ဘောနပ်စ်
ချန်ဂီလေဆိပ်ဆီဦးတည်မောင်းနှင်နေသော တက္ကစီတစ်စီးပေါ်တွင် ချောင်းမိုင်တစ်ယောက် သူ့ဘေး၌ချထားသည့် ပါဆယ်ထုပ်တွေကို တင်းတင်းဆုပ်ကိုင်ရင်းလိုက်ပါလို့လာသည်။ သူဝယ်လာသော ပစ္စည်းများအကြောင်းတွေးရင်း ရယ်မိသည်။ ရာအိုဟန်ကုန်တိုက်က လျှော့ဈေးနဲ့ရောင်းတာတွေက သူ့ကို စိတ်မပျက်စေခဲ့။"အရည်သွေးကောင်းတဲ့ပစ္စည်းများပါ။ နှစ်ခုကို တစ်ခုဈေးနှင့် ရနိုင်မည်" လို့လည်း ကြော်ငြာ ထားသည်။ စိတ်ထဲမှာတော့ တွေးပျော်လျက်ရှိသည်။ သူငှားလာတဲ့ တက္ကစီကားနံပါတ်ကလည်း ၁၆၈၈ ဆိုတော့ သူတို့တရုတ် အယူအရဆို အတိတ်နမိတ်ကောင်း သည်မဟုတ်လား။
"မြန်မြန်လေးမောင်းပေးပါလားဗျာ" လို့ တက္ကစီဆရာကိုပြောရင်း လမ်းမအား ကောင်းကောင်းမြင်နိုင်မည့်ဘက်ခြမ်းကို ရွှေ့ထိုင်လိုက်သည်။ တက္ကစီဆရာက "မြန်မြန်မောင်းပါ မြန်မြန်မောင်းပါနဲ့ ခင်ဗျားတို့ ခရီးသည်တွေက အကုန်ဒီအတိုင်းချည်းပဲ။ ကျွန်တော်လည်းအရှိန်တင်မောင်းနေတာ ခင်ဗျားမမြင်ဘူးလား။ နောက်တစ်ခါ မြန်မြန်ရောက်ချင်ရင် စောစောလာ" လို့ သူ့ကို ရိုင်းစိုင်းစွာခွန်းတုန့်ပြန်သည်။ စင်္ကာပူ အစိုးရရဲ့ မူဝါဒများလား သူတွေးမိသည်။ သည့်ထက်တော့ မြန်မြန်မောင်းဖို့ကောင်းသည်ဟုလည်း ထင်မိသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီတက္ကစီဆရာက ပြောလို့ရမည့်ပုံမျ ို း မဟုတ်။ သူတွေးပျော်နေတဲ့အရာလေးကို အပျောက်ပျက်မခံချင်။
ကားလေးက တဖြည်းဖြည်းနဲ့ အရှေ့ကမ်းနားလမ်းပေါ်ရောက်လာသည်။ လမ်းမတစ်လျှောက်မှာ စိုက်ထားတဲ့ စက္ကူ ပန်းပင်လေးတွေကြောင့် စိတ်အေးချမ်းရသည်။ အနီရောင် ၊ ခရမ်းရောင်များနှင့် စီရီရီ စိုက်ပျိ ု းထားသော ပန်းပင်လေးများက နိုင်ငံခြား ဧည့်သည်များကို နွေထွေးစွာ ကြို ဆိုနေသလို။ လမ်းဘေးဝဲယာဆီမှာတော့ ငှက်သိုက်လေးများလို သေသေသပ်သပ် စီတန်းလို့နေသည့် မိုးမျှော်တိုက်ကြီးများ ကိုတွေ့ရသည်။ လွန်ခဲ့သည့် တစ်လကပဲ ထိုအထဲမှ တစ်ခန်းကို ဝယ်နိုင်ခဲ့သည်လေ။ ယခုလို ပိုင်ဆိုင်ဖို့ ငါးနှစ်တောင်စောင့်ခဲ့ရတာ ဖြစ်သည်။
ချန်ဂီလေဆိပ်၏ လေယာဉ်ထိန်း တာဝါတိုင်ကြီးကို မြင်ရသည့် အနေထားကိုရောက်လာတော့ သူ ဂနာမငြိမ်နိုင်တော့။ နောက်ထပ် တစ်ကွေ့လောက်ကွေ့ပြီးတဲ့အခါမှာ လေဆိပ်ဆိုက်ရောက်ခန်းမသို့ ရောက်သည်။ တက္ကစီတံခါးကို ကပျာကယာ တွန်းဖွင့်ပြီးနောက် တက္ကစီဆရာအား ငွေပေးချေသည်။ ပြန်အမ်း ငွေတောင်မစောင့်နိုင်တော့ပဲ တက္ကစီဆရာအတွက်ဟုဆိုကာ ထားခဲ့လိုက်သည်။ ဒီနေ့ဟာ သူ့အတွက် နေ့ထူးနေ့မြတ်ဖြစ်သည်လေ။
စောင့်ဆိုင်းခန်းမထဲကိုရောက်တော့ ရာအိုဟန် ကုန်တိုက်ရဲ့ လျှော့ဈေး ရောင်းချသည့် နေရာကို တွေ့ရပြန်သည်။ ဝယ်သူတွေကလည်း ကြိတ်ကြိတ်တိုး ဆူညံလျက်။ လူအုပ်ကိုကြည့်ပြီးအကဲခတ်လိုက်သည်။ သူ့စိတ်က သူ့ကို အသေးစိတ်ကအစ ကြည့်ဖို့ လှုံ့ဆော်သည်။ လေဆိပ်ဝန်ထမ်းအင်အားက လုံလောက်မည့် ပုံပေါ်သည်။ အမွှေးပွထိုင်ခုံများ၊ တောက်ပြောင်နေသော ကြမ်းခင်းကြီးနှင့် ကျယ်ဝန်း လှသော ခန်းမကြီးကိုကြည့်ကာ စင်္ကာပူနိုင်ငံသားဖြစ်ရတာ ဂုဏ်ယူမိသည်။ အံ့သြစရာမှမရှိတာ။ ချန်ဂီဆိုတာ ကမ္ဘာ့အကောင်းဆုံးလေဆိပ်ပဲလေ ဆိုပြီး တွေးနေလိုက်သည်။
ခြေလှမ်း ဆယ်လှမ်းစာလောက်လျှောက်လိုက်တော့ လေယာဉ်ဆိုက်ရောက်ချိန်အသီးသီးကို ဖော်ပြထားသည့် ဆိုင်းဘုတ်ကြီးကို မြင်ရသည်။ များပြားလှသည့် လူပင်လယ်ကြီး ကြားထဲတွင် သူထိုင်လို့ကောင်း မည့် နေရာတစ်နေရာရှာကြည့်လိုက်သည်။ တွေ့ပါပြီ။ နူးနူးညံ့ညံ့နှင့် သက်တောင့်သက်သာ ဖြစ်မယ့် ခုံတစ်လုံးမှာ ဝင်ထိုင်နေလိုက်သည်။ သူ့ဘေးတစ်ဝိုက်က စီစီလောင်လောင်ဆူသံတွေကိုလည်း သတိမပြုမိ။ သူ့စိတ်ထဲမှာ နေရာယူထားသည့် တစ်ခုတည်းသော အကြောင်းက သူလက်နှိုက်ထားသည့် ကုက်အိကျီ် ၤ အိတ်ကပ် ထဲက လက်စွပ်လေးတစ်ကွင်းသာဖြစ်သည်။
နောက်တစ်နာရီလောက်ဆို သူမျှော်နေသော သူနှင့်တွေ့ရမည်။သူမအမည်က ရှာအိုဖန်း။ နူးညံ့သိမ်မွေ့စွာ လှပသူ၊ မက်မွန်ရောင် မျက်လုံးတစ်စုံနှင့် ရှည်လျားသော ဆံနွယ်တွေကိုပိုင်ဆိုင်ထားသည့် သူမဟာ သူ့ရဲ့ သတို့သမီးလောင်း ပေါ့။ နှစ်နှစ်ကြာ အချိန်ယူတည်ဆောက်ထားရတဲ့ ချစ်ခြင်းမေတ္တာတရားရဲ့ အသီးအပွင့်မဟုတ်ပါလား။
ချောင်းမိုင်က ဒီနေ့မတိုင်ခင်အထိ ငွေစာရင်းမန်နေဂျာ တစ်ဦးအဖြစ် အလုပ်ကိုသာ တစိုက်မတ်မတ် ကြိုးစားခဲ့သူတစ်ဦး။ အခုဆို အသက် သုံးဆယ့်လေးနှစ်ရောက်ပြီဖြစ်တဲ့ သူ့ကို မိန်းမမယူသေးလို့ မိဘတွေကလည်း နားပူနားဆာ လုပ်တုန်း။ နှစ်စဉ် တရုတ်နှစ်သစ်ကူးရောက်တိုင်းလည်း ဆွေတော်မျိ ု းတော် အပေါင်းက သူ့ရဲ့ မင်္ဂလာနေ့ကို ဆင်နွှဲချင်ကြောင်းကို တဖွဖွပြောကြတုန်း။ ဒီနှစ်သစ်ကူးမှာတော့ ငါနဲ့တွေ့ကြပြီပေါ့ကွာလို့ ချောင်းမိုင်တစ်ယောက် တစ်ကိုယ်တည်း ကြုံးဝါးလိုက်သည်။ ပါစမ်းအဟောင်းသားဖြစ်နေမည့် သူ့အမျိ ု းတွေရဲ့ မျက်နှာကို မြင်ယောင်နေမိသည်။
လေဆိပ်ထဲမှာတော့ လာရောက်ကြိုဆိုကြသည့် လူများက နောက်ဆုံးတားမြစ်ထားသည့် နေရာအထိရောင် တိုးလို့နေသည်။ ချောင်းမိုင်က ကံကောင်းစွာအရှေ့စောစောကို ရောက်နေသည်။ သူကိုယ်တိုင်လည်း စိတ်ပူလို့နေသည်။ တားမြစ်ထားသည့် ကြိုးတန်းကို လက်တစ်ဖက်က ကိုင်ရင်း ကျန်လက်တစ်ဖက်က ရှာအိုဖန်း၏ ဓာတ်ပုံကို ကိုင်ထားသည်။ ဓာတ်ပုံထဲက မျက်နှာနှင့် တူသည့် လူများကို လိုက်တိုက်ကြည့် နေရသည်။ စိတ်ထဲမှာလည်း သူ့ဇနီးပျိုက ဓာတ်ပုံထဲကလို လှပါ့မလား။ တွေ့ရင်ရော သူဘာပြောရပါ့မလဲ။ ဘယ်လိုနေရပါ့မလဲ စသည် စသည်ကို တွေးပူနေမိသည်။
တရုတ်ရိုးရာဝတ်စုံကို ဝတ်ဆင်ထားပြီး အရပ်မြင့်မြင့် ကျက်သရေရှိသော မျက်နှာပိုင်ရှင်အမျို း သမီးတစ်ဦး သူ့မြင်ကွင်းထဲရှေ့ကို ရောက်လာသည်။ သူမဟာ သူနှစ်နှစ်ကြာစောင့်ဆိုင်းနေခဲ့ရသူဆိုတာ ချောင်းမိုင် သိလိုက်ရသည်။ တည်ငြိမ်ပြီး ဒေါင်ကောင်းကျော့ရှင်းသောထိုအမျိုးသမီးက ခရီးဆောင်အိတ်ကို ဆွဲလို့လာသည်။ သူ့အနားကိုရောက်သည်နှင့် သူမနောက်မှာပါလာသော ကလေးငယ်လေးကို ကောက်ယူပွေ့ချီလိုက်သည်။ ချောင်းမိုင်မှာက ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ တစ်ခုဈေးနဲ့ နှစ်ခုရမည်ဆိုတာ ဒါများလားကွယ်။
မောင်တင်
(Low Swee Guan ၏ The Bonus ကို ဆီလျော်အောင်ဘာသာပြန်ဆိုသည်)
Comments
Post a Comment