ကော်ဖီတစ်ခွက်ရဲ့ ရာဇဝင်
ကော်ဖီတစ်ခွက်ရဲ့ ရာဇဝင်
ကော်ဖီဆိုင်အများစုက အေးအေးချမ်းချမ်းတွေပါပဲ။ ဒါပေမယ့် မြောက်ကယ်ရိုလင်းနားပြည်နယ်၊ ဝယ်မင်တန်မြို့က Bitty & Beau ကော်ဖီဆိုင်လေးကတော့ နွေးနွေးထွေးထွေးတယ်လို့ လူသိများကြ ပါတယ်။ ဒီလိုမျိုးနာမည်ကျော်တဲ့ အကြောင်းကတော့ ဆိုင်လေးရဲ့ အံ့သြဖွယ်ရာ ဝန်ဆောင်မှုကြောင့်ပါပဲ။
ကော်ဖီဆိုင်ရဲ့ ဝန်ထမ်းအကုန်လုံးလိုလိုဟာ Down Syndrome၊ Autism ၊ Cerebral Palsy စတဲ့ မွေးရာပါရောဂါသည် များဖြစ်ကြတဲ့ ဉာဏ်ရည်ချို့တဲ့ကြ သူ၊ ဖွံ့ဖြိုးမှုနှေးကွေးကြသူတွေ၊ မသန်စွမ်းကြသူ တွေဖြစ်ကြပါတယ်။ ဝန်ထမ်းအများစုအတွက် အဆိုပါအလုပ်ဟာ ဘဝမှာ ပထမဆုံးလုပ်ခွင့်ရတဲ့ အလုပ်ဖြစ်ကြသလို လုပ်ငန်းခွင်မှာလည်း ပျော်ရွင် ကြပါတယ်။
ကော်ဖီဆိုင်လေးရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဝယ်မင်တန်မြို့သူ အေမီရိုက် မှာ ကလေး လေးယောက်ရှိတဲ့အနက် Beau နဲ့ Bitty ဟာ မျိုးရိုးလိုက် ရောဂါတစ်ခုဖြစ်တဲ့ Down Syndrome ရောဂါသည်လေးတွေ ဖြစ်ကြပါတယ်။ အဲဒီ ကလေးနှစ်ယောက်ကို မွေးပြီးတဲ့အချိန်ကစလို့ ဒီလို မျိုး ကော်ဖီဆိုင်လေးဖွင့်ဖို့ စိတ်ကူးရခဲ့တယ်လို့ ဆိုပါတယ်။ အေမီနဲ့ သူမရဲ့ အမျိုးသားဟာ တစ်ပါးသူတွေ သတိမထားမိတဲ့ ကိစ္စတစ်ခုကို သတိထားမိခဲ့ပါတယ်။ အဲဒါကတော့ ဉာဏ်ရည်ချို့တဲ့သူ၊ မသန်စွမ်းကြသူ များရဲ့ ၇၀ ရာခိုင်နှုန်းဟာ အလုပ်လုပ်ကိုင်ခွင့်မရကြရှာဘူး ဆိုတာပါပဲ။
“အဲလိုမျိုးတွေးမိတဲ့အခါ ကျွန်မတို့နှစ်ယောက် ကော်ဖီဆိုင်လေး ဖွင့်ဖို့ တစ်ဆက်တည်း စဉ်းစားမိခဲ့ပါတယ်။” လို့ အေမီက ပြောပါတယ်။ “သူတို့လေးတွေကို လက်တွဲခေါ်ပြီး ကောင်းမွန်ပြည့်စုံတဲ့ ပတ်ဝန်းကျင် ကောင်းတစ်ခုကို ဖန်တီးပေးသင့်တယ်လို့ ခံယူပါတယ်။ ကျွန်မရဲ့ ဝန်ထမ်းတွေ ဒီကော်ဖီဆိုင်လေးမှာ စားသုံးသူတွေရဲ့ အော်ဒါတွေကို လက်ခံနေတာ၊ ကော်ဖီဝန်ဆောင်မှုပေးနေတာတွေကို မြင်တွေ့ရတဲ့အခါ သူတို့ကိုယ်တိုင် ငါတို့ဘယ်လောက်တော့ လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှု လေးတွေကို ရသွားမယ်လို့ ကျွန်မ ထင်ပါတယ်။ “ လို့ ဆိုပါတယ်။
Beau & Bitty ကော်ဖီဆိုင်လေးကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဖွင့်ဖွင့်ချင်းမှာပဲ ရောင်းမလောက်အောင် ဖြစ်ခဲ့ပါ တယ်။ လူတကာရဲ့ စိတ်ဝင်စားမှုကို ရရှိပြီး နောက် ၆ လောက်အကြာမှာ တော့ စားသုံးသူများပြားလာတဲ့အတွက် နေရာကျယ်ကျယ်ဝန်းဝန်း တစ်ခု ဆီရွှေ့ပြောင်းဖွင့်လှစ်ခဲ့ရပါတယ်။ ယနေ့အခါမှာတော့ ဝယ်မင်တန်မြို့က အဆိုပါကော်ဖီဆိုင်လေးဟာ မသန်စွမ်းသူဝန်ထမ်း ၄၀ ဦးကို အလုပ်ပေး ထားနိုင်ပြီး ဘွဲ့ရ မန်နေဂျာ ၂ ယောက်ကိုတောင် ခန့်အပ်ထားနိုင်ခဲ့ပါပြီ။
“တချို့တလေပဲ ကူညီပေးရတာကလွဲရင် ကျွန်မရဲ့ ဝန်ထမ်းတွေ ဟာ အလုပ်အပေါ်မှာ ကောင်းကောင်းမွန်မွန် စွမ်းဆောင်နိုင်ကြပါတယ်။” လို့ အေမီရိုက်က ပြောပါတယ်။ အဆိုပါကော်ဖီဆိုင်လေးက ရသမျှ အကျိုး အမြတ်ကိုတော့ Able to Work USA လို့ ခေါ်တဲ့ အေမီရိုက်ရဲ့ ပရဟိတ အဖွဲ့ဆီ လှူဒါန်းကြပါတယ်။ “ဒီဆိုင်လေးကို ဖွင့်လှစ်တဲ့အခါ မသန်စွမ်းကြ သူတွေနဲ့ သာမန်လူတွေ ဆက်ဆံပြောဆိုရေး၊ ဆက်သွယ်လုပ်ကိုင်ရေး ကို တွန်းအားပေးသလို ဖြစ်ပါတယ်။” လို့ အေမီက ထပ်ပြောပါတယ်။
၂၀၁၇ အတွက် ရွေးချယ်ထားတဲ့ သူရဲကောင်း ၁၀ ယောက်ကို CNN သတင်းဌာနက ထုတ်ပြန်ကြေငြာခဲ့ပါ တယ်။ အဆိုပါ သူရဲကောင်းဆယ်ယောက်ဟာ ကမ္ဘာကြီးကို ပြောင်းလဲဖို့ သူတို့ ဘဝတွေကို အနစ်နာ ခံခဲ့ကြသူတွေဖြစ်ကြပါသတဲ့။ ဆုကြေးငွေအနေနဲ့ တစ်ယောက်စီကို အမေရိကန်ဒေါ်လာ တစ်သောင်းစီ ချီးမြှင့်ခဲ့တဲ့ အပြင် Annenberg ဖောင်ဒေးရှင်းက ကျင်းပပေးတဲ့ လေ့ကျင့်သင်ကြားရေး အစီစဉ်များမှာလည်း အခမဲ့ တက်ရောက်ခွင့်ရခဲ့ကြပါတယ်။
သူတို့ရဲ့ ရည်မှန်းချက်ဟာ စွန့်ပစ်ခံ ကလေးငယ်တွေအတွက် နေအိမ်ရရှိစေရေး၊ အစားအသောက်ထောက်ပံ့နိုင်ရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုတွေကို နှစ်သိမ့်ပေးနိုင်ရေး စသည်ဖြင့် အမျိုးမျိုးကွဲပြားကြသော်လည်း ပန်းတိုင်ကတော့ တစ်ခုပဲရှိကြပါတယ်။ အဲဒါကတော့ ကောင်းမွန်တိုးတက်သော ဘဝတွေဖြစ်လာ အောင် တည်ဆောက်ပေးနိုင်ရေးပဲ ဖြစ်ပါတယ်။
အဆိုပါ ၁၀ ဦးထဲမှာ အေမီရိုက်လည်း တစ်ယောက် အပါအဝင်ဖြစ်ပါတယ်။ ဒီတစ်ပါတ်မှာတော့ Academic Weekly ပရိတ်သတ်အတွက် Hero of CNN (2017) ရဲ့ ဆုရှင်တစ်ဦးဖြစ်တဲ့ အေမီ ရိုက်နဲ့ CNN သတင်းထောက် ကတ်သလင်းတွန်နာ တို့ရဲ့ အင်တာဗျုးကို ဖော်ပြပေးပါမယ်။
CNN; ကော်ဖီဆိုင်ဟာ မင်းရဲ့ ပထမခြေလှမ်းမဟုတ်ဘူးမလား။ ဒီ မသန်စွမ်းကြသူတွေအတွက် တခြားဘာတွေကူညီထောက်ပံ့ပေးခဲ့သေး သလဲ?
Amy Wright; Beau လေးကိုမွေးပြီးတဲ့အချိန်တုန်းက ကျွန်မနဲ့ ကျွန်မ အမျိုးသားဟာ အထူးဂရုစိုက်မှုကို လိုအပ်တဲ့ ဒီမသန်စွမ်းကလေးတွေရဲ့ ဘဝတွေကို တွေ့မြင်လာခဲ့ပါတယ်။ အဲဒီကတည်းက သူတို့လေးတွေ အတွက် တစ်ခုခုလုပ်ပေးနိုင်ဖို့ကို စဉ်းစားခဲ့ပါတယ်။ အဲဒီနောက် Bitty လေးကို ထပ်မွေးလိုက်ရတဲ့အခါ အဲဒီဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာစေခဲ့ပါ တယ်။ ဒါပေမယ့် လူတွေရဲ့ အမြင်ကို ပြောင်းခဲဖို့ဟာ အလွန်အင်မတန် ခက်ခဲခဲ့ပါတယ်။ ဘာနဲ့တူသလဲဆို ရေဆန်ကို ဖြတ်ကူးနေရသလိုပါပဲ။ လူတွေဟာ သူတို့မသိသေးတဲ့အရာတွေကို သိပ်ကြောက်ကြတာ။ မသန်စွမ်းကလေးငယ်လေးတွေဆိုလည်း ဒီအတိုင်းပဲ။ ပတ်ဝန်းကျင်မှာ လူတွေက သူတို့ဆိုရင် တန်ဖိုးမထားကြဘူး။ အဲဒါကြောင့် ကျွန်မအမျိုး သားက မသန်စွမ်းတချို့ကို သူ့ရုံးခန်းမှာ အလုပ်ခေါ်ခန့်သလို၊ တစ်ဖက်မှာ ကျွန်မကလည်း သူတို့လေးတွေအတွက် အလုပ်အကိုင် ရရှိစေဖို့ ပရဟိတ လုပ်ငန်း တစ်ခုကို စတင်ခဲ့ပါတယ်။ အံ့ဖွယ်ပါပဲ စစချင်း ကျွန်မဆီ မသန်စွမ်းသူပေါင်း ရာကျော်က အလုပ်လိုချင်ကြောင်း လျှောက် ထားကြခဲ့တယ်။ ဒီတော့ ကျွန်မသိလိုက်တာက သူတို့ကို အခွင့်အရေး တစ်ခုပဲပေးအုံးတော့၊ သူတို့ဆီမှာဘာမဆို လုပ်ပြလိုစိတ် ရှိကြတယ် ဆိုတာပါပဲ။
CNN; ဝန်ထမ်းတွေ၊ အလုပ်သမားတွေအတွက် ဘယ်လိုအလုပ်တွေ ပေးခဲ့နိုင်လဲရှင့်?
Amy Wright; မင်းအတွက် ဂုဏ်ယူလောက်တဲ့ အလုပ်တစ်နေရာရှိရင် ကျေနပ်ဖွယ်ရာပဲမလား။ ကျွန်မဝန်ထမ်းတွေအတွက်တော့ ကျွန်မထင်ပါ တယ် ဒါဟာ သူတို့ရဲ့ ပထမဆုံးအလုပ်ဖြစ်မယ်။ ကျွန်မတို့ဟာ သူတို့ လေးတွေရဲ့ ကျွမ်းကျင်မှုစွမ်းရည်ကို ဆန်းစစ်ပြီး သင့်တော်ရာမှာ ခန့် အပ်တာဝန်ပေးပါတယ်။ သူတို့ကိုယ်တိုင်ကလည်း ဒီ Beau & Bitty မှာ အလုပ်လုပ်ရတာကို ဂုဏ်ယူကြပါတယ်။ သူတို့အတွက်လည်း ရည်မှန်း ချက်ကိုယ်စီ ခိုင်မာစေတယ်လေ။ တန်ဖိုးလည်းထားကြတယ်။ ကျွန်မတို့ အမြဲပြောတယ် “ ဒါဟာ ကော်ဖီတစ်ခွက်ထက် ပိုတယ်” လို့လေ။ ဒါဟာ လူ့အခွင့်အရေး လှုပ်ရှားမှုတစ်ခုလည်းဖြစ်တယ်မဟုတ်လား။ ဝန်ထမ်း တွေဟာလည်း သူတို့နဲ့ တိုက်တန်တဲ့ လေးစားသမှုကို ရရှိကြပါတယ်။
CNN; စားသုံးသူတွေရဲ့ တုံ့ပြန်မှုကရော ဘယ်လိုလဲ?
Amy Wright; နေ့တိုင်းလိုလို လူတွေကပြောကြတယ်။ မင်းဟာ င့ါနေ့ လေးကို ဖန်ဆင်းပေးသူပါ၊ ကျေးဇူးတင်ပါတယ် ဆိုပြီးတော့လေ။ လာရောက်စားသုံးသူတွေလည်း ကြည်ကြည်နူးနူးပျော်ရွှင်ကြပါတယ်။ အဲဒါပဲ သူတို့ကို ဆွဲဆောင်ထားနိုင်တဲ့ အချက်လို့ ကျွန်မထင်ပါတယ်။ ကျွန်မတို့ တစ်ခုလုပ်လိုက်သေးတယ်။ မြေပုံတစ်ချက်ကို နံရံမှာဆွဲပြီး စားသုံးသူတွေကို သူတို့လာတဲ့နေရာတွေကို မြေပုံပေါ်မှာ အမှတ်အသား လုပ်ပေး ဖို့ပေါ့။ အဲဒီမှာ ဘာတွေ့လဲဆိုတော့ ကျွန်မတို့ရဲ့ စားသုံးသူ များဟာ နေရာအနှံ့ကသာမက တခြားနိုင်ငံက ဧည့်သည်တွေပါ လာရောက် သုံးဆောင်ကြတယ်ဆိုတာပါပဲ။
CNN; မင်းရဲ့ နောက်ထပ်ခြေလှမ်းကဘာဖြစ်မလဲ အေမီ?
Amy Wright; ကျွန်မတို့ ကယ်လီဖိုးနီးယားတောင်ပိုင်း၊ ချာလက်စတန်မှာ နောက်တစ်ဆိုင်ဖွင့်နေပါတယ်။ မသန်စွမ်းသူ နောက်ထပ် အယောက် ၂၀ လောက်ကို အလုပ်ပေးနိုင်ပါလိမ့်မယ်။ ခရီးသွားများတဲ့နေရာတွေမှာ နောက်တစ်ဆိုင်လောက်ထပ်ဖွင့်ရင် ဒီလှုပ်ရှားမှုဟာ ပိုမိုကျယ်ပြန့်မြန်ဆန် လာမယ်လို့ထင်ပါတယ်။ တစ်ဆက်တည်းမှာပဲ ကျွန်မတို့လူသားတွေရဲ့ နှလုံးသားနဲ့ စိတ်အခြေအနေတွေကို ပြောင်းလဲဖို့ အဆင့်မြင့်တင်နိုင်မယ် မဟုတ်လား။
မောင်တင်
ရည်ညွှန်း ; ww.cnn.com
Comments
Post a Comment