Man Booker ဆု ဆိုသည်မှာ
"Man Booker ဆု ဆိုသည်မှာ"
Booker ဆုရယ်လို့ သတ်မှတ်ကြစဉ် ခရစ်သက္ကရာဇ် ၁၉၆၉ ခုနှစ် ကတည်းက စံနှုန်းတစ်ခုပဲရှိခဲ့ပါတယ်။ အဲဒါကတော့ အဆိုပါဆုဟာ ဆုရွေးချယ်ရေး အဖွဲ့ဝင်တွေရဲ့ ဆုံးဖြတ် ချက်နဲ့ အတည်ပြုရွေးချယ် ထားတဲ့ အကောင်းဆုံးဝတ္ထု အတွက် ဖြစ်ရမယ်ဆို တာပါပဲ။ ကနဦးကာလမှ နောင် (၄၅)နှစ်ကြာသည် အထိလည်း အဆိုပါစည်းမျဉ်းဟာ အဓိကအချက် အနေနဲ့ သက်ရောက်မှုရှိခဲ့ပါတယ်။
ခရစ်သက္ကရာဇ် ၂၀၀၆ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ဆုရွေးချယ်ရေးအဖွဲ့ရဲ့ စာပေညွှန်ကြားရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သူ အိုင်ရွန်တရီဝင် (Ion Trewin) ကတော့ Man Booker ဆုနဲ့ပတ်သက်လို့ အခုလို ပြောပြခဲ့ ပါတယ် “ကိုယ်တိုင်ရေးဝတ္ထုတွေရဲ့ အရည်အသွေးကို တိုင်းတာပြီး ပေးအပ်တဲ့ ဆုဖြစ်သလို ဒါဟာလည်း ဆုအဖြစ်ပေးအပ်ရခြင်းရဲ့ ဘယ်တော့မှ မပြောင်းလဲမယ့် အဓိကရည်ရွယ်ချက် ဖြစ်ပါ တယ်။ စိတ်ကူးယဉ်ဝတ္ထုများကို ဖတ်ရှုလေ့လာခြင်း တိုးတက်စေဖို့နဲ့ စာဖတ်ပရိတ်သတ် တွေရဲ့ ကောင်းမွန် တဲ့ အကဲဖြတ်နိုင်စွမ်းကို ဆွဲဆောင် စေဖို့ ရည်ရွယ်ခဲ့ပါတယ်။”
ဆုများကို ကြေညာတဲ့အခါမှာလည်း မီဒီယာကတစ်ဆင့် အသေးစိတ်ရှင်းပြ ပေးခဲ့ပါတယ်။ “တကယ့်အောင်မြင်မှုက ဆုရစာအုပ်တွေရဲ့ ရောင်းအား သိသိသာသာ တက်လာတာပဲ ဖြစ်လိမ့်မယ်။ အစပိုင်းကတော့ ဇကာတင်စာရင်းဝင်တဲ့ စာရေးဆရာတွေက အတိုင်းအတာတစ်ခု အထိ အကျိုးခံစားရမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ နိုင်ငံတစ်ဝန်းလုံးက စာရေးဆရာတွေအထိပါ အကျိုးခံစားရမှာ ဖြစ်ပါတယ်” ။ “ ကျွန်တော် တို့ဆုရွေးချယ်ရေးအဖွဲ့ဝင်တွေဟာ စာအုပ်အညွှန်း ရေးသားကြသူတွေ နဲ့ စာရေးဆရာတွေ အပေါ် အမြင် မကျဉ်းမြောင်းကြပါဘူး။ ဒါပေမယ့် ကဗျာဆရာတွေ၊ နိုင်ငံရေးပညာရှင်တွေ၊ ဂျာနယ်လစ်တွေ၊ အစီစဉ် တင်ဆက်သူတွေ ၊ သရုပ်ဆောင်တွေနဲ့ တက္ကသိုလ်ဆရာ တွေ ဆုရွေးချယ်ရေး အဖွဲ့မှာ ပါဝင်လာတဲ့ နှစ်တွေ မှာတော့ တစ်မျိုးတစ်ဖုံစဉ်းစားရွေးချယ်ကြပါတယ်။ စောနကပြောခဲ့တဲ့ စာဖတ်သူတွေရဲ့ ကောင်းမွန်တဲ့ အကဲဖြတ်နိုင်စွမ်းဟာ ဆုရွေးချယ်ခြင်း အကြောင်းတရား များစွာထဲက အဓိက သော့ချက်ဆိုတာကို ကျွန်တော် ယုံကြည်ပါတယ်။” လို့ တရီဝင် ကဆိုပါတယ်။
“ဆုတွေ စတင်ပေးအပ်ပြီး (၆)နှစ်မြောက် ၁၉၇၄ ခုနှစ်မှာ ကျွန်တော်သဘာပတိ အနေနဲ့ ရွေးချယ်ခဲ့ကြတုန်းက ထူးထူးခြားခြား နှစ်ဆုခွဲပေးခဲ့ရပါတယ်။ Nadine Gordimer ရဲ့ The Conservationist နဲ့ Stanley Middleton ရဲ့ Holiday စာအုပ်နှစ်အုပ်ကို ပေးအပ်ခဲ့ တာဖြစ်ပါတယ်။” (၈)နှစ်ကြာမှာ ဆုရခဲ့တဲ့ Thomas Keneally ရဲ့ Schindler’s Ark စာအုပ်ဟာ အင်္ဂလန်နိုင်ငံ မှာ အုပ်ရေ (၂)သန်းခန့် ပုံနှိပ်ရောင်းချခဲ့ရပါတယ်။ “ကျွန်တော် ၂၀၁၅ ကစပြီး စာပေညွှန်ကြားရေးမှူးအနေနဲ့ တာဝန်စ ယူတဲ့အချိန်အထိ ဆုရွေးချယ်ရေးအပိုင်းမှာ တက်တက်ကြွကြွ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်” လို့ တရီဝင်က ဆိုပါတယ်။
အင်္ဂလန်နိုင်ငံမှာ ထုတ်ဝေပြီး အင်္ဂလိပ်စာနဲ့ပုံနှိပ်ထားတဲ့ အကောင်းဆုံးဝတ္ထုကို ၁၉၆၉ ခုနှစ်မှာ ပထမဆုံးသော Man Booker ဆုအဖြစ်စတင်ကြေညာ ခဲ့တာဖြစ်ပါတယ်။ Man Booker လို့ အမည်ပေးထားရတာကတော့ ထူးဆန်းသလို ထင်ရပါတယ်။ တကယ်တော့ အမျိုးသား၊ အမျိုးသမီး ခွဲခြားထားတာမဟုတ်ပါဘူး။ ၂၀၀၂ ခုနှစ်ကစတင်ပြီး ဆုကြေးငွေအတွက် နှစ်စဉ်ထောက်ပံ့လာခဲ့တဲ့ Man Group လို့ အမည်ရတဲ့ အဖွဲ့ကြီးကို အစွဲပြုပြီး Man Booker ဆုရယ်လို့ အမည်တွင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါဆုရဲ့ အရည်အသွေးကို ထိန်းညှိုနိုင်စေရန် အတွက် ဆုရွေးချယ်ရေးအဖွဲ့မှာ စာအုပ်အညွှန်း ရေးသားသူတွေ၊ စာရေးဆရာတွေ၊ တက္ကသိုလ်ဆရာတွ၊ ကဗျာဆရာတွေ၊ နိုင်ငံရေးပညာရှင်တွေ၊ သရုပ်ဆောင်တွေကို ထည့်သွင်းခဲ့ကြပြီး စည်းကမ်းချက်များစွာနဲ့ စဉ်းစားရွေးချယ်ခဲ့ကြပါတယ်။ Man Booker ဆုရဲ့ ဆုကြေးအဖြစ် ယူရို (၅)သောင်းပေးအပ်ပြီး ထပ်မံပုံနှိပ်ထုတ်ဝေတဲ့အခါမှာ စာအုပ်ဒီဇိုင်းပညာ ရှင်ကြေး အဖြစ် ယူရို ၂၅၀၀ တန်ချက်လက်မှတ်ကိုလည်း ပေးအပ်ပါတယ်။ ဆုရတဲ့ စာအုပ်တွေဟာလည်း အင်္ဂလန်နိုင်ငံတွင်းသာမက ကမ္ဘာအနှံ့မှာလည်း ရောင်းအားကောင်းလေ့ရှိပါတယ်။
မောင်တင်
Comments
Post a Comment