လျှို့ဝှက် ဆန်တာကလော့
ဒီဇင်ဘာလဟာ အင်ဒီရန်းနားပြည်နယ်၊ အီဗန်ဆဗီးမြို့မှာ ရှိတဲ့ ခရစ်တော်ထမြောက်ခြင်း အထိမ်းမှတ် ပင်လယ်ဖျံများ အမည်ရ ပြန်လည်သန်စွမ်းရေး ဌာနအတွက်တော့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးကျူးခြင်း၊ ခရစ်စမတ်ကာလ ဆင်နွှဲခြင်းစတဲ့ လုပ်ငန်းများကို လုပ်ဆောင်လေ့ရှိတဲ့ ကာလ ဖြစ်သလို၊ သူတို့ရဲ့ မိတ်ဆွေဟောင်းကြီးဆီက စိတ်လှုပ်ရှားဖွယ် ဖုန်းခေါ်ဆိုမှုတစ်ခုကို ရရှိခဲ့ပါတယ်။ ယခင်နှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က ဌာနရဲ့ ဒုတိယဥက္ကဌ ဖြစ်သူ တယ်ရီဟေးနီ တစ်ယောက် များပြားလှတဲ့ အလုပ်တွေကို လက်မလည်အောင် လုပ်နေရင်းက အဆိုပါ ဖုန်းခေါ်ဆိုမှုကို လက်ခံပြောဆိုခဲ့ ရတာဖြစ်ပါတယ်။
“ဒီကာလက ဘာလဲဆိုတာ မင်းသိရဲ့လား” လို့ ဖုန်းခေါ်ဆိုသူ အမျိုးသားက ကျီစယ်သလို မေးပါတယ်။ “သိပါတယ်ဆရာ၊ ဒီအချိန်က မစ္စတာပိ(ထ်) ရဲ့ ကာလပါပဲ” လို့ ဟေးနီက ပြန်ဖြေခဲ့ပါတယ်။ ဒီကာလဟာ လျှို့ဝက်ဆန်းကြယ်တဲ့ ရတနာရှာဖွေရေး နှစ်ပတ်လည်ကာလပါပဲ။ နှစ်စဉ်၊ နှစ်တိုင်းလိုလို ဒီအချိန်ကာလကို ရောက်တိုင်း ပြန်လည်သန်စွမ်းရေးဌာနကို မစ္စတာပိ(ထ်)လို့ သူ့ကိုယ်သူ မိတ်ဆက် ထားသူ ပုဂ္ဂိုလ်တစ်ဦးက ဖုန်းခေါ်ဆိုမြဲဖြစ်ပါတယ်။ သူပြောပြတဲ့ အကြောင်းအရာဟာ သဲလွန်စတွေ၊ ပဟေဋ္ဌိတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ ဆိုလိုရင်းကတော့ နှစ်ထပ်တိုက်တစ်လုံးကို ရှာခိုင်းစေပြီး အဲဒီတိုက်မြေညီထပ်မှာ မသန်စွမ်းကလေးငယ်များအတွက် သူစီစဉ်ထားရှိတဲ့ လက်ဆောင်တွေကို ရှာဖွေ ယူဆောင် ခိုင်းတာပါပဲ။
အရင်တုန်းက အဲဒီလျှို့ဝှက်ဆန်တာကလော့က နှင်းလူရုပ်ရဲ့ ကွတ်ကီးပုံးထဲမှာ အလှူငွေတွေကို ထည့်ဝှက်၊ သစ်ပင်ကနေ တန်းလန်းချိတ်ထားတဲ့ ချောကလက် ကြိမ်နှင်တံတစ်ခုမှာ ချိတ်ထားပြီး သေသေချာချာ ထုတ်ပိုးထားခဲ့တာဖြစ်ပါတယ်။ မနှစ်ကဆို၊ သူ့ရဲ့ လမ်းညွှန်ချက်တွေက ဌာနရဲ့ ဝန်ထမ်းတွေကို အဆောက်အုံနောက်ပတ်ပတ်လည်၊ အမှိုက်ပုံးထားရာ နေရာအထိ လှည့်ပတ် ရှာဖွေခဲ့ရ ပါတယ်။ အမှိုက်ပုံးနားက လက်ဆောင်အိတ်ထဲမှာ ခရစ်စမတ်သစ်ပင် အသေးလေးနဲ့ တွဲချည်ထားတဲ့ ဒေါ်လာ ၁၀၀ တန် အရွက် ၃၀ ကို တွေ့ရှိခဲ့ပါတယ်။ ဒီလို ရတနာ ရှာဖွေရေးမှာ ပါဝင်ခဲ့ကြတဲ့ ဝန်ထမ်းအားလုံးဟာ အလှူရှင် ပိ(ထ်) ကိုကျေးဇူးတင်လွန်းလို့ လက်ခုပ်တီးသြဘာပေး ချီးကျူးကြပါတယ်၊ အလှူရှင်ကြီး သူတို့ကို စောင့်ကြည့်နေမယ်လို့လည်း ထင်ကြပါတယ်။
၁၉၉၀ ခုနှစ်ကစလို့ ၂၀၀၉ ခုနှစ်အထိ၊ မစ္စတာပိ(ထ်) ဟာ အလှူငွေပေါင်း ဒေါ်လာ ၆၅၀၀၀ ခန့်ကို ပြန်လည်သန်စွမ်းရေးဌာနအတွက် လှူဒါန်းပြီးဖြစ်ပါတယ်။ ဌာနက အဲဒီ အလှူငွေတွေကို အင်ဒီရန်းနားပြည်နယ်၊ ကျေးလက်ဒေသ ၃၀ ခန့်က ရုပ်ပိုင်းဆိုင်ရာချို့တဲ့သူ၊ ဆေးကုသဖို့ လိုအပ်သူ၊ မသန်စွမ်း လူကြီး၊ ကလေး ၅၀၀၀ ခန့်ကို ပြန်လည်ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ လှူဒါန်းတိုင်းမှာ အလှူရှင်ကြီးက တစ်ခွန်းပဲမေးပါတယ်။ သူ့ရဲ့ လက်ဆောင်တွေကို ကလေးတွေတကယ် ရရှိကြရဲ့ လားပေါ့။ “သူပေးတဲ့ လက်ဆောင်တွေဟာ မိသားစုက စီစဉ်ပေးဖို့ မတတ်နိုင်တဲ့ ကလေးတွေအတွက် ခရစ်မတ်ကာလ ပျော်ရွှင်မှုတွေကိုဖန်တီးပေးစေချင်တာပါ” လို့ ဟေးနီ က ပြောပြပါတယ်။ မနှစ်ကဆို ကလေးအယောက် ၇၀ ဟာ အဝတ်စား သစ်တွေ၊ အရုပ်သစ်တွေရရှိခဲ့ပါတယ်။ နှစ်စဉ် နှစ်တိုင်းပါပဲ၊ အဲဒီလျှို့ဝှက် ဆန်တာကလော့ဆီက လှူဒါန်းမှုတွေကို ရရှိတိုင်း ခရမ်းရောင် စာရွက်ပေါ်မှာ ရေးထားတဲ့ ကတိကဝတ် စကားတစ်ခုပါလာမြဲပါ။ အဲဒါကတော့ “မင်းတို့ကို ငါဖုန်းထပ်ခေါ်အုံးမှာပါ” တဲ့။
မောင်တင်
( ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလထုတ်၊ Reader’s Digest မဂ္ဂဇင်းပါ ဆောင်းပါးရှင် Gray Sledge ၏ The Sirit of Giving ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
Comments
Post a Comment