တောင်နှင့်လူသား
တောင်နှင့်လူသား တောင်မြင့်မားက လူသားကိုဆီးကြည့်သတည်း။ တောင်မြင့်မားကို လူသားပြန်မော့ကြည့်သတည်း။ တောင်မြင့်မားက လူသားငယ်ငယ်၊ ခန့်မထယ်မို့ ရယ်သွမ်းသွေးလို၊ လှောင်သလိုပင် အိုဘယ့်လူသား၊ သင်ကများ ငါ့အားယှဉ်ပြိုင်၊ ရင်ဆိုင်အန်တု ဘယ်သို့ပြု ဟု ခုပင်မေးတော့မယောင်ယောင်။ ဟုတ်ပါလေရဲ့ ပေပေါင်းသောင်းကျော်၊ မိုးသို့မျှော်သည် မော်နိုင်ပါပေ့ တောင်မြင့်မား။ မှန်ပါလေရဲ့ ခြောက်ပေအရွယ်၊ ဂုဏ်မထယ်သည် သိမ်ငယ်ပါပေ့ အိုလူသား။ သို့သော်လူသား၊ စိတ်အင်အားသည် မြင့်မားတောင်ထက်၊ သာလွန်လျက်တည့်။ သို့သော်လူသား၊ ဆန္ဒများသည် မြင့်မားတောင်ထက်၊ သာလွန်လျက်တည့်။ လူသားစွမ်းထက်၊ မျှော်လင့်ချက်သည် တောင်ထက်မြင့်မားနေသတည်း။ လူသားအားတက်၊ ယုံကြည်ချက်သည် တောင်ထက်မြင့်မားနေသတည်း။ သည်နောက်တွင်ကား၊ ထိုလူသားသည် စွမ်းအားကိုဆင်၊ ခြေလှမ်းပြင်၍ လျင်လျင်သွက်သွက်၊ မှန်မှန်တက်ခဲ့ ခက်ခဲအန္တရယ်၊ အသွယ်သွယ်ကို ကာကွယ်အသင့်၊ ဉာဏ်ဖြင့်ချင့်ခဲ့ မိုးနှင့်မုန်တိုင်း၊ ပိတ်ဆို့ရိုင်းပင်း တိုက်ခိုက်ခြင်းကို၊ အလျှင်းမဖြုန် သူမတုန်သော်၊ မာန်ဟုန်တောင်ထွတ် ဦးလည်ညွတ်ခ၊ ဝပ်တွားရပြီ လောကအောင်ပွဲပေတကား။ (မောင်မြင့်မြတ်)