင်မယ်လေ။
ခရစ်မတ်ညနေခင်းကိုရောက်တဲ့အခါ ရိုင်လေကိုယ်တိုင် ဆန်တာကလော့ ဦးထုပ်ကိုဆောင်းပြီး ကံကောင်းသူ ကလေးငယ်လေး ၃ ယောက်ဖြစ်တဲ့ ကျောရိုးမ နှစ်ခြမ်းကွဲတဲ့ ရောဂါ ခံစားနေရသူ ၁၃ နှစ်အရွယ် မိန်းကလေး အေဗာ၊ မွေးရာပါ ဦးနောက်ဖွံ့ဖြိုးမှု နှေးကွေးတဲ့ရောဂါ ခံစားနေရသူ ၁၅ နှစ်အရွယ် မိန်းကလေး ဂျင်နီ နဲ့ မျိုးရိုးဗီဇ မှားယွင်းတဲ့ ရောဂါခံစားနေရသူ ၄ နှစ်အရွယ် မိန်းကလေး ရို့စ် တို့ ထံ စက်ဘီးလက်ဆောင်တွေ သွားပေးပါတော့တယ်။ “ဒါဟာ သမီးအတွက် အကောင်းဆုံးသော ခရစ်စမတ်လက်ဆောင်တွေပါပဲ” လို့ ရိုင်လေက ဆိုပါတယ်။
သူမနဲ့ အေဗာတို့ဟာ စက်ဘီးအတူတူစီးဖြစ်ကြရင်း ရိုင်လေက အခုလို ပြောပါတယ်။ “စက်ဘီးကို သမီးစီးကြည့်တုန်းကလေ မြန်မြန်စီးရတာကြိုက်တယ်၊ ချွေးတွေလည်းထွက်တယ်၊ လေပြေလေညင်းရဲ့ အရသာကိုလည်း ခံစားရတယ်၊ အေဗာလည်း သမီးအတိုင်းပဲ၊ အေဗာက စက်ဘီးကို ခြေထောက်မသုံးပဲ လက်နဲ့ပဲ နင်းပေမယ့် တကယ်ပျံသန်းနေသလိုပါပဲ” လို့ဆိုပါတယ်။ ဒီလိုနဲ့ ရိုင်လေဟာ သူမရဲ့ ကမ်ပိန်းကို ကျောင်းပိတ်ရာသီရောက်တိုင်းဆက်လက် လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ “သမီးက သူတို့လေးတွေရဲ့ မျက်နှာမှာ လေငြင်းရဲ့ အရသာလေးကို ခံစားစေချင်တာ” လို့လည်း ရိုင်လေက ပြောရှာပါတယ်။
မောင်တင်
(၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလထုတ်၊ Reader’s Digest မဂ္ဂဇင်းပါ ဆောင်းပါးရှင် Gary Sledge ၏ The Spirit of Giving ကို ဆီလျော်အောင်ဘာသာပြန်ဆိုပါသည်။)
Comments
Post a Comment