ကမ္ဘာ့ရုပ်ရှင်စင်မြင့်ပေါ်က ကြယ်တစ်ပွင့်
"ကမ္ဘာ့ရုပ်ရှင်စင်မြင့်ပေါ်က ကြယ်တစ်ပွင့်"
နာမည်ကျော် စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ နဲ့ ရုပ်ရှင်ထုတ်လုပ်သူဖြစ်တဲ့ ဖရန့်ဒါရာဘွန့် (Frank Darabont) ကို ၁၉၅၉ ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်နေ့တွင် ပြင်သစ်နိုင်ငံက ဒုက္ခသည်ရပ်ကွက်တစ်ခုမှာ မွေးဖွားခဲ့ပါတယ်။ သူတို့မိသားစုဟာ ဖရန့်မွေးကင်းစအရွယ်ကတည်းက လော့စ်အိန်ဂျလီကို ပြောင်းရွှေ့နေထိုင်ခဲ့တာဖြစ်တဲ့အတွက် ပညာရေးကိုတော့ ဟောလိဝုဒ်အထက်တန်း ကျောင်းမှာပဲ တက်ရောက်သင်ယူခဲ့ပါတယ်။
အတန်းပညာရေးလမ်းကြောင်းကို ဆက်မလျှောက်ခဲ့တဲ့ ဖရန့်ဟာ ရုပ်ရှင်လောကထဲကို ဝင်ရောက် ခဲ့ပါတယ်။ ပထမဆုံးသော အနပညာလှုပ်ရှားမှုအဖြစ် ၁၉၈၁ ခုနှစ်မှာ Hell Night လို့အမည်ရတဲ့ ရုပ်ရှင် တစ်ခုကို လက်ထောက်ထုတ်လုပ်သူအဖြစ် စတင်လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက် စာရေးဆရာအဖြစ် ရုန်းကန်နေရချိန် (၆)နှစ်တာကာလအတွင်း ရိုက်ကွင်းဒီဇိုင်နာအဖြစ်လည်းကောင်း၊ ရိုက်ကွင်းတာဝန်ခံ အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့ပါတယ်။
ဖရန့်ပထမဆုံး ဇာတ်ညွှန်းရေးသားခဲ့တဲ့ ရုပ်ရှင်ကတော့ ၁၉၈၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ A Nightmare on Elm Street 3: Dream Warriors ပဲဖြစ်ပါတယ်။ အဲဒီနောက် ၁၉၈၈ ခုနှစ်တွင် The Blob၊ ၁၉၈၉ ခုနှစ်တွင် The Fly II တို့ကို ဇာတ်ညွှန်းရေးသားခဲ့ပြီး၊ ဒါရိုက်တာဘဝဖြင့် ၁၉၉၀ ခုနှစ်မှာ Buried Alive ကိုစတင်ရိုက်ကူးခဲ့ပြီး အမြင့်ဆုံးစံချိန်ကို ရရှိခဲ့ပါတယ်။
နာမည်ကျော်စာရေးဆရာ စတီဖင် ကင်းရဲ့ ဝတ္ထုဖြစ်တဲ့ The Woman in the Room ကိုလည်း ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ပါတယ်။ Tales From the Crypt လို့အမည်ရတဲ့ ရုပ်သံဇာတ်လမ်းတွဲများမှာ သရုပ်ဆောင်အဖြစ် လုပ်ကိုင်ပြီးချိန်မှာ ဇာတ်ညွှန်းတွေ ရေးသားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၉၁ ခုနှစ်မှာ Young Indiana Jones ဇာတ်လမ်းတွဲများမှာကို ရေးသားနိုင်ခဲ့ပါတယ်။
ကမ္ဘာ့ရုပ်ရှင်သမိုင်းမှာ အကြီးမားဆုံးအောင်မြင်တဲ့ ရုပ်ရှင်ကားတွေထဲက တစ်ခုဖြစ်တဲ့ The Shawshank Redemption လို့အမည်ရတဲ့ ရုပ်ရှင်ကားကြီးကို ၁၉၉၄ ခုနှစ်မှာ ဇာတ်ညွှန်းရေးသူအဖြစ်ရော၊ ဒါရိုက်တာ အဖြစ်နဲ့ပါ ဦးစီးရိုက်ကူးနိုင်ခဲ့ပါတယ်။ နာမည်ကျော်ရုပ်ရှင်သရုပ်ဆောင်များဖြစ်ကြတဲ့ Tim Robbins နဲ့ Morgan Freeman တို့ပါဝင်သရုပ်ဆောင်ထားတဲ့ အဆိုပါရုပ်ရှင်ဟာ ဆုပေါင်းများစွာကို သိမ်းပိုက်နိုင်ခဲ့သလို ဖရန့်ဟာလည်း အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆု အပြင် ဆုပေါင်းများစွာအတွက် ဇကာတင်ရွေးခြယ်စာရင်းဝင်ခဲ့ပါတယ်။
၁၉၉၄ ခုနှစ်မှာပဲ အောင်မြင်မှုသိပ်မရခဲ့တဲ့ မာရီရှယ်လီ ရဲ့ Frankenstein ကို ဆက်လက်ရိုက်ကူးခဲ့ပါတယ်။ အဲဒီနောက် ၁၉၉၈ ခုနှစ်မှာ ကမ္ဘာကျော် ရုပ်ရှင်ကား တစ်ကားဖြစ်တဲ့ Saving the Private Ryan မှာလည်း ဇာတ်ညွှန်းရေးသူ အဖြစ် လုပ်ဆောင်ခဲ့ ပါတယ်။ ၁၉၉၉ ခုနှစ်မှာ ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ The Green Mile လို့အမည်ရတဲ့ ရုပ်ရှင်ကားကြီးကလည်း ဖရန့်ကို အောင်မြင်မှုဆီ ခေါ်ဆောင်နိုင်ခဲ့ပြန်ပါတယ်။ နာမည်ကျော် စာရေးဆရာ စတီဖင် ကင်း ရဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့တာဖြစ်ပြီး သရုပ်ဆောင် တွမ်ဟမ့်ရဲ့ နာမည်ကြီး ရုပ်ရှင်ကား တစ်ကားလည်း ဖြစ် ပါတယ်။ အော်စကာဆု (၄) ဆုရခဲ့တဲ့ အဆိုပါ ရုပ်ရှင်မှာ ဖရန့်ဟာ အကောင်းဆုံး ဇာတ်ညွှန်းဆုနဲ့ အကောင်းဆုံး ဓာတ်ပုံဆုတို့ကို ရရှိခဲ့ပါတယ်။
ဖရန့် ဒါရာဘွန့်ဟာ အထက်ဖော်ပြပါ ရုပ်ရှင်ဇာတ်ကားများအပြင် အခြားသော ရုပ်သံဇာတ်လမ်း တွဲများ၊ ရုပ်ရှင်များကိုလည်း ဇာတ်ညွှန်းရေးသူအဖြစ် လည်းကောင်း၊ ထုတ်လုပ်သူအဖြစ်လည်းကောင်း၊ သရုပ်ဆောင်အဖြစ်လည်းကောင်း၊ ဒါရိုက်တာအဖြစ် လည်းကောင်း စွယ်စုံ လုပ်ကိုင်နေသူတစ်ဦး ဖြစ်ပါတယ်။
မောင်တင်
Comments
Post a Comment