Tom Hanks (သို့) တောက်ပဆုံးသောကြယ်တစ်ပွင့်




ဘဝအစ
          သောမက်(စ်)ဂျက်ဖရီဟန့်(စ်)ကို ၁၉၅၆ ခုနှစ်၊ ဂျူလိုင်လ (၉)ရက်နေ့ တွင် ကယ်လီဖိုးနီးယား ပြည်နယ်၊ ကွန်းကော့မြို့တွင် မွေးဖွားခဲ့ပါတယ်။ ဖခင်မှာ Amos Mefford Hanks ဖြစ်ပြီး စားဖိုးမှူး တစ်ယောက်ဖြစ်သည့် အပြင် စားသောက်ဆိုင် မန်နေဂျာတစ်ယောက်လည်း ဖြစ်ပါတယ်။ မိခင်မှာ Janet (Turner) Hanks ဖြစ်ပြီး ဆေးရုံအလုပ်သမား တစ်ယောြက်ဖစ်ပါတယ်။ (၅) နှစ်သားအရွယ်ကတည်းက မိဘတွေကွာရှင်း ပြတ်စဲတာကို ကြုံခဲ့ရသူပါ။ မိသားစုပြိုကွဲသွားပြီးတဲ့နောက်မှာတော့ သူ့အဖေဟာ သူ့မွေးချင်းတွေဖြစ်တဲ့ ဆန်ဒရာ၊ လာရီ နဲ့ ဂျင် တို့ကို ခေါ်ပြီး နီဗားဒါးပြည်နယ်၊ ရီနိုမြို့ကို ပြောင်းရွှေ့ နေထိုင်ခဲ့ပါတယ်။  နယ်လှည့်စားဖိုမှူးဖြစ်တဲ့ ဖခင်ရဲ့ အလုပ်အကိုင်ကြောင့် တွမ်ဟာ ကလေးဘ၀ ကတည်းက ကျောင်းခနခနပြောင်းရွှေ့တက်သူဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ သူတို့ မိသားစုလေးဟာ ၁၉၇၄ ခုနှစ်၊ Skyline အထက်တန်းကျောင်း မှ တွမ်ကျောင်းပြီးသည်အထိ ကယ်လီဖိုးနီးယားပြည်နယ်၊ အုတ်(က်)လန်း မြို့မှာ အခြေချနေထိုင်ခဲ့ကြပါတယ်။

ဝါသနာကြီးခဲ့သူ
တွမ်ဟာ ကျောင်းနေစဉ်ကတည်းက ကျောင်းကပွဲတွေမှာ အတန်းဖော်တွေနဲ့အတူ ကပြ တင်ဆက်ရတာတွေကို စိတ်ပျော်ကြည်နူးစွာ လုပ်ဆောင်ခဲ့သူပါ။ အဲဒီနောက်မှာတော့ California State University မှာ ပြဇာတ်ဘာသာအဓိက နဲ့တက်ရောက်ခဲ့ပါတယ်။  ၁၉၇၇ ခုနှစ်အရောက်မှာ Lakewood နဲ့ Ohio မှာ ပြုလုပ်ခဲ့တဲ့ the Great Lakes Shakespeare Festival မှာ "The Taming of the Shrew" ဆိုတဲ့ ပြဇာတ်နဲ့ဝင်ရောက် ဖျော်ဖြေခဲ့ပါတယ်။ အဲဒီနောက် ၁၉၇၈ ခုနှစ်မှာ "The Two Gentlemen of Verona" လို့အမည်ရတဲ့ ပြဇာတ်နဲ့ အကောင်းဆုံး သရုပ်ဆောင်ဆုကို စတင်ရရှိခဲ့ပါတယ်။ နောက် (၃) နှစ်ကျော် အတောအတွင်း များစွာသော ရှိတ်စပီးယား ပြဇာတ်များတွင် ဝင်ရောက်ကပြဖျော်ဖြေခဲ့ပြီး ပြဇာတ်ပိုင်းကို လေ့လာခဲ့ပါတယ်။ နောက်ထပ် (၃) နှစ်အကြာတော့ သရုပ်ဆောင်လုပ်ငန်းအတွက် နယူးယော့(ခ်)ကို ပြောင်းရွှေ့နေထိုင်ခဲ့ပြီးနောက်လာ့(စ်)အိန်ဂျလီကို ရုပ်မြင်သံကြားနဲ့ ရုပ်ရှင်လုပ်ငန်းတွေအတွက် ထပ်မံ ပြောင်းရွှေ့ခဲ့ပါတယ်။

အိမ်ထောင်ရေး
          ၁၉၈၀ ခုနှစ်မှာ တွမ်ဟာ ဆမ်မန်သာ လူးဝစ် လို့ခေါ်တဲ့ အမျိုးသမီးနဲ့ လက်ထပ်ခဲ့ပါတယ်။ သူမဟာ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ရုပ်ရှင်ထုတ်လုပ်သူတစ်ယောက်လည်းဖြစ်ပါတယ်။  တွမ်ဟာ သူမနဲ့ ကောလိပ်မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး သားတစ်ယောက်၊ သမီးတစ်ယောက် ထွန်းကားခဲ့ပါတယ်။


သရုပ်ဆောင်တစ်ယောက်ရဲ့ ဘဝအပြည့်အစုံ
အဆိုပါနှစ်မှာပဲ ထွက်ရှိခဲ့တဲ့ "He Knows You're Alone" ဆိုတဲ့ ဇာတ်ကားမှာ အခန်းအနည်းငယ် ဝင်ရောက်သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။ "Bosom Buddies" ဇာတ်ကားမှာလည်း အမျိုးသမီးကဲ့သို့ ဝတ်စား ပြီး ကုန်ကျစရိတ်သက်သာတဲ့ အမျိုးသမီးသီးသန့်ဟိုတယ်ထဲကို ဝင်ရောက်နေထိုင်တဲ့သူ အနေနဲ့ သရုပ် ဆောင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ထင်ရှားခဲ့တဲ့ ဇာတ်ကားတွေဖြစ်ကြတဲ့ "The Love Boat" , "Taxi", "Happy Days" နဲ့ "Family Ties" ဇာတ်လမ်းတွဲတွေမှာ ဧည့်သည်သရုပ်ဆောင်သဘောမျိုးနဲ့ ပါဝင် ရိုက် ကူးခဲ့ပါတယ်။ "Happy Days" ဇာတ်လမ်းတွဲထဲက တွမ်ရဲ့ သရုပ်ဆောင်ကွက်တွေကို နှစ်သက်ကြခဲ့ တဲ့အတွက် ၁၉၈၄ ခုနှစ်မှာထွက်ရှိခဲ့တဲ့ "Splash" ဆိုတဲ့ ဇာတ်ကားမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင် ရိုက်ကူးခွင့်ရခဲ့ပါတယ်။ ရေသူမတစ်ယောက်ကို ချစ်ကြိုက်မိသွားတဲ့ လူသားတစ်ယောက်အနေနဲ့ သရုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ခပ်သွက်သွက်ဇာတ်ရုပ်သဘောမျိုး သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အချစ်ဇာတ်မြူး ဇာတ်ကားတွေမှာ တွမ်ဟာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့တဲ့ တွမ်ဟာ "Bachelor Party" (1984), "The Man with One Red Shoe" (1985), "Volunteers" (1985), "The Money Pit" (1985) , "Nothing in Common" နဲ့ "Dragent" (1987) စတဲ့ ဇာတ်ကားများမှာ ပါဝင် သရုပ်ဆောင် ရိုက်ကူးခဲ့ပါတယ်။ ကိုယ်ရေးကိုယ်တာ အပိုင်းမှာတော့ ၁၉၈၇ ခုနှစ်မှာ ဇနီးဖြစ်သူနဲ့ ကွာရှင်းပြတ်စဲခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ ဒုတိယအိမ်ထောင်ပြုခဲ့ပါတယ်။ ရစ်တာဝီ(လ်)ဆန်ဆိုတဲ့ အမျိုးသမီးနဲ့ လက်ထပ်ခဲ့ပြီး သားနှစ်ယောက် မွေးဖွားခဲ့ပါတယ်။
          Penny Marshall ရဲ့ "Big" (1988) ဆိုတဲ့ရုပ်ရှင်ဇာတ်ကားမှာ ပီပြင်ပြောင်မြောက်စွာ သရုပ်ဆောင်နိုင်ခဲ့တာကြောင့်  လော့(စ်)အိန်ဂျလီရုပ်ရှင်အစည်းအရုံး ကပေးအပ်တဲ့ ဆု၊ Golden Globe အကောင်းဆုံး သရုပ်ဆောင်ဆုတို့ရရှိခဲ့တဲ့အပြင် အော်စကာဆု အတွက်ပါ အမည်တင်သွင်းခြင်းကို ခံခဲ့ရပါတယ်။ ဒါ့အပြင် ခက်ထန်ကြမ်းတမ်းတဲ့ဇာတ်ရုပ်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ "Punchliine" (1988) နဲ့လည်း အကြီးအကျယ် အောင်မြင်ခဲ့ပါသေးတယ်။ ဒါကြောင့် တစ်နှစ်ထဲမှာ လော့(စ်)အိန်ဂျလီ ရုပ်ရှင်အစည်းရုံးက ပေးအပ်တဲ့ ဆုကို နှစ်ကြိမ်ရရှိခဲ့သူဖြစ်ခဲ့ပါတယ်။  အောင်မြင်မှုတွေဆက်တိုက် ရခဲ့သလိုပဲ ရှုံးနိမ့်မှုတွေလည်း အလီလီ ရရှိခဲ့သူပါ။ "Turner and Hooch" (1989)၊ "Joe Versus the Volcano" (1990) နဲ့ "The Bonfire of the Vanities" (1990) တို့မှာ ထင်သလောက် မအောင်မြင်နိုင်ခဲ့ပါဘူး။ ကြိုးစားလုပ်ဆောင်တတ်တဲ့ တွမ်ဟာ ဒါရိုက်တာ Penny Marshall နဲ့ ပြန်ပူးပေါင်းပြီး "A League of Their Own" (1992) ကို ဆက်လက်ရိုက်ကူးခဲ့ပါတယ်။ အဆိုပါဇာတ်ကားမှာတော့ အမျိုးသမီး အားကစား သမားများ ကို မန်နေဂျာလုပ်ရတဲ့ ဇာတ်ရုပ်နဲ့ပါ။ နောက်တစ်နှစ် မှာတော့ Nora Ephron ရဲ့ "Sleepless in Seattle" ဆိုတဲ့ ဇာတ်ကားနဲ့ အောင်မြင်မှုတွေ ပြန်လည်ရရှိခဲ့ပြီး ၁၉၉၃ ခုနှစ်အတွင်း အကောင်းဆုံး ဇာတ်ကားအဖြစ်အောင်မြင်ခဲ့ပါတယ်။  တွမ်ရဲ့ အောင်မြင်မှုတွေဟာ တစ်ဖန်ပြန် ရပ်တန့်မသွားခဲ့ပါဘူး။ ၁၉၉၃ ခုနှစ်မှာပဲ ဒါရိုက်တာ Jonathan Demme နဲ့ပေါင်းပြီး "Philadelphia" ဆိုတဲ့ ဇာတ်ကားမှာ AIDS ရောဂါခံစားနေရတဲ့ ရှေ့နေတစ်ယောက်အဖြစ် ပြောင်မြောက်စွာ သရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အော်စကာဆု ကို ဆွတ်ခူးနိုင် ခဲ့တဲ့အပြင် Golden Globe၊ Berlin Flim Festival၊ MTV Movie စသည်တို့မှ ဆုပေါင်းများစွာကို ရရှိခဲ့ပါတယ်။ အောင်မြင်မှုတွေ ဆက်တိုက်သိမ်းပိုက်လာနိုင်ခဲ့တဲ့ တွမ်ဟမ့်ကို Hollywood ရဲ့ A-list ဒရာမာ သရုပ်ဆောင်အဖြစ် ကြေညာခဲ့ပါတယ်။ Robert Zemeckis ရဲ့ ပဲ့ကိုင်မှုနဲ့အတူ အကျော်ကြားဆုံးရုပ်ရှင်ဖြစ်တဲ့ "Forrest Gump" မှာ ပြောင်မြောက်တဲ့ သရုပ်ဆောင်နိုင်စွမ်းကြောင့်  A National Board of Review, a Golden Globe, a Chicago Flim Critics Association နဲ့ American Comedy for Best Actor , a second Academy Award စတဲ့ မရေတွက်နိုင်လောက်အောင် များပြားတဲ့ ဆုတွေ သိမ်းပိုက်ခဲ့ပါတယ်။ “Spencer Tracy” (1937) နဲ့ ထပ်မံ အောင်မြင်ခဲ့တဲ့ တွမ်ဟမ့်ဟာ  အော်စကာဆု ၂ ခုကို ဆက်တိုက်ရယူနိုင်တဲ့ တစ်ယောက်တည်းသော အနုပညာရှင် အဖြစ်သမိုင်းဝင်ခဲ့ပါတယ်။
          အာကာသယာဉ်မှူးအနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ "Apollo 13" ဇာတ်ကားမှာ "Splash" တုန်းက ဒါရိုက်တာ Ron Howard နဲ့ ပြန်လည်ပူးပေါင်းရိုက်ကူးခဲ့ပါတယ်။ အဆိုပါဇာတ်ကားမှာ ထူးချွန် ပြောင်မြောက်စွာ သရုပ်ဆောင်နိုင်ခဲ့တာကြောင့်  People's Choice for Favoriate Actor in a Dramatic Motion Picture ဆုကို ရရှိခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်မှာလည်း ပထမဆုံး animation ရုပ်ရှင်ဖြစ်တဲ့ "Toy Story" မှာ cowboy Woody အတွက် နောက်ခံ စကားပြောအဖြစ် ပါဝင်ခဲ့ပါတယ်။ နောက်တစ်နှစ်မှာ "That Thing You Do" (1996) ဇာတ်ကားမှာ ဒါရိုက်တာအနေနဲ့ ရိုက်ကူးခဲပါတယ်။ ၁၉၉၈ ခုနှစ်မှာတော့ HBO channel မှာ အမေရိကန် အာကာသအစီစဉ်အတွက် "From the Earth to the Moon" ဇာတ်လမ်းတွဲ များကိုရိုက်ကူးခဲ့ပါတယ်။ ဇာတ်လမ်းတွဲများရိုက်ကူးရာမှာ ထုတ်လုပ်သူအဖြစ်ဆောင်ရွက်ခဲ့ပြီး (၁၂) တွဲမြောက်မှာ ကိုယ်တိုင်သရုပ်ဆောင်ခဲ့ပြီး (၄)တွဲကို ဇာတ်ညွှန်းရေးသားခဲ့ပါတယ်။
          (၂)နှစ် နီးပါးခန့် ရုပ်ရှင်ကားကြီး မရိုက်ပဲပျောက်ဆုံးခဲ့တဲ့ တွမ်ဟာ Steven Spielberg နဲ့ ပေါင်းပြီး ဒုတိယကမ္ဘာစစ် ကိုပုံဖော်တဲ့ ဇာတ်ကားတစ်ကာားဖြစ်တဲ့ "Saving Private Ryan" ( 1998) ကိုသရုပ်ဆောင် ရိုက်ကူးခဲ့ပါတယ်။ အဆိုပါကားနဲ့ပဲ လေးကြိမ်မြောက် အကောင်းဆုံး သရုပ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ "You've Got Mail" (1998) ကိုဆက်လက်ရိုက်ကူးခဲ့ပါတယ်။ Animation ဇာတ်ကားဖြစ်တဲ့ "Toy Story 2" (1999) မှာလည်း ဒုတိယအကြိမ် နောက်ခံစကားပြော အဖြစ် ရိုက်ကူးပုံဖော်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Stephen Khing ရဲ့ နာမည်ကြီးဝတ္ထုဖြစ်တဲ့ "The Green Mile" (1999) ကို ဆက်လက်ရိုက်ကူးခဲ့ပါတယ်။  "Toy Story 2" ဟာ နံပါတ် (၁) ချိတ်နိုင်ခဲ့ပြီး "The Green Mile" ဟာ ဒုတိယ ချိတ်နိုင်ခဲ့ပါတယ်။ ၉၀ ခုနှစ်များ အဆုံးပိုင်းမှာတော့ တွမ်ဟမ့်ကို ShoWest Convention Award ချီးမြှင့်ခဲ့ကြပါတယ်။
          အသစ်၊ အသစ်တွေကို ဆက်လက် ဖန်တီးရိုက်ကူးလာခဲ့တဲ့ တွမ်ဟမ့်ဟာ "Forrest Gump" တုန်းက ဒါရိုက်တာ Robert Zemeckis နဲ့ ပြန်လည်ပူးပေါင်းပြီး "Cast Away"(2000) ကို ရိုက်ကူးနိုင်ခဲ့ပါတယ်။ လေယာဉ်ပျက်ကျပြီး ကျွန်းတစ်ကျွန်းပေါ်မှာ သောင်တင်နေတဲ့ ဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်ဖို့ ၅၂ ပေါင်လောက် ချခဲ့ရပါတယ်။ စိတ်ခံစားမှုများစွာကို ပေးနိုင်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် (၅)ကြိမ်မြောက် အကောင်းဆုံး သရုပ်ဆောင်ဆု၊ Golen Globe ဆု၊ Chicago ရုပ်ရှင်အစည်းရုံးက ပေးအပ်တဲ့ အကောင်းဆုံးသရုပ်ဆောင်ဆုတွေကို ရရှိခဲ့ပါတယ်။ "Saving Private Ryan" ကို ရိုက်ကူးခဲ့တဲ့  တွမ်ဟမ့်ဟာ ဒုတိယကမ္ဘာစစ်အတွင်းက သူတွေကို သိပ်ဂရုဏာ သက်ခဲ့ပါတယ်။ သမိုင်းပညာရှင် Stephen Ambrose ရဲ့ စာအုပ်ဖြစ်တဲ့ "Band of Brothers" (2001) နော်မန်ဒီ တိုက်ပွဲတွင်းက စစ်သားများ အကြောင်းကို ဇာတ်လမ်းတွဲများအနေနဲ့ရိုက်ကူးခဲ့ပါတယ်။ အဆိုပါကားနဲ့ပဲ ဆုပေါင်းများစွာကို ထပ်မံရရှိခဲ့ပြန်ပါတယ်။ ၂၀၀၂ ခုနှစ်မှာ "Road to Perditon" ကို ဆက်လက်ရိုက်ကူးခဲ့ပါတယ်။  နောက်တစ်နှစ်မှာ Steven Spielberg နဲ့ပြန်လည်ပူးပေါင်းပြီး လီယိုနာဒိုနဲ့အတူ "Catch Me If You Can" ကို သရုပ်ဆောင်ရိုက်ကူးခဲ့ပြန်ပါတယ်။ တစ်ခါ ထပ်မံပြီး "My Big Fat Greek Wedding" (2002) ကို ရိုက်ကူးကာ အကြီးအကျယ် အောင်မြင်ခဲ့ပြန်ပါတယ်။ အဲဒီနှစ်မှာပဲ American Film Institude က တွမ်ဟမ့်ကို နုပျိုဆုံး သရုပ်ဆောင်အဖြစ် ဂုဏ်ပြုခဲ့ပြီး Lifetime Acievement ဆုကို ပေးအပ်ချီးမြှင့် ခဲ့ကြပါတယ်။ ၂၀၀၄ ခုနှစ်မှာ "The Ladykillers" ရုပ်ရှင်ကို ရိုက်ကူးခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ "The Terminal" (2004) ကို ဆက်လက်ရိုက်ကူးနိုင်ခဲ့ပါတယ်။ Animation ဇာတ်ကားဖြစ်တဲ့ "The Polar Express" (2004) ကိုလည်း စီစဉ်ထုတ်လွှင့်ခဲ့ပြန်ပါတယ်။ နောက်တစ်နှစ်မှာ "Magnificent Desolation: Walking on the Monn 3D" (2005) ကို ရိုက်ကူးခဲ့ပါတယ်။
ဒရာမာကားတွေမှာ ပိုမိုပီပြင်စွာသရုပ်ဆောင်နိုင်စွမ်းရှိတဲ့ တွမ်ဟမ့်ဟာ Dan Brown ရဲ့ အရောင်းရဆုံးစာအုပ်ဖြစ်တဲ့  "The Da Vinci Code" (2006) ကို ရိုက်ကူးခဲ့ပြန်ပါတယ်။ အဲဒီဇာတ်ကားနဲ့ ဒေါ်လာသန်း ၂၀၀ ကျော် ဝင်ငွေရရှိခဲ့ပါတယ်။ "Cars" (2006) နဲ့ "The Simpsons Movie" (2007) နောက်ခံစကားပြောအနေနဲ့ ပါဝင်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ဇာတ်ကားဖြစ်တဲ့ "The War" (2007-08) ကိုလည်း ဆက်လက်ရိုက်ကူးခဲ့ပါသေးတယ်။ George Crile ရဲ့ ဝတ္ထုဖြစ်တဲ့ "Charlie Wilson's War" (2007) ကိုလည်း ရိုက်ကူးခဲ့ပြန်ပါတယ်။ တွမ်ဟမ့်ဟာ သူရဲ့ သားဖြစ်သူ Colin နဲ့ ပေါင်းပြီး "The Great Buck Howard" (2008) ကိုလည်း အဖေခန်းကနေ သရုပ်ဆောင်ရိုက်ကူးခဲ့ပါတယ်။ အဲဒီနောက် HBO channel အတွက် "John Adams" (2008) ဇာတ်လမ်းတွဲများကို ရိုက်ကူးခဲ့ပါတယ်။ အမေရိကန်ရဲ့ ဖခင်များအကြောင်းတွေပဲ ဖြစ်ပါတယ်။ အဲဒီနှစ်မှာပဲ Robert Langdon ဆိုတဲ့ ဇာတ်ကောင်အနေနဲ့ Dan Brown ရဲ့ ဒုတိယ စာအုပ်ဖြစ်တဲ့"Angels and Demons" ဇာတ်ကားကို ရိုက်ကူးခဲ့ပါတယ်။ "The Da Vinci Code" ထက်ပိုပြီး လူကြိုက်များခဲ့ကြပါတယ်။ ထို့နောက် "The Pacific" ကိုဆက်လက်ရိုက်ကူးခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် မတ်လမှာ HBO က ပေးအပ်တဲ့ TAC ဆုကိုလက်ခံရရှိခဲ့ပါတယ်။ တစ်ခါထပ်မံပြီး "Toy Story 3" ကို ရိုက်ကူးခဲ့ပြီး ကမ္ဘာတစ်ဝန်းလုံးမှ ဒေါ်လာ သန်းပေါင်းများစွာ အမြတ်ငွေများရရှိခဲ့ပါတယ်။ "Larry Crowne" ဇာတ်ကားကို ဆက်လက်ရိုက်ကူးခဲ့ပြီး ကိုယ်တိုင် ဇာတ်ညွှန်းရေးသားကာ ဒါရိုက်တာရော ထုတ်ဝေသူပါ လုပ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာပဲ "Extremely Loud and Icnredibly Close" ဒရာမာရုပ်ရှင်ကို ရိုက်ကူးခဲ့ပါတယ်။
၂၀၁၂ ခုနှစ်မှာတော့ Electric City လို့ အမည်ရတဲ့ ဇာတ်ကားမှာ နောက်ခံ စကားပြောသူအဖြစ် ပါဝင်ခဲ့ပြန်ပါတယ်။ "the Wachowskis" ဇာတ်ကားမှာ ဒါရိုက်တာလုပ်ခဲ့ပြီး "Game Change" ဇာတ်လမ်းတွဲများမှာ ထုတ်ဝေသူလုပ်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ နာမည်ကြီးရုပ်ရှင်ကား နှစ်ခုဖြစ်တဲ့ "Captain Phillips" နဲ့ "Saving Mr.Banks" တို့နှင့် BAFTA Award for Best Actor ဆု နဲ့ Golden Globe ဆုတို့ကို ထပ်မံရရှိခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ Nora Ephron ရဲ့ "Lucky Guy" မှာပါဝင်ခဲ့ပြီး Tony Award for Best Actor in a Play ဆုကိုရရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ သူရဲ့ ဝတ္ထုတို ဖြစ်တဲ့ "Alan Bean Plus Four" ကို ထုတ်ဝေဖြန့်ချီခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် မတ်လမှာ Carly Rae Jepsen ရဲ့ music video ဖြစ်တဲ့ "I Really Like You" မှာ ပါဝင်ရေးသားခဲ့ပါတယ်။ သူ့ရဲ့နောက်ထပ် ရုပ်ရှင်ကားကတော့ သမိုင်းဝင်ဒရာမာကား ဖြစ်တဲ့ "Bridge of Spies" ဖြစ်ပါတယ်။ ရှေ့နေတစ်ယောက်အဖြစ်သရုပ်ဆောင်ထားပါတယ်။ ၂၀၁၆ ဧပရယ်မှာ ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ "A Hologram for the King" ဇာတ်ကားမှာ Alan Clay ဆိုတဲ့ ဇာတ်ကောင်အနေနဲ့ ရိုက်ကူးခဲ့ပါတယ်။ ၂၀၁၆ စက်တင်ဘာမှာ ထွက်ရှိခဲ့တဲ့ Clint Eastwood ရဲ့ "Sully" ဆိုတဲ့ ဇာတ်ကားမှာလည်း အမှုရင်ဆိုင်ရတဲ့ လေယာဉ်ပိုင်းလော့ အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ "Inferno" ဇာတ်ကားမှာ Robert Langdon အနေနဲ့ သရုပ်ဆောင်ထားပြီး သိပ္ပံဒရာမာကားဖြစ်တဲ့ "The Circle" မှာ Emma Watson နဲ့အတူ သရုပ်ဆောင် ရိုက်ကူးထားပါတယ်။
         
မှတ်တမ်းတင်လို့မကုန်နိုင်ဖွယ်
အနုပညာနယ်ပယ်က သိမ်းပိုက်ထားနိုင်ခဲ့တဲ့ဆုတွေကတော့ ရေတွက်လို့ မကုန်နိုင်တော့ပါဘူး။ အခြားနယ်ပယ်မှရရှိခဲ့တဲ့ ဆုများကတော့
Douglas S. Morrow Public Outreach Award (2006)
Kennedy Center Honors Medallion (2014)
Presidential Medal of Freedom (2016) တို့ပဲဖြစ်ပါတယ်။
ref; http://www.tomhanks-online.com/tomHanks/biography
                                                                             မောင်တင်


Comments

Popular posts from this blog

ကိတ်ဝင်းစလက်၏ အနုပညာခရီး

အာနာပါနကမ္မဌာန်းရှုမှတ်နည်း

မဂ္ဂင် ၈ ပါး