ခေတ်သစ်အနာထပိဏ်သူဌေးကြီး
ခေတ်သစ်အနာထပိဏ်သူဌေးကြီး
ကျွန်တော်တို့ရဲ့ ဗုဒ္ဓစာပေကို လေ့လာကြတဲ့အခါ အနာထပိဏ်သူဌေးကြီးဆိုတာ မပါမဖြစ် ပါပဲ။ အလှူအတန်းရက်ရောသူ အဖြစ်နဲ့ နာမည်ကျော်ကြားခဲ့တဲ့ သူပါ။ Academic Weekly စာဖတ်ပရိတ်သတ် အတွက် ဒီတစ်ပါတ်မှာရွေးချယ်ထားတဲ့အကြောင်းအရာကတော့ ခေတ်သစ်အနာထပိဏ်သူဌေးကြီး ဘီလ်ဂိတ်အကြောင်းပါပဲ။ ကိုယ်ရေးကိုယ်တာအကြောင်းကို ပြောပြမှာ မဟုတ်ပဲ သူတည်ထောင်ထားတဲ့ Bill and Melinda Gate foundation အကြောင်းပဲ ဖြစ်ပါတယ်။
ဘီလ်ဂိတ်တို့ ဇနီးမောင်နှံ နှစ်ဦးတည်ထောင်ထားတဲ့ အဆိုပါ ဖောင်ဒေးရှင်းကြီးရဲ့ အလှူအတန်း ရက်ရောမှုကတော့ အံ့မခန်းပါပဲ။ ရုံးချုပ်တည်နေရာကတော့ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့မှာပဲ ဖြစ်ပါတယ်။ ကမ္ဘာအနှံ့ ရုံးခွဲများလည်းဖွင့်လှစ်ထားပြီး ဝန်ထမ်း ပေါင်း ၁၄၅၃ ယောက်နဲ့လည်ပတ်နေပါတယ်။ ဖောင်ဒေးရှင်းကြီးရဲ့ ဥက္ကဌကတော့ ဘီလ်ဂိတ်တို့ရဲ့ ဖခင် ဆာဝီလျံ ဂိတ် ဖြစ်ပါတယ်။ ဘီလ်ဂိတ်နဲ့ ဇနီးဖြစ်သူ မယ်လင်ဒါ ဂိတ်တို့နှစ်ဦးကတော့ တွဲဖက်ဥက္ကဌတွေဖြစ်ကြပါတယ်။
ဖောင်ဒေးရှင်းကြီးမှာမြှုပ်နှံထားတဲ့ ငွေပဒေသာပင် စုစုပေါင်းကတော့ ဒေါ်လာ ၄၀ ဒသမ ၃ ဘီလီယံ ဖြစ်ပါတယ်။ စတင်တည်ထောင်ချိန်မှ ယနေ့အချိန်ထိ ဒေါ်လာ ၄၁ ဒသမ ၃ ဘီလီယံကျော် လှူဒါန်းထားပါတယ်။
ဘီလ်ဂိတ်နဲ့ မယ်လင်ဒါဂိတ် ဖောင်ဒေးရှင်း စတင် ပေါ်ပေါက်လာပုံကတော့ ဒီလိုပါ။ ၁၉၉၇ ခုနှစ် တစ်မနက်မှာ ဘီလ်ဂိတ်တို့ ဇနီးမောင်နှံဟာ “For Third World, Water Is Still a Deadly Drink” ဆိုတဲ့ဆောင်းပါးတစ်စောင်ကို ဖတ်မိပါသတဲ့။ ဆောင်းပါးကတော့ ဆင်းရဲတဲ့ နိုင်ငံတွေက လူဦးရေသန်းနဲ့ချီ ကလေးငယ်တွေဟာ သောက်သုံးရေ မသန့်ရှင်းမှု ကြောင့်သေဆုံးနေရကြောင်းကို အဓိကဖော်ပြ ထားတာပါ။ အဆိုပါဆောင်းပါးကို ဖတ်ပြီးတဲ့အခါ ဖခင်ကြီး ဆာဝီလျံဂိတ်ဆီ “ကျွန်တော်တို့တော့ ဒါနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်မှရမယ် အဖေရေ” လို့ပေးပို့ပြောကြားခဲ့ပါ တယ်။
အဲဒီနောက် ဘီလ်ဂိတ်ဟာ အိန္ဒိယနိုင်ငံကို ဦးစွာ သွားရောက်ခဲ့ပြီး ကလေးငယ်များအတွက် ပိုလီယို ကာကွယ်ဆေးတွေ ပေးအပ်လှူဒါန်းခဲ့ပါတယ်။ အင်တာဗျူးတစ်ခုမှာလည်း ပိုလီယိုကင်းစင်တဲ့ ကမ္ဘာဖြစ် လာအောင် ဖော်ဆောင်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဖောင်ဒေးရှင်းကြီးရဲ့ ဒုတိယခြေလှမ်းအဖြစ် အမေရိကန် တစ်နိုင်ငံလုံးရဲ့ စာကြည့်တိုက်အားလုံးမှာ အင်တာနက် လိုင်းရရှိစေရန်အတွက် ဒေါ်လာ သန်း ၂၀၀ ကျော် လှူဒါန်းခဲ့ပါတယ်။
၁၉၉၈ ခုနှစ်ကိုရောက်တဲ့အခါ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ ကလေးတိုင်း ကာကွယ်ဆေးတွေရရှိစေဖို့ ဒေါ်လာ သန်း ၁၀၀ ကျော် လှူဒါန်းခဲ့ပြန်ပါတယ်။ ၁၉၉၉ ခုနှစ်မှာ ပညာသင်ဆုများ ပေးအပ်ဖို့စတင်စီစဉ်ခဲ့ပြီး သိပ္ပံဘွဲ့နဲ့ အခြားသော ဘွဲ့များ မှာ ပညာသင်စရိတ်လိုအပ်သူ ကျောင်းသား ကျောင်းသူ များကို ပညာသင်စရိတ်များ စတင်ထောက်ပံ့ပေးနိုင်ခဲ့ ပါတယ်။ အဆိုပါ နှစ်ကတည်းက ဘီလ်ဂိတ်တို့ ဖောင်ဒေးရှင်းက လှူဒါန်းတဲ့ ကာကွယ်ဆေးများကြောင့် ဖွံ့ဖြိုးဆဲ နိုင်ငံ ၇၀ ကျော်က ကလေးတွေရဲ့ အသက်ပေါင်း များစွာကို ကယ်တင်ကာကွယ်နိုင်ခဲ့ပါတယ်။
၂၀၀၀ ပြည့်နှစ်မှာတော့ ဖောင်ဒေးရှင်းကြီးကို စနစ်တကျ စတင်တည်ထောင်နိုင်ခဲ့ပြီး ဝါရှင်တန်မြို့က အိမ်ခြေယာမဲ့ များအတွက် အိမ်ပေါင်း ၁၅၀၀ ကျော်ဆောက်လုပ်လှူဒါန်းကာ ဘဝတွေကို မြှင့်တင်ပေးနိုင် ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်ကိုရောက်တဲ့ အခါ ဒေါ်လာ သန်းပေါင်း ၂၄၀ ကျော်ရင်းနှီးမြှုပ်နှံထားတဲ့ စာကြည့်တိုက်ကွန်ယက်ကို အောင်မြင်စွာ ဖော်ဆောင်နိုင် ခဲ့ပါတယ်။ အမေရိကန်တစ်နိုင်ငံလုံးမှာ ရှိတဲ့ စာကြည့်တိုက် အားလုံးကို အချင်းချင်းချိတ်ဆက်အသုံးပြုနိုင်ပြီး၊ အင်တာနက်လိုင်းများလည်း ရရှိကာ၊ ကွန်ပျူတာ လေ့ကျင့် သင်ကြားရေးသင်တန်းများကိုလည်း ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ အဲဒီနောက် အိန္ဒိယနိုင်ငံမှာ HIV/AIDS ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့ပါတယ်။
၂၀၀၅ ခုနှစ်မှာတော့ ချီလီ၊ မက်ဆီကို၊ ဘော့စ်ဝါနာ၊ လစ်သန်းနီးယား၊ လစ်ဗျား၊ ရိုမေးနီးယား၊ ယူကရိန်း၊ ပိုလန်၊ ဘူဂေးရီးယားနဲ့ ဗီယက်နမ်စတဲ့ နိုင်ငံများက စာကြည့်တိုက်များမှာ ကွန်ပျူတာနဲ့ အင်တာ နက်လိုင်းများတပ်ဆင်ပေးနိုင်ခဲ့ပါတယ်။ ထို့အပြင် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက် ကာကွယ်ဆေး၊ ကုသဆေးများ၊ ခြင်အန္တရာယ်ကာကွယ်ရေးလုပ်ငန်း များမှာ အသုံးပြုဖို့ ဒေါ်လာ ၂၅၈ သန်းကိုထောက်ပံ့လှူဒါန်းပေးခဲ့ ပါတယ်။
၂၀၀၆ ခုနှစ်မှာတော့ ဝါရန်းဘက်ဖက် အမည်ရ သူဌေးကြီးကလည်း ဖောင်ဒေးရှင်းအတွက် ဒေါ်လာ ၃၀ ဘီလီယံကျော် ထည့်ဝင်လှူဒါန်းသွားခဲပါတယ်။ ထို့နောက် အာဖရိကဒေသတွေမှာ Green Revolution အမည်ရတဲ့ စီမံကိန်းတစ်ခုကို စတင်ဖော်ဆောင်ခဲ့ပြီး ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးကို အင်တိုက်အားတိုက်လုပ်ဆောင်ခဲ့ပါ တယ်။
၂၀၀၇ ခုနှစ်ကိုရောက်တဲ့အခါ ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုအသစ်တွေအတွက် နည်းပညာကဏ္ဍဘက်ကနေ ကူညီကာကွယ်ပေးမယ့် သိပ္ပံရှင်များအတွက် ဒေါ်လာသန်း ၁၀၀ ကျော်ကို လှူဒါန်းခဲ့ပါတယ်။ အာရှဒေသဖွံ့ဖြိုးရေး အတွက် ရုံးခွဲတစ်ခုကို ဘေကျင်းမှာ ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီနောက် ပိုလီယိုရောဂါ တိုက်ဖျက်ရေးလုပ်ဆောင်လျက် ရှိတဲ့ ရိုထရီ နိုင်ငံတကာ အဖွဲ့စည်းကိုလည်း ဒေါ်လာ သန်း ၂၀၀ ကျော်ပေးအပ်လှူဒါန်းခဲ့ပြန်ပါတယ်။
၂၀၀၈ ခုနှစ်မှာတော့ဖောင်ဒေးရှင်းအလုပ်တွေကို ဖိဖိစီးစီးလုပ်ဆောင်နိုင်ဖို့ ဘီလ်ဂိတ်ဟာ မိုက်ခရိုဆော့ ကနေ နုတ်ထွက်ခဲ့ပါတယ်။
၂၀၀၉ ခုနှစ်မှာ အမေရိကန်ပညာရေးအတွက် ဒေါ်လာသန်း ၂၉၀ ကျော်လှူဒါန်းခဲ့ပြီး၊
၂၀၁၀ ခုနှစ်ကိုရောက်တဲ့အခါ တစ်ကမ္ဘာလုံးက ကျောင်းသားတွေ အွန်လိုင်းပေါ်ကနေ ပညာရပ်တွေကို သင်ကြားနိုင်ဖို့ ဒေါ်လာသန်း ၂၀ ကျော်ကို ရင်းနှီးမြှုပ်နှံခဲ့ ပြန်ပါတယ်။
ဒါတွေဟာ အကျဉ်းချုပ်အနေနဲ့ပဲ ရှိပါသေးတယ်။ ဖောင်ဒေးရှင်းကြီးစတင်တည်ထောင်ချိန်ကနေ ယနေ့အချိန်အထိ လှူဒါန်းမှုတွေကတော့ ဖော်ပြလို့ မကုန်နိုင်အောင်ပါပဲ။ ပညာရေး၊ ကျန်းမာရေး၊ နည်းပညာ စတဲ့ နယ်ပယ်ကဏ္ဍ အသီးသီးမှာ အံ့သြလောက်ဖွယ်ရာလှူဒါန်းမှုတွေကို စဉ်ဆက်မပြတ်ပြုလုပ်လာခဲ့တဲ့ ဘီလ်ဂိတ်နဲ့ မယ်လင်ဒါဂိတ်ဖောင်ဒေးရှင်းကြီး အဓွန့်ရှည် တည်တံ့ပါစေကြောင်းဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။
မောင်တင်
Comments
Post a Comment