ထိုတစ်နေ့
ရွှေထီးလေးလက် ၊ ဖြန့်ဝန်းကျက်၍
ငြိမ်သက်အိပ်ပျော် ၊ နေဘိသော်လျှင်
ခေါ်၍မကြား ၊ အော်မကြားချေ
တရားရှုမှတ် ၊ နေဘိလတ်သို့
ပါးစပ်စေ့ကာ ၊ ချ မျက်လွှာနှင့်
ခုခါရုပ်ဆင်း ၊ မပျက်ယွင်းဘဲ
ဝင်းစက်သားရေ ၊ နဂိုနေနှင့်
အမေသေပန်း ၊ ပွင့်လေပြီ။
မကြားချင်ဆုံး
မကြည့်ချင်ဆုံး
မမြင်ချင်ဆုံး
အဆုံးတစ်ကွေ့  ထိုတစ်နေ့ကို
မတွေ့ ရအောင် ဘယ်သို့ရှောင်လည်း
ရှောင်လွှဲမရ ၊ အနိစ္စကို
စိတ်ကသိလည်း ၊ ဖြေနိုင်ခဲစွ
ပွဲတွေ့အပူ ၊ သဲမြေ့ဆူသည်
ဘယ်သူသိနိုင်ပါ့မလဲ အမေ.....။
မေးချင်တာလေး ၊ မေး၍မရ
ကျွေးချင်တာလေး ၊ ကျွေး၍မရ
ပေးချင်တာလေး ၊ ပေး၍မရ
မရလေလေ ၊ ရချင်လေပါ
အမေမရှိ ၊ အဖေမရှိ
မိဘမဲ့သား ၊ မျက်ကွယ်ထားလျက်
သွားရက်ခဲ့ပြီနော် အမေ....။
အမေ့ထံပါး ၊ သမီးသားတို့
ဝပ်တွားတုပ်ကွ ၊ ကန်တော့ကြပြီ
ထကာငိုကြွေး ၊ ယခင်ရှေးလို
ဆုမပေးနိုင်တော့ဘူးနော် အမေ.....။
သြော်.....
မေးချင်တာလေး ၊ မေး၍မရ
ကျွေးချင်တာလေး ၊ ကျွေး၍မရ
ပေးချင်တာလေး ၊ ပေး၍မရ
ရနိုင်သူများ ၊ သတိထားဖို့
ရှိထားအမေ ၊ တာဝန်ကျေဖို့
ဆုခြွေဆင့်ပွား ၊ မေတ္တာအားဖြင့်
အမေ့သား ကဗျာရေးမိပါသည်
သာဓုခေါ်နိုင်ပါစေ  အမေ....။
                        မြင်းမူမောင်နိုင်မိုး

Comments

Popular posts from this blog

ကိတ်ဝင်းစလက်၏ အနုပညာခရီး

အာနာပါနကမ္မဌာန်းရှုမှတ်နည်း

မဂ္ဂင် ၈ ပါး