စာဖတ်ကြရာဝယ်
စာအုပ်တစ်အုပ်ကို ပြီးဆုံးအောင်ဖတ်လိုက်ဖို့ကလွယ်ပါတယ်။ နားလည်ဖို့ကျတော့ ခက်ပါသတဲ့။ မူရင်းဆောင်းပါးရှင်ဟာ လွန်ခဲ့သောနှစ်အနည်းငယ်က စာအုပ်တစ်အုပ်ကို ဘယ်လိုဖတ်ရမလဲ ဆိုတာနဲ့ပတ်သက်ပြီး အာရုံစိုက် လေ့လာခဲ့ပါတယ်။ ဒါပေမယ့် အဓိကသော့ချက်က အများကြီးဖတ်ဖို့ထက် ကောင်းကောင်းမွန်မွန် ဖတ်တတ်ဖို့ပါပဲ။ လူအများစုအတွက်တော့ သုတစာအုပ်တွေကို ဖတ်ရှုခြင်းရဲ့ ရည်ရွယ်ချက်ဟာ ကိုယ်မသိ သေးတဲ့ အကြောင်းအရာတွေကို လေ့လာဖို့၊ အရေးကြီးတဲ့ ပြသနာတွေကို နားလည်စေဖို့၊ ဒါမှမဟုတ် ကမ္ဘာကြီးကို ရှုထောင့်အသစ်ကနေ ကြည့်မြင်ဖို့ စသည်တို့ပဲ ဖြစ်ပါတယ်။ စာအုပ်တွေကို ဖတ်နိုင်ဖို့ဟာ အင်မတန်အရေးကြီးပါတယ်။ ဒါပေမယ့် ဖတ်ပြီးသားအရာတွေကို ကောင်းမွန်စွာ အသုံးချတတ်ဖို့ဟာလည်း တကယ်ကို လိုအပ်ပါတယ်။
ကောင်းမွန်တဲ့ စာဖတ်နည်းစနစ် သုံးခုအကြောင်းကို အခုလို မျှဝေပေးထားပါတယ်။
(၁) ရှာရလွယ်ကူတဲ့ မှတ်စုတွေကိုပြုစုပါ
ဖတ်ပြီးသားစာအုပ်တွေကို မှတ်စုထုတ်ခြင်းဟာ ပြန်လည်ကြည့်ရှုတဲ့အခါမှာ အလွယ်တကူ အသုံးဝင်ပါတယ်။ ငါဘယ်စာအုပ်တွေကိုတော့ ဖတ်ပြီးပြီလို့ ကိုယ့်ဘာသာ ရေတွက်လို့ ရတာပေါ့။ နောက်တစ်ခုက လိုအပ်တဲ့အချိန်မှာလည်း ပြန်ကြည့်ရလွယ်ပါတယ်။ ဥပမာ - ကိုယ်ဖတ်ပြီးသား စာအုပ် ထဲက ကိုယ်မသိသေးတဲ့ အကြောင်းအရာတစ်ခုကို မှတ်စုထဲမှာ ထည့်မှတ်ထားတယ်ဆိုပါစို့။ နောက်တစ်ခါ အဲဒီအကြောင်း ကိုးကားစရာ၊ လေ့လာစရာ၊ ပြန်ကြည့်စရာလိုလာတဲ့အခါမျိုးမှာ ကိုယ်မှတ်ထားတဲ့ မှတ်စု တွေ လက်တစ်ကမ်းမှာ ရှိတော့ ပိုလွယ်တာပေါ့။ တချို့ အကြောင်းအရာတွေ အထူးသဖြင့် မှတ်ဉာဏ်နဲ့ သိမ်းထားစရာမလိုတဲ့အကြောင်းအရာတွေဆိုလည်း မှတ်စုထဲ ထည့်မှတ်ထားလိုက်ရုံနဲ့ လွယ်ကူသွားပါ တယ်။ (မူရင်းဆောင်းပါးရှင်ကတော့ အသံဖိုင်တွေကို အရင်နားထောင်တယ်၊ မှတ်စုထုတ်တယ်။ စာအုပ်ကိုင်ဖတ်တယ်၊ တစ်ခါမှတ်စုထုတ်တယ်။ pdf တွေဖတ်တတယ်။ တစ်ခါ မှတ်စုထုတ်တယ်။ စုစု ပေါင်း သုံးကြိမ်မှတ်စုတွေထုတ်တယ်လို့ ဆိုထားပါတယ်။)
(၂) အတွေးများကိုပေါင်းစပ်ပါ
စာကြည့်တိုက်တစ်ခုကိုရောက်ရင် စာအုပ်တွေကို အမျိုးစားပေါင်းများစွာ ခွဲခြားထားတာကို တွေ့ရမှာပါ။ အထုပတ္တိ၊ သမိုင်း၊ သိပံ၊ စိတ်ပညာ၊ သုတ၊ ရသ၊ ကဗျာ စသဖြင့်ပေါ့။ တကယ့်လက်တွေ့ ဘဝမှာ အတွေးအမြင်တွေကို ခွဲခြားပိုင်းဖြတ်ခြင်းက အသုံးဝင်ပါတယ်။ ကိုယ်ဖတ်နေတဲ့ စာအုပ်အပေါ်မှာ ဝေဖန်ပိုင်းခြားနိုင်ရမယ်လို့ဆိုလိုပါတယ်။ ဥပမာ - စာတစ်ပုဒ်ကိုဖတ်နေရင်းက ကိုယ်အရင်က ဖတ်ဖူးတဲ့ ဟာတစ်ခုနဲ့ ချိန်ထိုးစဉ်းစားကြည့်တာမျိုးပေါ့။ အဆိုပါအတွေးအမြင်တွေကိုတော့ နောက်ထပ် စာအုပ်တစ်အုပ် မှာ ရေးမှတ်သင့်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် စာဖတ်ခြင်းကနေ အတွေးအမြင်တွေကို တစ်စုတစည်းတဲ့ ရနိုင်သလို ကမ္ဘာလောကကြီးအကြောင်းကိုလည်း နားလည်လာနိုင် လိမ့်မယ် လို့ဆိုပါတယ်။
(၃) အတိုချုံးပါ
မူရင်းဆောင်းပါးရှင်ကတော့ စာအုပ်တစ်အုပ်ကို ဖတ်ပြီးတိုင်းမှာ အဆိုပါတစ်အုပ်လုံးစာအတွက် စာကြောင်းသုံးကြောင်းလောက်နဲ့ အတိုချုံးလိုက်တယ်လို့ဆိုပါတယ်။ သဘောက အဆိုပါစာအုပ်ကို ကိုယ်ပိုင်မှတ်ချက်ပေးတယ်လို့ ဆိုလိုပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် စာအုပ်ရဲ့ အရေးကြီးတဲ့ အပိုင်းတွေကို မှတ်စုထဲရေးမှတ်ဖို့လည်း တွန်းအားဖြစ်စေပါတယ်။ ဥပမာ - ကိုယ်ဖတ်ထားတဲ့စာအုပ်တစ်အုပ်အကြောင်း သူငယ်ချင်းတစ်ယောက်ကို ပြောပြမယ်ဆိုပါစို့။ စာအုပ်ရဲ့ အဓိက ရည်ရွယ်ချက်ကဘာလဲ၊ စာဖတ်သူကို ဘာတွေပေးနိုင်လဲဆိုတာတွေကို ပြောနိုင်ရင် ပိုကောင်းပါတယ်။
စာဖတ်ခြင်းဖြင့် ပျော်မွေ့နိုင်ကြပါစေ။
မောင်တင်
(ဆောင်းပါးရှင် ဂျိမ်းစ်ကလီးယား၏ How to Retain More of Every Book You Read ကို ဆီလျော် အောင် ဘာသာပြန်ဆိုပါသည်)။
Comments
Post a Comment