ကြည်အေး

ရန်ကုန်မြို့၊ လှည်းတန်းရပ်တွင် အဖ ကုန်သည် ဦးဟန်၊ အမိဒေါ်ငွေယုန်တို့မှ ၁၉၂၉ ခုနှစ်တွင် မွေးဖွားသည်။  အမည်ရင်း ဒေါ်ကြည်ကြည်ဖြစ်သည်။ တတိယတန်းတွင် ပညာသင်ကြားနေစဉ် ဒုတိယကမ္ဘာစစ်ကြိး ဖြစ်သောကြောင့် စစ်လွတ်ရာပြေးရသည်။ စစ်ပြီးသောအခါ ကုလားအဖိုးကြီး ကေကေမီကြ ထံတွင် အင်္ဂလိပ်စာ သင်ကြားသည်။ ကျောင်း နှစ် နှစ်မျှ နေပြီး ဆယ်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်သည်။ ၁၉၄၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ ရောက်သည်။ ဆေးပညာတတိယနှစ်တွင် ကျောင်းထွက်သည်။ ထို့နောက် ဝိဇာစာမေးပွဲကို ဖြေဆိုအောင်မြင်သည်။ နောင် ဆေးပညာ ပြန်လည်သင်ယူပြီး ဆရာဝန်ဘွဲ့ ရခဲ့သည်။ ရန်ကုန် တက္ကသိုလ် အင်္ဂလိပ်စာဌာနတွင် နည်းပြဆရာမအဖြစ်လည်း အမှုထမ်းဖူးသည်။
    ၁၉၅၃ ခုနှစ်တွင် ဘဏ်မန်နေဂျာ ဦးတင်မြနှင့် အိမ်ထောင်ပြုသည်။ သားသမီး ၆ ဦး ထွန်းကားသည်။ ၁၉၇၂ ခု၊ ဒီဇင်ဘာလတွင် အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွာသွားသည်။ ယခုအခါ အင်္ဂလန်ပြည်တောင်ပိုင်းသို့ ပြောင်းရွှေ့ နေထိုင်ကာ ဆရာဝန်အဖြစ် အသက်မွေးဝမ်းကျောင်းပြုလျက်ရှိသည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း စစ်ပြေးရင်း ကွမ်းခြံကုန်းမြို့ရှိ စာရေးဆရာကြီးများထံတွင် စာပေရေးရာမျာ း ဆည်းပူးခဲ့သည်။ တာရာမဂဇင်းတွင် ကဗျာများ စတင်ရေးသားသည်။ ၁၉၄၇ ခုနှစ်ထုတ် တာရာမဂဇင်းအတွဲ (၁) အမှတ် (၄) ပါ "ထိုည" ဝတ္ထုတိုသည် ပထမဆုံး ပုံနှိပ် ဝတ္ထုဖြစ်သည်။ ကေဖွဲ့ဆိုသီ(၁၉၆၃)၊ မီ(၁၉၆၀၊၁၉၉၅)၊ တမ်းတတတ်သည်(၁၉၆၁၊၁၉၉၅)၊ ဖုန်းသက်တိုင်(၁၉၆၄)၊ ကျွန်မပညာသည်(၁၉၆၁)၊ မောင်၊ကိုကိုနှင့် မြနနာ(၁၉၇၃၊၁၉၉၃)၊ မေတ္တာမီးအိမ်(၁၉၈၀၊၁၉၉၄)၊ အပြင်ကလူ(၁၉၉၆)၊ ကြည်အေး၏ကဗျာများ(၁၉၉၀၊၁၉၉၂)တို့မှာ အထူးထင်ရှား၏။ တောတောင်ရေမြေ(၁၉၅၅)နှင့်  မာန(၁၉၉၄)တို့ကိုလည်း ဘာသာပြန်ခဲ့သည်။
    မမိုးသူ ကလောင်အမည်ဖြင့် အင်္ဂလိပ်ဘာသာ ဆောင်းပါးများ ရေးသည်။ ဝတ္ထု၊ ကဗျာ၊ ဂီတနှင့် ပန်းချီတွင် ဝါသနာထုံသည်။

Comments

Popular posts from this blog

ကိတ်ဝင်းစလက်၏ အနုပညာခရီး

အာနာပါနကမ္မဌာန်းရှုမှတ်နည်း

မဂ္ဂင် ၈ ပါး