ဂီတလမ်းကို ဖောက်ခဲ့သူတစ်ယောက် (သို့) သမိုင်းတွင်သည့် နိုဘယ်(လ်)ဆုရှင် Bob Dylan
ငယ်ဘဝ
တေးရေးဆရာ၊ အဆိုတော်၊ အနုပညာရှင်နှင့် စာရေးဆရာဖြစ်သူ ဘော့ဒိုင်လန်ကို ၁၉၄၁ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်း မင်နယ်ဆိုတာ ပြည်နယ်၊ ဒလု မြို့မှာ မွေးဖွားခဲ့ပါတယ်။ အမည်ရင်းကတော့ ရော့ဘတ်အလန် ဇင်မာမန်း ဖြစ်ပါတယ်။ ရော့(ခ်) ဂီတကြယ်ပွင့် အဲဗစ်ပလပ်စလေ၊ ဂျယ်ရီ လီး လူးဝစ်(စ်) တို့အပြင် သူ့ရဲ့ ငယ်ဘ၀ စန္ဒယား ဆရာရစ်ချက်တို့ရဲ့ လွှမ်းမိုးမှုကြောင့် ရော့(ခ်)ဂီတအပေါ်ရူးသွပ်လာခဲ့သူဖြစ်ပါတယ်။ အဲဒီအချက်ကပဲ ဝါသနာတူတွေစုပြီး တီးဝိုင်းလေးဖွဲ့ဖို့တွန်းအားပေးခဲ့ပါတယ်။ ၁၉၅၉ ခုနှစ်၊ မင်နယ်ဆိုတာတက္ကသိုလ် မှာ ပညာသင်ကြား နေစဉ်အတွင်းမှာတော့ ရိုးရာတေးသီချင်းတွေနဲ့ အမေရိကန်ကျေးလက်တေး သီချင်းတွေကို သီဆိုခဲ့ပါတယ်။
ဂီလောက တစ်ပိုင်းတစ
၁၉၆၀ခုနှစ်အရောက်မှာတော့ ဘော့ဒိုင်လန်ဟာ ပညာရေးတစ်ပိုင်းတစနဲ့ပဲ မင်နယ်ဆိုတာ ကောလိပ်ကနေ ထွက်ပြီး နယူးယောက်ကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ အဲဒီမှာပဲ သူ့ရဲ့ ရှေ့ဆောင်လမ်းပြ လို့သတ်မှတ်ထားသူဖြစ်တဲ့ ဝူဒီ ဂူသရီး ဟာ အာရုံကြောရောဂါနဲ့ ဆေးရုံတက် နေတာဖြစ်တဲ့ အတွက် ဘော့ဟာ ဆေးရုံကို ပုံမှန်သွားတွေ့ရင်းကနေ ကျေးလက် တေးဂီတ အဖွဲ့တွေနဲ့ ရင်းနှီး ကျွမ်းဝင်ခဲ့ပါတယ်။ အဲဒီနောက်မှာ တခြားသော ဂီတပညာရှင်များနဲ့ တွေ့ဆုံသိကျွမ်းလာတာကစလို့ သီချင်းများစတင်ရေးသားလာခြင်းကနေ ဂီတလောကထဲကို ဝင်ရောက်လာခဲ့ပါတယ်။ ဘော့ ပထမဆုံး ရေးတဲ့သီချင်းကတော့ နာမကျန်းဖြစ်နေတဲ့ သူ့ ရဲ့ စံပြ အဆိုတော်ဖြစ်သူ ကိုချီးကျူးဂုဏ်ပြု ရေးပေးခဲ့သော သီချင်းဖြစ်ပြီး သီချင်းနာမည်ကို Song to Woody လို့အမည်ပေးခဲ့ပါတယ်။ ၁၉၆၁ ခုနှစ် အကုန်ပိုင်းကာလ တွေကတော့ သူ့ဘဝရဲ့ အလှည့်အပြောင်းကာလတွေလို့ဆိုရမှာပါ။ ဘာကြောင့်လည်းဆိုတော့ နာမည် ကျော် နယူးယောက်တိုင်း(မ်) သတင်းစာက ဘော့ဒိုင်လန်ကို ဆိုးဆိုးရွားရွား ဝေဖန်ရေးသား ခဲ့တဲ့အတွက်ပဲဖြစ်ပါတယ် ။ ဒါပေမယ့်လည်း သူဟာ ကိုလန်ဘီယာ တေးထုတ်လုပ်ရေးနဲ့ စာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ သူ့ရဲ့ မိသားစုနာမည်ကို ဒိုင်လန်လို့ တရားဝင်ပြောင်းလည်း သတ်မှတ်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် အစောပိုင်း မှာ ထွက်ရှိခဲ့တဲ့ ဘော့ဒိုင်လန်ရဲ့ ပထမဆုံး အယ်(လ်)ဘမ်မှာတော့ ကိုယ်တိုင်ရေး သီချင်း နှစ်ပုဒ်သာ ပါဝင်လာခဲ့ပေမယ့် သူ့ရဲ့ ထူးခြားတဲ့ ရှတတ အသံနဲ့ သီဆိုဟန်ရယ် ပြန်ဆိုတေး သီဆိုရာမှာ ကောင်းမွန် တာတွေကြောင့် အောင်မြင်မှုကို စတင်ရရှိလာခဲ့ပါတယ်။ ၁၉၆၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Freewheelin' Bob Dylan လို့အမည်ပေးခဲ့တဲ့ တေး အယ်(လ်)ဘမ် မှာတော့ သူများနဲ့မတူတဲ့ ထူးခြားသော အသံပိုင်ရှင်ဆိုပြီး အမေရိကန် ခေတ်ပေါ် တေးဂီတ သမိုင်းမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပါတယ်။
ဂီတတော်လှန်ရေး
၁၉၆၅ ခုနှစ်အရောက်မှာတော့ ဘော့ရဲ့ ကျေးလက်တေးဂီတ အမာခံပရိတ်သတ်တွေအတွက် မကျေနပ်စရာ တွေနဲ့ ကြုံလာခဲ့ရပါတယ်။ ဘာလဲဆိုတော့ သူဟာ acoustic တေးဂီတ နဲ့ electronic တေးဂီတ ပေါင်းစပ် သီဆိုထားတဲ့ တေးအယ်(လ်)ဘမ်ဖြစ်တဲ့ Bringing It All Back Home ကို ဖြန့်ချီလိုက်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ အံ့အားသင့်ဖွယ်ရာတစ်ခုကတော့ ၁၉၆၅ ခုနှစ် ဂျူလိုင် ၂၅ ရက်နေ့မှာ ကျင်းပတဲ့ ကျေးလက်တေးဂီတပွဲတော်မှာ သူ့ရဲ့ electronic တေးဂီတကို စတင်သီဆိုခဲ့ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Highway 61 Revisited (1965) နဲ့ Blone and Blone (1966) တို့ကို ဆက်လက် ဖြန့်ချီခဲ့ပါတယ်။ ဘော့ဒိုင်လန်ဟာ ရှေးရိုး တေးဂီတကနေ ခေတ်သစ်တေးဂီတဘကို ကူးပြောင်းခဲ့သူ လို့ ပြောရင်မမှားပါဘူး။ သူ့ရဲ့ ထူးခြားတဲ့ သီဆိုဟန်နဲ့မမေ့နိုင်ဖွယ် သီချင်းစာသားတွေက တစ်ကမ္ဘာလုံးက တေးဂီတ ချစ်မြတ်နိုးသူတွေနဲ့ စာပေချစ်မြတ်နိုးသူတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ ဒိုင်လန်ဟာ ဆိုင်ကယ် အက်စီးဒင့် တစ်ခုဖြစ်ခဲ့ပြီး သေမလိုတောင် ဖြစ်ခဲ့ပါတယ်။ ကျန်းမာရေးပြန်လည်ကောင်းမွန် လာဖို့ အချိန်များစွာယူခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ နောက်ထပ် တေးအယ်(လ်)ဘမ် နှစ်ခုဖြစ် တဲ့ဲ John Wesley Harding(1968) နဲ့ Nashville Skyline (1969) တို့ကို ဆက်လက်ဖြန့်ချီ ခဲ့ပါတယ်။ ဝေဖန်ရေးဆရာတွေက ၁၉၇၀ မှာဖြန့်ချီခဲ့တဲ့ Self-Portrait တေးအယ်(လ်)ဘမ် နဲ့ Tarantula ဆိုတဲ့ စာအုပ်ကို ပြင်းပြင်းထန်ထန်ကို ဝေဖန်မှတ်ချက်ပြုခဲ့ကြပါတယ်။ အားပေးမှုကိုလည်း နည်းပါးစွာပဲ ရရှိခဲ့ရပါတယ်။ ၁၉၇၃ ခုနှစ်မှာတော့ ဘော့ဒိုင်လန်ဟာ Pat Garrat and Billy The Kid ရုပ်ရှင်မှာ ပါဝင်ခဲ့ ပြီး ရုပ်ရှင်ရဲ့ နောက်ခံ တေးဂီတပိုင်းကို တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ အဆိုပါဇာတ်ဝင်တေး Knockin on Heaven’s Door ဟာ လူကြိုက်များခဲ့ပြီး ယနေ့အချိန်ထိ ဂန္ဓဝင် တေးသီချင်း တစ်ပုဒ်အနေနဲ့ သတ်မှတ်ထားကြပါတယ်။
ရော့(ခ်)စတားကြီးရဲ့ ဂီတခရီး
၁၉၈၀ ခုနှစ်ဝန်းကျင်တွေမှာတော့ ဘော့ဒိုင်လန်ဟာ ကမ္ဘာအနှံ့ကို လှည့်လည်ဖျော်ဖြေခဲ့ ပါတယ်။ အဲဒီအတောအတွင်းမှာ ထွက်ရှိခဲ့တဲ့ တေးအယ်(လ်)ဘမ်တွေကတော့ Infidels (1983) the five-disc retrospective Biograph (1985) Knocked Out Loaded (1986) နဲ့ Oh Mercy (1989) တို့ပဲ ဖြစ်ပါတယ်။ အတော် လေးကို အောင်မြင်ခဲ့ပြီး လူကြိုက်များခဲ့ပါတယ်။ ၁၉၉၄ အရောက်မှာတော့ သူရဲ့ ကျေးလက်တေးသီချင်းအယ်(လ်)ဘမ်ဖြစ်တဲ့ World Gone Wrong နဲ့ အကောင်းဆုံး တေးအယ်(လ်)ဘမ် ဂရမ်မီဆုရရှိခဲ့ ပါတယ်။ ၁၉၉၇ ခုနှစ်မှာလည်း ကနေဒီစင်တာက ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဆုကို လက်ခံ ရရှိခဲ့ပါတယ်။ အဆိုပါဆုဟာ အနုပညာရှင်အတွက် နိုင်ငံတော်ကပေးအပ်တဲ့ အမြင့်ဆုံးဆုပဲဖြစ်ပါတယ်။ အဲဒီနှစ်မှာပဲ ဖြန့်ချီခဲ့တဲ့ Time Out Of Mind အယ်(လ်)ဘမ်နဲ့လည်း ဂရမ်မီဆု ထပ်မံဆွတ်ခူးခဲ့ပြန်ပါတယ်။ ၂၀၀၀ ပြည့်နှစ်အရောက်မှာတော့ The Wonder Boy ရုပ်ရှင်ထဲက ဇာတ်ဝင်တေးသီချင်း Things Have Changed နဲ့အကောင်းဆုံးမူရင်းတေးသီချင်း အကယ်ဒမီဆု ရရှိခဲ့ပါတယ်။ ၂၀၀၄ အကုန်ပိုင်းလောက်မှာ Chronicles : Volume One ဆိုတဲ့ စာအုပ်ကို ဖြန့်ချီခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာတော့ သူ့ဘဝအကြောင်း ရုပ်ရှင်ဖြစ်တဲ့ No Direction Home; Bob Dylan ကို ရိုက်ကူးဖြန့်ချီခဲ့ပါတယ်။
မဆုံးသေးသော ခရီးလမ်း
ဘော့ဒိုင်လန်ရဲ့ထပ်မံထွက်ရှိခဲ့တဲ့ တေးအယ်(လ်)ဘမ်များကတော့
Modern Time (2006)
Togther Through Life In April (2009)
The Witmark Demos (2010)
Bob Dylan in Concert - Brandeis University 1963 (2011)
Tempest (2012)
Shadows in Night (cover album) (2015)
Fallen Angels (2016) တို့ပဲဖြစ်ပါတယ်။
အဲဒီအပြင် ဘော့ဒိုင်လန်ဟာ ၂၀၁၁ ခုနှစ်တုန်းက ဒိန်းမတ် အမျိုးသား ပန်းချီပြခန်းမှာ တစ်ကိုယ်တော် ပန်းချီပြပွဲပြုလုပ်ခဲ့ပြီး သူရေးဆွဲခဲ့တဲ့ ပန်းချီကားပေါင်း လေးဆယ်ကျော်ကို ပြသခဲ့ပါတယ်။
နိုဘယ်(လ်)ဆုရှင်
၂၀၁၂ ခုနှစ်မှာ အမေရိကန်သမ္မ အိုဘားမားရဲ့ ချီးကျူးဂုဏ်ပြုဆုကို ရရှိထားတဲ့ ဘော့ဒိုင်လန်ဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၁၃)ရက်နေ့ မှာ စာပေဆိုင်ရာ နိုဘယ်(လ်)ဆု ပေးအပ်ချီးမြှင့် ခြင်း ခံခဲ့ရပါတယ်။ နိုဘယ်(လ်)ဆု သမိုင်းမှာ ဂီတပညာရှင်တစ်ယောက်ကို ပထမဆုံး ပေးအပ်ချီးမြှင့်ခြင်းလည်း ဖြစ်ပါတယ်။ အကယ်များ ဘော့ဒိုင်လန်ဟာ တေးဂီတဖန်တီးသီဆိုသူတစ်ယောက် မဖြစ်ခဲ့ဘူးဆိုရင် ပန်းချီ အနုပညာရှင် တစ်ယောက်ဖြစ်လာမှာပါ။ သူ့ရဲ့ ပြောင်မြောက်လှတဲ့ ပန်းချီလက်ရာတွေကို သူ့ရဲ့ တေးအယ်(လ်)ဘမ်တွေဖြစ်ခဲ့တဲ့ Self Portrait (1970) နဲ့ Planet Waves (1974) ကာဗာများ မှာ ကြည့်ရှုနိုင်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ပန်းချီလက်ရာများကို စာအုပ်ခြောက်အုပ် ရေးဆွဲကာ တစ်ကမ္ဘာလုံးကို ဖြန့်ချီပြီးလည်းဖြစ်ပါတယ်။
မောင်တင်
Ref; http_www.biography.com_people_bob_dylan_9283052.pdf
(Academic weekly Education Journal 15.11.2016)
Comments
Post a Comment