လီယိုတော်(လ်)စတွိုင်း (Leo Tolstoy)
လီယိုတော်(လ်)စတွိုင်း၏ ဘဝပုံရိပ်
ငယ်ဘဝ
လီယိုတော်(လ်)စတွိုင်းကို ၁၈၂၈ ခုနှစ်၊ စက်တင်ဘာ ၉ ရက်နေ့တွင် ရုရှားနိုင်ငံ၊ ရက်(စ်)နရ ပိုလီယာနာမြို့တွင် မွေးဖွားခဲ့ပါတယ်။ ၁၈၃၀ မှာ အမေကွယ်လွန်ခဲ့ပြီး၊ ၁၈၃၇ မှာ အဖေကွယ် လွန်ခဲ့သောကြောင့် လီယိုဟာ ကလေးဘဝကတည်းက မိဘမေတ္တာ ငတ်ခဲ့သူပါ။ မိဘတွေဆုံးပါးသွားတဲ့အခါ အဒေါ်ဖြစ်သူက စောင့်ရှောက်ခွင့်ရခဲ့ပြီး၊ တစ်ခါထပ်မံ ပထမ အဒေါ်ဆုံးပါးတဲ့အခါ ဒုတိယအဒေါ်ဆီ ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။ ငယ်ဘဝမှာ အကြီးအကျယ် ဆုံးရှုံးမှုတွေ ကြုံခဲ့ပေမယ့် နောင်သူရေးသားခဲ့တဲ့ သူ့စာအုပ်တွေမှာ ကလေးဘဝရဲ့ မှတ်ဉာဏ်တွေကို တွေ့ခဲ့ရပါတယ်။
ပညာရေးနဲ့ဘဝ
အခြေခံပညာကို အိမ်မှာပဲ သင်ယူခဲ့ရသူပါ။ ၁၈၄၃ ခုနှစ်မှာ Kazan တက္ကသိုလ်မှာ ဘာသာစကားပညာရပ်ကို တက်ရောက်သင်ယူခဲ့ပါတယ်။ ကောင်းမွန်စွာမသင်ကြားနိုင်ဘဲ အဆင့်တွေ နိမ့်ကျခဲ့ပါတယ်။ အဲဒါကြောင့် လွယ်ကူမယ်ထင်တဲ့ ဥပဒေကို ပြောင်းသင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးတော့ ကျောင်းထွက်လိုက်ပါတယ်။ မိဘများ အခြေချခဲ့ရာ ဒေသကို ပြောင်းရွှေ့သွားပြီး လယ်ယာအလုပ်ကို ဦးစီးလုပ်ကိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ထင်သလောက် မအောင်မြင်ခဲ့ပါဘူး။ နောက်ဆုံးတော့ သူနဲ့ သင့်တော်တဲ့ အလုပ်ကို တွေ့ပါပြီ။ အဲဒါကတော့ ဂျာနယ်တွေမှာ ဝတ္ထုတွေ ရေးသားတဲ့ အလုပ်ပါ။
ဘဝဇာတ်ဆရာ စံမံရာ
လယ်ယာအလုပ်နဲ့ မအောင်မြင်နိုင်မှန်းမြင်တဲ့ အစ်ကို ဖြစ်သူ ဟာ သူ့ညီ လီယိုတော်(လ်)စတွိုင်း ကို ရုရှားတပ်မတော်ထဲ ထည့်လိုက်ပြန်ပါတယ်။ တပ်မတော်သားဘဝနဲ့ တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း "Childhood" လို့ အမည်ပေးထားတဲ့ ကိုယ်တိုင်ရေး အတ္ထုပတ္တိစာအုပ် ကိုရေးသားနေခဲ့ပါတယ်။ ၁၈၅၂ ခုနှစ်မှာ အဆိုပါ စာမူကို The Contemporary ဂျာနယ်ကိုပို့လိုက်ပါတယ်။ အဲဒီအချိန်တုန်းက ထင်ရှာဆုံး ဂျာနယ်တစ်ခုပေါ့။ ဒီလိုနဲ့ လီယိုတော်(လ်)စတွိုင်းရဲ့ ပထမဆုံး စာအုပ်ကို ပုံနှိပ်ဖြန့်ချီနိုင်ခဲ့ပါတယ်။ ပထမဆုံးစာအုပ်ကို ရေးသားပြီးတဲ့အခါ ဒုတိယ တစ်အုပ်ရေးဖို့ သူနေ့တိုင်းအားထုတ်ခဲ့ပါတယ်။ ဒါပေမယ့် မပြီးစီးနိုင်ဖြစ်ခဲ့ရပါတယ်။ ၁၈၅၄ ခုနှစ်မှာ "Childhood" ရဲ့ အဆက် "Boyhood" ကိုရေးသားခဲ့ပါတယ်။ စစ်ပွဲကာလအတွင်းမှာ စစ်ကိုဆန့်ကျင်တဲ့ စာအုပ်ဖြစ်တဲ့ "Sevastopol Tales" ပထမတွဲ ကိုရေးသားခဲ့ပါတယ်။ ထို့နောက် ဒုတိယတွဲ၊ တတိယတွဲတို့ကို ထပ်မံရေးသားခဲ့ပြန်ပါတယ်။ လီယိုဟာ ၁၈၅၅ ၊ သြဂုတ်လအတွင်း ခရိုင်းမီးယား စစ်ပွဲမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရပါတယ်။ သူတပ်ကထွက်ပြီး ၁၈၆၂ ခုနှစ် ၊ နောက်မှပဲ "The Cossacks" လို့အမည်ရတဲ့ စာအုပ်ထွက်ရှိခဲ့ပါတယ်။ အားသင့်ဖို့ကောင်းတာက လီယိုတော်(လ်)စတွိုင်းဟာ ခရိုင်းမီးယားစစ်ပွဲကာလ အတွင်းမှာ စာရေးသားခြင်းအမှုကို ပြုနိုင်ခဲ့တာပါပဲ။ ထို့နောက် တတိယမြောက် ကိုယ်ရေးအထုပတ္တိ စာအုပ်ဖြစ်တဲ့ "Youth" ကိုရေးသားခဲ့ပါတယ်။ Yasnaya Polyana ဆိုတဲ့ ဂျာနယ်ကို စတင်ထုတ်ဝေခဲ့ပြီး Sofya Andreyevna Bers ဆိုသူ အမျိုးသမီးနဲ့ လက်ထပ်ခဲ့ပါတယ်။
ထင်ရှားခဲ့သော ဝတ္ထုများ
၁၈၆၀ ပြည့်နှစ်များ အကျော်မှာ တော့ သူ့ရဲ့ ကျော်ကြားတဲ့ ဝတ္ထုဖြစ်တဲ့ "War and Peace" ကိုရေးသားနေခဲ့ပါတယ်။ ၁၈၆၅ ခုနှစ်ရောက်မှ "Russian Messenger" မှာ ထုတ်ဝေနိုင်ခဲ့ပါတယ်။ ၁၈၆၈ ခုနှစ်မှာ အခန်း ၃ ခန်းကိုထပ်ဖြည့်လိုက်ပြီး ဝတ္ထုကိုပိုမိုပြည့်စုံစေခဲ့ပါတယ်။ (အဆိုပါစာအုပ် "War and Peace" ဟာ ကမ္ဘာအနှံ့ အောင်မြင်ကျော်ကြားခဲ့သော ဝတ္ထုကောင်းတစ်အုပ်ဖြစ်ပြီး မြန်မာစာရေးဆရာကြီး ဆရာမြသန်းတင့်က "စစ်နှင့်ငြိမ်းချမ်းရေး" ဆိုပြီး ဘာသာပြန်ဆိုခဲ့ပါတယ်။) ၁၈၇၃ ခုနှစ်မှာတော့ ဒုတိယမြောက် ကျော်ကြားတဲ့ ဝတ္ထုဖြစ်တဲ့ "Anna Karenina" ကို ရေးသားခဲ့ပါတယ်။ အဆိုပါစာအုပ်ဟာ ရုရှားနဲ့ တူရကီစစ်ပွဲ အဖြစ်အပျက်များအပေါ် အခြေခံရေးသားခဲ့တာဖြစ်ပြီ "War and Peace" လိုပဲ တော်(လ်)စတွိုင်းရဲ့ ဘဝပုံရိပ်တွေကို ထည့်သွင်းရေးသားခဲ့တာပါ။ လီယိုတော်(လ်)စတွိုင်းဟာ သူရေးသားတဲ့ စာအုပ်တွေ အောင်မြင်ကျော်ကြားလာတာနဲ့ အမျှ ချမ်းကြာကြွယ်၀ လာခဲ့ပါတယ်။ အတွေးအမြင်နဲ့ပါတ်သက်လို့ ရေးသားရန် ဆုံးဖြတ်ချက်ချခဲ့ပြီး "The Mediator" လို့ အမည်ပေးထားတဲ့ စာအုပ်ကို ၁၈၈၃ ခုနှစ်မှာ ထုတ်ဝေဖြန့်ချီခဲ့ပါတယ်။
ထပ်မံရေးသားခဲ့သော စာအုပ်များ
၁၈၈၆ မှာ လီယိုတော်(လ်)စတွိုင်းရေးသားခဲ့တဲ့ ဝတ္ထုတိုဖြစ်တဲ့ "The Death of Ivan Ilyich" ဟာ အတော်အောင်မြင်ခဲ့ပါတယ်။ ၁၈၉၈ ခုနှစ်မှာ "Father Sergius" ကိုရေးသားခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ "Resurrection" ကိုရေးသားခဲ့ပါတယ်။ အနုပညာ အက်ဆေးများကိုလည်းရေးသားခဲ့ပြီး "The Living Corpse" ဆိုတဲ့ စာအုပ်ကို ၁၈၉၀ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ ၁၉၀၄ ခုနှစ်မှာရေးသားခဲ့တဲ့ "Hadji-Murad" ဆိုတဲ့ ဝတ္ထုတိုကတော့ သူကွယ်လွန်ပြီးမှ ထွက်ရှိလာခဲ့ပါတယ်။
ဘဝနိဂုံး
လီယိုတော်(လ်)စတွိုင်းဟာ မဟတ္တမဂန္ဓီကို အားကျ ယုံကြည်သူပါ။ နိုင်ငံတကာက ပေးအပ်ခဲ့တဲ့ ဆုပေါင်းများစွာကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။ ၁၉၁၀ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ လူကသာ မရှိတော့ပေမယ့် သူရေးသားခဲ့တဲ့ ၊ ဖန်တီးခဲ့တဲ့ စာပေတွေဟာ ယနေ့ ကမ္ဘာ့စာပေလောကမှာ အထင်ကရအဖြစ်နဲ့ ရှင်သန်သက်ဝင်နေဆဲဖြစ်ပါတယ်။ အထူးသဖြင့် ဂန္ဓဝင်ဖြစ်ခဲ့တဲ့ “War and Peace” ဟာ ထပ်ခါထပ်ခါ ပုံနှိပ်ထုတ်ဝေလျက်ရှိပြီး အောင်မြင် ကျော်ကြားနေဆဲလည်းဖြစ်ပါတယ်။
မောင်တင်
Ref; http://www.biography.com/people/leo-tolstoy-9508518

Comments
Post a Comment