လေးစားကြရာဝယ်
လေးစားကြရာဝယ်
တစ်ယောက်ရဲ့အတွေးအမြင်ကို တစ်ယောက်အား ဖွင့်ဟဆွေးနွေးတတ်သော အကျင့်ရှိသူများ ဖြစ်သည့်အတွက် ကျွန်တော်တို့ မိတ်ဆွေတစ်စု အားလပ်ချိန်မှာ စကားဝိုင်းလေးဖွဲ့ဖြစ်ပါသည်။ စကားဝိုင်း ဟုဆိုသော်လည်း အပြင်မှာ လူချင်းတွေ့ဆုံပြောဆိုကြသည်မဟုတ်ပါ။ အင်တာနက်လိုင်းကိုသုံး၍ အွန်လိုင်း ပေါ်တွင်ပဲ ဆွေးနွေးကြခြင်းဖြစ်ပါသည်။ ဒါသည်ကိုပဲ ခေတ်မီခြင်းလို့ ခေါ်မလား ကျွန်တော်တို့တွေ အတော် လေး ပြောဖြစ်ခဲ့ကြပါတယ်။ ဒီတစ်ခါမှာပြောဖြစ်ကြတာတော့ တစ်ယောက်ချင်းစီရဲ့ လေးစားခြင်းကိုခံရသူ တွေအကြောင်းပါ။ အဆိုပါပွဲမှာတော့ ကျွန်တော်က နားထောင်သူသက်သက် ဖြစ်ခဲ့ပါတယ်။
မိတ်ဆွေတစ်ယေက်က ဒီလိုပြောပါတယ်။ “ ကျွန်တော်ကတော့ဗျာ လူတိုင်းကို မလေးစားတတ်ဘူး။ ကျွန်တော်လေးစားတဲ့သူရယ် ကျွန်တော်ရှုံှု့ချတဲ့သူရယ်ဆိုပြီး သပ်သပ်စီရှိတယ်။ နောက်ပြီး ကျွန်တော်က တစ်ခါလေးစားမိပြီဆို အမြဲလေးစားပြီးသားပဲ။ တစ်ခါလောက် ကျွန်တော် သဘောမကျတာတွေ့လို့ ရှုံ့ချမိ ရင်လည်း ဘယ်တော့မှ မလေးစားတော့ဘူး” လို့ပြောပါတယ်။
နောက်တစ်ဦးကတော့ “ ကျွန်တော်ကတော့ အဲလိုမဟုတ်ဘူးခင်ဗျ။ ကိုယ့်ထက်တော်တဲ့ တတ်တဲ့ သူဆို လေးစားလိုက်တာပဲ။ ဘယ်သူရယ် ဘယ်ဝါရယ် မခွဲဘူးဗျ။ နောက်တစ်ခုက ကျွန်တော် ရှုံ့ချမိတဲ့ သူဆို တာလည်း အတော်နည်းသဗျာ။ မကောင်းမှုကို ကျူးလွန်ကြသူတွေကိုပဲ ကျွန်တော်က ရှုံ့ချတတ်တာ “ လို့ ပြောပါတယ်။
မိတ်ဆွေ နောက်တစ်ယောက်ကတော့ ဒီလိုပြောလေရဲ့။ “ ကျွန်တော် အရင်တုန်းကတော့ ခင်ဗျား တို့ နှစ်ယောက်လိုပါပဲဗျာ . ။ ဒါပေမယ့် အခုတော့ ပြောင်းသွားပြီခင်ဗျ။ အရင်တုန်းက ကျွန်တော် တစ်ယောက်ယောက်ကို လေးစားမိ ၊ သဘောကျမိပြီဆိုရင် သူ့မကောင်းကြောင်းလာပြောတာတောင်မှ လက်မခံနိုင်၊ လက်မခံချင်ဘူးဗျာ။ ရှုံ့ချမိပြီဆိုလည်း နောင်ဆို ဟင့်အင်း လုပ်ခဲ့တာဗျ။ အခုဒီလိုမဟုတ်တော့ ဘူးဗျာ။ အခုတော့ ကျွန်တော်လေးစားရတဲ့ သူတွေ မကောင်းကြောင်းလာပြောလည်း လက်ခံတယ်ဗျာ။ လူဆိုတာ အမှားနဲ့ ဘယ်ကင်းနိုင်မလဲ မဟုတ်လား။ သူတစ်ယောက်လုံးကို တစ်နည်းအားဖြင့် သူပြုသမျှကို လေးစားတာထက် ကောင်းကွက်တွေကိုပဲရှာလေးစားတတ် သဘောကျတတ်လာတယ်ဗျာ။ ရှုံ့ချလိုက်ရင် လည်းဒီလိုပဲ။ ကျွန်တော်ပြောခဲ့သလိုပဲ အမှားမကင်းကြသူတွေပီပီ ဘ၀ တစ်လျှောက်လုံး အမှားတွေဆိုတာ သေးသေးကြီးကြီး ကျွန်တော်တို့လည်း ပြုမိကြတာပဲ မဟုတ်လား။ ဒဏ်ရာ ဗရပွနဲ့ပါ ဆိုသလိုပေါ့လေ။ ကောင်းကွက်တွေကို ရှာလေးစားယူတတ်လာပြီး ဆိုးကွက်တွေကို ရှုံ့ချရှောင်ဖယ်တတ်လာတယ်ဗျာ။ အမှား တွေ၊ အမှန်တွေထဲက သင်ခန်းစားယူတယ်ဆိုတာ အမြတ်ပဲမဟုတ်လား” လို့ ပြောပါတယ်။
သူတို့တွေ ပြောဆိုနေကြတာတွေ တွေ့ရတော့ ဖတ်ခဲ့ဖူးသော၊ ကြားနာခဲ့ရဖူးသော ဗုဒ္ဓ ချမှတ်ထား ခဲ့တဲ့ စံနှုန်းတွေကို သတိရမိပါတယ်။ ကံ၊ ကံ၏အကျိုးကို ယုံကြည်လက်ခံကြတဲ့ ဗုဒ္ဓဘာသာဝင်များအတွက် ဒုစရိုက် (၁၀) ပါး ဆိုတာ ရှိပါတယ်။ အဲဒါတွေကတော့ ကာယဒုစရိုက် (၃) ပါး၊ ဝစီဒုစရိုက် (၄)ပါး၊ မနောဒုစရိုက် (၃)ပါး တို့ ဖြစ်ပါတယ်။ ဒါတွေကို လုပ်ရင် အကုသိုလ်ဖြစ်တယ်ပေါ့လေ။ ထို့အတူပဲ သုစရိုက် (၁၀)ပါးဆိုတာလည်း ရှိပါတယ်။ သုစရိုက်တွေကို ပြုသူဟာ ကုသိုလ်ဖြစ်တယ်ပေါ့ဗျာ။ သုစရိုက်တွေကို ဆောင်နိုင်တဲ့သူ ဒုစရိုက် တွေကို ရှောင်နိုင်တဲ့သူတွေကို သူတော်ကောင်းတွေလို့ သတ်မှတ်ရမှာပါ။ တစ်နည်းအားဖြင့် ထိုသူတွေ ပြု သောအမှု ၊ ပြောသော စကား ၊ တွေးသော အတွေးများကလည်း လေးစားစရာတွေပဲ ဖြစ်နေမယ် ထင်ပါတယ်။
ဒီလိုနဲ့ ဘယ်သူတွေကို လေးစားကြရမလဲဆိုတဲ့ စကားဝိုင်းကနေ ဘယ်လိုလူတွေဟာ လေးစား စရာလူတွေလဲ ၊ လေးစားဖွယ်သူတွေဆိုတာ ဘယ်လိုပြောဆို ၊ ပြုမူ၊ ကျင့်ကြံကြသလည်း ဆိုတာကို ဗုဒ္ဓချ မှတ်ထားခဲ့တဲ့ စံနှုန်းတွေနဲ့ တိုက်ဆိုင်ကြည့်ပြီး ကိုယ် ကိုယ်တိုင်လည်း လေးစားလောက်ဖွယ်လူဖြစ်အောင် တစ်နည်းအားဖြင့် ကိုယ့်ကိုယ်ကို ပြန်ပြီး လေးစားနေရအောင် သတိလေးထားပြီး ပြောဆို ၊ ပြုမူ၊ ကျင့်ကြံမှပဲ ဆိုတာကို တွေးမိနေပါတော့တယ်။
မောင်တင်။
မောင်တင်
Comments
Post a Comment